ဗင်နီဇွဲလား သမ္မတ နှင့် ဇနီး ဖြစ်သူအား လွန်စွာ လုံခြုံစိတ်ချရသည့် အိမ်ကြီး တအိမ်မှ အမေရိကန် အထူး တပ်ဖွဲ့များက အာရုဏ် မကျင်းမီ ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပုံသည် မြန်ဆန်လွန်းလှသဖြင့် မာဒူရို ကိုယ်တိုင်ပင် အနီးရှိ ဖောက်ခွဲ ဖျက်ဆီး၍ မရ အောင် တည်ဆောက်ထားသည့် သံမဏိ တံခါးကြီး နောက်ကွယ် အခန်း အတွင်းသ်ို့ ဝင်ပြေးရန် အချိန်ပင် မရ တော့။
ထိုဖြစ်ရပ်ကို ကြည့်၍ မြန်မာ ပြည်သူများကလည်း မိမိတို့ အပေါ် နိုင်လို မင်းထက် အကြမ်းဖက် အုပ်ချုပ် စော်ကား နေသော မင်းအောင်လှိုင်အား လည်း ထိုအတိုင်း မြင်တွေ့လိုကြသည်မှာလည်း လွန်စွာ သဘာဝ ကျလှပေသည်။
လက်ရှိတွင်တော့ မာဒူရို နှင့် ဇနီးသည် စီလီယာ ဖလိုးရက်စ် အမေရိကန် စစ်သင်္ဘောကြီး U.S.S Iwo Jima ဖြင့် စနေနေ့ ညပိုင်းတွင် နယူးယောက်သို့ ရောက်ရှိလာပြီ ဖြစ်ပြီး ဘရွတ်ကလင်း ရှိ မြို့တော် အချုပ်ခန်း အတွင်း စံမြန်းနေရရှာပြီ ဖြစ်သည်။ တနင်္လာနေ့ မနက် ဂရင်း ဂျုရီ ရှေ့မှောက်တွင် မူးယစ်ဆေးဝါး ကုန်ကူးမှု ဖြင့် တရားဝင် တရားစွဲဆို ခံရဖို့ရှိ နေပြီး လက်ရှိတွင် နယူးယောက် ရဲအဖွဲ့မှ လက်ဗွေနှိပ်၊ DNA ရယူခြင်း၊ နံပတ်ပြားကိုင်ကာ ရှေ့တည့်တည့်၊ ကိုယ်တစောင်း ဓါတ်ပုံ အရိုက်ခံရခြင်း အစရှိသည့် အကျဉ်းသား မှတ်ပုံတင်ခြင်း များ လုပ်နေရပြီ ဖြစ်သည်။
မာဒူရို အဖို့ သူ့နိုင်ငံ အတွင်း ဘာဖြစ်ကျန်ခဲ့သည်၊ ရှေ့ဆက် ဘယ်လို စခန်းသွားမည် ဆိုသည်ကို တစွန်းတစမျှပင် သိခွင့်မရတော့၊ ထိုအကြောင်းကို သိနိုင်သူ၊ ဗင်နီဇွဲလား ကံကြမ္မာ ကို အဆုံးအဖြတ် ပေးမည့်သူက ဒေါ်နယ် ထရမ့် ပင် ဖြစ်သည်။
ထိုအဖြေကို ဒေါ်နယ် ထရမ့်က သတင်းစာ ရှင်းလင်းပွဲ တွင် ယခုလို ပြောဆိုသွားခဲ့သည်။ "ဘေးကင်းပြီး၊ သင့်လျော် လျှောက်ပတ်စွာ၊ ချင့်ချိန်မျှတသည့်" အာဏာလွှဲပြောင်းမှုတစ်ခုကို မစီစဉ်နိုင်မချင်း အမေရိကန်ပြည်ထောင်စုအနေဖြင့် ထိုနိုင်ငံကို "စီမံခန့်ခွဲသွားမည်" ဟု ပြောကြားခဲ့သည်။ ၎င်း၏ ပြောဆိုချက်မှာ ကာလသတ်မှတ်ချက်မရှိသည့် စစ်ရေးအရ ပါဝင်ပတ်သက်မှုများ ဖြစ်လာနိုင်ခြေ ရှိနေသည်။ အမေရိကန်တပ်ဖွဲ့ဝင်များက ထိုနိုင်ငံကို သိမ်းပိုက်ထားမည်လား ဆိုသည်ကိုမူ ၎င်းက အတိအကျ ထည့်သွင်းပြောကြားခြင်း မရှိသော်လည်း "မြေပြင်တပ်ဖွဲ့များ စေလွှတ်ရန်" မကြောက်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။
၎င်း၏ စကားများထဲတွင် ဒီမိုကရေစီ အကြောင်း တစွန်းတစမျှ မပါသော်လည်း အမေရိကန် တို့ အကျိုးအမြတ် ထွက်စေမည့် ရေနံ သဘောတူညီချက်များ ရရှိလာမည်ဟု ဆိုသည်။
ဝမ်းသာ၍ မှ မပြီးသေး ထရမ့်၏ အပြောကြောင့် ဗင်နီဇွဲလား အများစု ဒေါသ အမျက်ချောင်းချောင်း ထွက်ကုန်ကြပြီး ၎င်းတို့ နိုင်ငံအား အီရတ်လို လုပ်လာကြပြီဟု ပြောလာကြသည်။ အီရတ်လို ဝမ်းသာ ရွှင်မြူးနေကြသော လူအုပ်ကြီး ကို လမ်းပေါ်တွင် မတွေ့ရပဲ မြို့တော် ကာရာကပ်စ် သည် ခြောက်ကပ် တိတ်ဆိတ်နေသည်။
