မာဒူရို အား ဖမ်းဆီးခေါ်ဆောင်သွားသည့် နေ့မှာပင် ပူပူနွေးနွေး ပေးပို့လိုက်သော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယို ၏ သဝဏ်လွှာကို မင်းအောင်လှိုင် နှင့် အဖွဲ့ ဖင်ပြန် ခေါင်းပြန် ဖတ်ပြီး အဓိပ္ပါယ် ဖွင့်ဆိုနေကြပေတော့မည်။
"ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကျင်းပနေကြသည့် မြန်မာပြည်သူများနှင့်အတူ အမေရိကန်ပြည်ထောင်စုက တစ်သားတည်းရှိနေကြောင်း တစ်ဖန်ပြန်လည် အတည်ပြုပြောကြားလိုပါသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် ငြိမ်းချမ်း၍ တရားမျှတပြီး သာယာဝပြောသော အနာဂတ်ကို ဖော်ဆောင်လိုသည့် မြန်မာပြည်သူများ၏ စိတ်ပိုင်းဖြတ်မှုနှင့် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်ကူညီ ပံ့ပိုးပေးသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်ရှိအကျပ်အတည်းများအပေါ် အမေရိကန်ပြည်ထောင်စုက အထူးစိုးရိမ်ပူပန်မိပါသည်။ အကြမ်းဖက်မှုများကို ရပ်တန့်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုရန်၊ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများကို ပြန်လွှတ်ပေးရန်နှင့် အကျပ်အတည်းများကို ရေရှည်တည်တံ့သော နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဆုံးသတ်နိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် စစ်အုပ်စုအား ကျွန်ုပ်တို့ တိုက်တွန်းနှိုးဆော်ပါသည်။
ဤအချက်များသည် လုံခြုံစိတ်ချရပြီး သာယာဝပြောသော အင်ဒို-ပစိဖိတ် ဒေသကြီး ဖြစ်ပေါ်လာစေရန်အတွက် အခြေခံအကျဆုံး လိုအပ်ချက်များပင် ဖြစ်သည် ဟု ပါရှိလာသည်။
အဆိုပါ ကြေညာချက်တွင် ၎င်းတို့ လိုချင်ဆုံးသော ရွေးကောက်ပွဲ နှင့် ပတ်သက်ပြီး တလုံးတပါဒ မျှ မပါဝင်၊ အမေရိကန်၏ သဘောထားသည် အသိအမှတ်လည်း မပြု၊ လုပ်ခဲ့ပြီးပြီ ဆိုသည် ကိုပင် ရည်ညွန်းခဲ့ခြင်း မရှိပေ။
အထူးသဖြင့် နောက်ဆုံး အပိုဒ် ကို ၎င်းတို့အတွက် အထူးစိုးရိမ်စရာ ဖြစ်လာရသည်။
ထရမ့်သည် ဗင်နီဇွဲလား၏ ရေနံသိုက်ကြီးကို မျက်စိ ကျနေသလို မြန်မာရှိ ရှားပါး မြေသား သတ္တုများ တရုတ် တဦးတည်း မောင်ပိုင် စီးနေမှု ကို မည်သို့မျှ မခံစားနိုင် ဖြစ် နေ၍ မည်သို့ လုပ်ရမည် ဆိုသည်ကိုပင် ဒုသမ္မတ ဂျေဒီ ဗန့်စ် က ကျွမ်းကျင်သူများ ခေါ်ယူ ဆွေးနွေး ခဲ့ပြီး ဖြစ်သည်။ မရှေးမ နှောင်းမှာပင် ငွေလိမ်ဂိုဏ်း တိုက်ဖျက် ရေး အထူး တပ်ဖွဲ့ကို လူသိရှင်ကြား ဖွဲ့စည်း ပေးလာခဲ့သည်။
ယခုထိလည်း ထိုင်းနယ်စပ်ရှိ ငွေလိမ်ဂိုဏ်းများသည် ကွေး သွားယုံသာ ရှိပြီး လုံးဝ ကျိုးပဲ့သွားခြင်း မရှိသေးပေ။ ခေါင်းဆောင်များကို စစ်တပ် နှင့် ပူးပေါင်းနေသော လက်နက်ကိုင် အဖွဲ့များက လွတ်ရာ ကျွတ်ရာ သို့ ခေါ်ထုတ်သွားသည် ဆိုသည်ကို ထိုင်းဖက်ရှိ အက်ဖ်ဘီအိုင် မှ မသိဘဲ နေမည် မဟုတ်။
မင်းအောင်လှိုင်သည် အမေရိကန်မှ ၎င်းအပေါ် ဖိအားပေးမှုများကို မာဒူရိုပုံစံသို့ တဖြည်းဖြည်း တိုးမြှင့်လာနေသည် ဟု ယူဆနေပြီ ဖြစ်သည်။ သို့သော် လုံးဝဥဿုံ မာဒူရိုကဲ့သို့ ဖြစ်လာရန်မှာမူ NUG ကို တရားဝင် အသိအမှတ်ပြုမှု နှင့် တရားဥပဒေအရ ဝရမ်းထုတ်မှု စသည့် အဆင့်များအထိ မရောက်သေး သရွေ့ စိတ်ချရသည်ဟု အချင်းချင်း ကျောသပ်ရင်သပ် လုပ်နေကြလောက် ပေပြီ။
သို့သော် တဖက်တွင် ခေါင်းဝါကြီး ကို မလုပ်လောက် ဟု ကြိမ်း သေ ပေါက် တွက်ဆ၍ မရပြန်၊ လုပ်လာပြီ ဆိုက မည်သို့မျှ အလျော့ပေးလာ၍ ရတော့မည် မဟုတ်။
ထရမ့်ကလည်း ၎င်းလိုချင်တာ မရက NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုပြီး ဒေါ်လာ တစ် ဘီလီယံ အပါအဝင် အခြား စစ်အုပ်စု၏ ပြည်ပပိုင်ဆိုင်မှုများကို NUG ထံ လွှဲပြောင်းပေးမည်ဟု အကျပ်ကိုင် နိုင်ခွင့် ရှိနေသည်။
သို့သော် မင်းအောင်လှိုင် အဖို့က တရုတ် ကို ခြေစုံကန်ပြီး အမေရိကန် နှင့် ပူးပေါင်းဖို့ကို မည်သို့မျှ စွန့်စားရဲမည် မဟုတ်ပေ။
တိုင်ဝမ်နှင့် ပတ်သက်ပြီး အမေရိကန် နှင့် တရုတ် တို့ စစ်ဖြစ်လာမည် ဆိုက နိုင်ငံတွင်းရှိ တရုတ် ရေနံပိုက်လိုင်းများ အရင်ဆုံး ဗုံးကြဲ တိုက်ခိုက်ခံရဖို့ ရှိနေသည်။ ယင်းနှင့် အတူ မြန်မာ သည် စစ်တလင်း အဖြစ် နေ့ချင်ညချင်း ဆိုသလို ကူးပြောင်းသွားနိုင်ပေသည်။
ထိုသို့ ဖြစ်လာ၍ ၎င်းအဖို့ အချိန်မီ မပြေး နိုင်က နယူးယောက်သို့ ရောက်မည် မဟုတ်တော့ပဲ အိုင်စီစီ တွင် ဒူတာတေး နှင့် ပင် တခန်းတည်း အတူနေရသည့် ဘဝ ရောက်သွား နိုင်ပေသည်။
စတာလင် လက်သစ် ရှီကျင့်ဖင်သည် တိုင်ဝမ်ကို ၂၀၂၇ တွင် သိမ်းနိုင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။ ဆရာသမား ဖြစ်သူ၏ လုပ်ရပ်သည် ၎င်းတို့အား အကြီးအကျယ် ထိခိုက် လာနိုင်သည် မဟုတ်ပါလား။
မြန်မာ ပြည်သူများကတော့ နိုင်ငံ လွတ်လပ်ရေးရလာသည်မှာ ၇၈ နှစ် ရှိလာခဲ့ပြီ ဖြစ်သော်လည်း လွတ်လပ်ရေး ဆိုသည့် အရသာ ကို ခံစားခွင့် ကွယ်ပျောက်နေသည်မှာ ကြာမြင်လှပြီ ဖြစ်နေရသည့် အပြင် တရုတ်မှ တဖြေးဖြေး အုပ်စိုး လာနေမှု အပေါ် ရတက် မအေး ဖြစ်နေရ လေပြီ။
လွတ်လပ်ရေး ရဖို့ ဒုတိယ အကြိမ် တိုက်ပွဲ ဝင်နေရသည့် အဖြစ်ကိုလည်း မတွေးမိဘဲ နေကြလိမ့်မည်ကား မဟုတ်ပေ။
ပြည်သူ တို့၏ တရားသော စစ် မုချ အောင်ရမည်!!!