ဤသည်ကလည်း ၂၀၂၄ တွင် ပြည်သူများ ရွေးချယ် တင်မြှောက်ခဲ့သည့် နိုဘဲ ငြိမ်းချမ်းရေး ဆုရှင် အတိုက်အခံ ခေါင်းဆောင် မာရီယာ ကော်နီကာ မာချာဒို၏ အခန်းကဏ္ဍ ပျောက်ကွယ် နေ၍ ဖြစ်သည်၊ သူမသည် ခေါင်းဆောင် တဦး ဖြစ်လာဖို့ လွန်စွာ ခက်ခဲနေဆဲ ဖြစ်သည်ဟု ထရမ့်က ပြောလာခဲ့သည်။ ထရမ့် ၏ စကားကို ကြားရ၍ မိုင်ယာမီ တွင် အောင်ပွဲခံနေကြသော ဗင်နီ ဇွဲလားတို့ ကိုယ့်နားကို ကိုယ် မယုံနိုင်လောက်အောင် ကြက် သေ သေသွားခဲ့ကြရသည်။ လက်ရှိ ယာယီ သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုလာသည့် ဒုသမ္မတ မစ္စက် ဒဲလ်စီ ရိုဒရီဂွက်စ် နှင့် လုပ်ကိုင်သွားဖို့ ရည်ရွယ်နေ၍ ဖြစ်သည်။ သို့သော် သူမသည် ဒေါ်နယ်ထရမ့် လုပ်သမျှ ကို ခေါင်းငုံ့ခံနေမည် မဟုတ် ဆိုကာ ဆန့်ကျင်လာနေပြီ ဖြစ်သည်။
ဗင်နီဇွဲလားနိုင်ငံသည် "မည်သည့် နိုင်ငံ၏ ကိုလိုနီမျှ ဖြစ်လာမည်မဟုတ်" ဟု ဆိုကာ "ဗင်နီဇွဲလားအပေါ် လုပ်ဆောင်နေသည့် လုပ်ရပ်များသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်နေသော ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ် တစ်ခုသာ ဖြစ်သည်" ဟု ပြောကြားခဲ့ပြီး မာဒူရိုကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
သို့သော် ကာလီဖိုနီယား ပြည်နယ်၏ နှစ်ဆခန့်ကျယ်သော ဗင်နီဇွဲလားရှိ အမေရိကန် ရုပ်သေး အစိုးရကို ပံ့ပိုးပေးဖို့ စစ်အင်အား လုံလောက်စွာ ချထားနိုင်မည် မဟုတ်ဟု လေ့လာသူများက သုံးသပ်နေသည်။
ထရမ့်က ၁၉ ရာစု နှစ်ကတည်းက ချမှတ်ထားသော မိမိတို့ အိမ်နီးချင်းခြံစည်းရိုး အနောက်ကမ္ဘာခြမ်း ဖြစ်သော လက်တင် အမေရိကား တွင် မည်သည့် အင်အားစု ကိုမျှ ခြေချခွင့် မပြုဟူသော မွန်ရိုး မူဝါဒ ကို ပြန်လည် ဆန်းသစ်လာပြီး စီးပွားရေး သက်သက် အမြတ်ထုတ် နိုင်မည့် ဒွန်ရိုး မူဝါဒ ဟု ထရမ့်က ခေါ်ဝေါ် သုံးနှုန်းလာခဲ့သည်။
ဒွန်ရိုး ဝါဒ အရ "အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့အကြီးဆုံး ရေနံသိုက် များ ပိုင်ဆိုင်ထားသည့် နိုင်ငံကို 'စီမံအုပ်ချုပ်' သွားမည်ဖြစ်ပြီး လိုအပ်ပါက မြေပြင်တပ်ဖွဲ့များပါ စေလွှတ်သွားမည်ဖြစ်သည်။ အမေရိကန်ကုမ္ပဏီများသည် အမေရိကန်ပြည်သူများနှင့် ဗင်နီဇွဲလားပြည်သူ နှစ်ရပ်လုံး ချမ်းသာကြွယ်ဝစေရန်ဟူသော အစီအစဉ်ဖြင့် 'အလွန်အမင်း များပြားလှသော ဓနဥစ္စာများ' ကို ထုတ်ယူသွားမည်ဖြစ်သည်။
ထရမ့်က ဗင်နီဇွဲလား ရှိ နိုင်ငံ ရေး နှင့် စစ်ဖက် ပုဂ္ဂိုလ်များ အနေဖြင့် ယင်းကို ဆန့်ကျင်လာမည် ဆိုက မာဒူရို လို ဖြစ်သွားမည်ဟု ပြောခဲ့ပြန်သည်။
ထရန့်၏ "Boots on the ground" နှင့် "Run the country" ဟူသော စကားလုံးများသည် ၂၀ ရာစု အာဏာရှင်များ သုံးစွဲခဲ့သည့် "အင်အားကြီးသူက အနိုင်ယူစတမ်း" ဆိုသည့် အယူအဆ ပြန်လည် ခေါင်းထောင်လာခြင်း ဖြစ်သည်။
ဗင်နီဇွဲလား ပြည်သူများ၏ ဆန္ဒကို ဆန့်ကျင်ပြီး လောဘဇော တိုက်လာမည် ဆိုက အမေရိကန် အနေဖြင့် ပိုမို ခက်ခဲပြီး ကြီးမားသော တုံ့ပြန်မှုများ နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။