အတွေးစများကို ဆန့်ထုတ်ခြင်း (၆)

by Hla Soewai - Aug 22 2020

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ၏ ရွေးကောက်ပွဲ မတိုင်မီ နောက်ဆုံးညှစ်အား အဖြစ် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရန် လုံးပမ်းလာသည့် ပင်လုံညီလာခံကြီးက ပြီးစီးသွားခဲ့ပေပြီ။ ထွက်ပေါ်လာသည့် တခုတည်းသော အကျိုးအမြတ်မှာ ဓမ္မတရား လက်ကိုင်ထားသူများ နှင့် အဓမ္မ ဝါဒီများအား ကွဲပြား သွားအောင် လူထု အား ချပြ နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ထို့အပြင် ညီလာခံကြီး တွင် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်များ အကြား အာဏာ ခွဲဝေကျင့်သုံးရေး အပါအဝင် မူအားဖြင့် သဘောတူညီမှု အချက် (၂၀) ထိ ရရှိလာခဲ့၍လည်း အားတက်လာကြသည်။ ဤသည်ကပင် ဖွဲ့စည်းပုံ ကို မဖြစ်မနေ ပြင်ဆင်ပေးရမည်အထိ လမ်းပွင့်လာခဲ့သည့် အတွက် ယင်းနှင့်အတူ အဓမ္မဝါဒီ များမှာ တနေ့တွင် ကွယ်ပျောက်သွားကြရမည် ဖြစ်ပြီး ငြိမ်းချမ်းရေး ရရှိအောင် ဆက်လက် ကြိုးပမ်းသွားရမည်က မိမိတို့ အရေးသာ ဖြစ်သည်ဟု ခံယူချက်များ ထွက်ပေါ်လာခဲ့သည်။


လက်ရှိ အစိုးရသည် တိုင်းပြည်၏တာဝန်ကို စပြီးယူစဉ်ကပင် ငြိမ်းချမ်းရေး အတွက် ဒုတိယ ပင်လုံညီလာခံ ဟု ခေါင်းစဉ်တပ်ကာ တစိုက်မတ်မတ် ကြိုးပမ်းလာခဲ့သည်ကို ရွေးကောက်ပွဲ အတွက် နာမည်ကောင်း ယူသည်ဟုပင် သွယ်ဝိုက် စွပ်စွဲလာသည့် အထိပင်။ ထိုသူတို့ အဖို့က ငြိမ်းချမ်းရေး လိုချင်လျှင် လက်နက်ကို စွန့်၍ မိမိတို့ အလိုကို လိုက်ရမည် ဆိုသော အယူအဆလောက်နှင့်သာ ကြိုးပမ်းလိုကြသူများ ဖြစ်သည်။


ထိုသို့သော အယူအဆများနှင့် ငြိမ်းချမ်းရေး စကားကို သုံးကာ ဖေါက်လွဲဖေါက်ပြန် လုပ်နေကြသည့် အဖြစ်ကို ပြည်သူများက ကကြီးမှအစ အ အဆုံး နောကြေအောင် သိလာကြပြီလည်း ဖြစ်သည်။


ရွေးကောက်ပွဲ နီးလာသည်နှင့် အမျှ အဓမ္မဝါဒီ တို့၏ ကိုယ့်လိပ်ပြာ ကိုယ်မရှက် သွေးရူးသွေးတန်း လှုပ်ရှားမှုများမှာ ပြင်းထန်လာခဲ့ပေ၏။ သူရူးတယောက်၏ ပါးစပ်ကိုပင် ငှားကာ ပြောဆိုသည့်အထိ ဖြစ်လာခဲ့ကြီး ၎င်းတို့ပါးစပ်က ထွက်လာသော အသံများကို လူထု အသံဟု ထင်ယောင်ထင်မှား ဖြစ်အောင် ကြွေးကြော်လာကြသည်။ ငွေကုန်ကြေးကျ ခံလာကြသည်။


လက်ရှိ အစိုးရသည် ပြည်သူများ၏ ဆန္ဒ ဖြင့် အုပ်ချုပ်နေခြင်း ဖြစ်ပြီး အစိုးရ နှင့် ပြည်သူများ အကြား ကြိုက်တာလည်း ရှိမည်၊ မကြိုက်တာလည်း ရှိမည် ဖြစ်၍ အငြင်းပွားကြ၊ ဝေဖန်ကြ တာမျိုး က မလွှဲမသွေ ရှိကြမည်သာ ဖြစ်သည်။ အိမ်တအိမ်တွင်ပင် မိသားစု အချင်းချင်း ကတောက်ကဆ ဖြစ်ကြစမြဲပင် မဟုတ်ပါလော။


သို့သော် ထိုအရေး ကို ကြည့်၍ လက်ရှိ အစိုးရတော့ လူကြိုက်နည်းလာပြီ ဟု လက်ခမောင်းခတ်ကာ ပါတီများ သူ့ထက်ငှာ အပြိုင် ထူထောင်လာကြသည်။ အာဏာကို လက်ဝါးချင်း ရိုက်၍ အချောင်ဝင်ဆွဲ ရန် ကြံလာကြတော့သည်။ သို့သော် တကယ်တမ်းတွင် ပြည်သူများက ထိုသူများသည် မိမိတို့ နိုင်ငံအား အရှေ့တောင်အာရှတွင် လူမမာကြီး အဖြစ် ရောက်အောင် တွန်းပို့ခဲ့ကြသဖြင့် ၎င်းတို့ ရွံရှာမုန်းတီးနေခဲ့ကြသည့် စစ်အာဏာရှင်စနစ် အောက်သို့ နောက်တကြိမ် ကျရောက်ရန် တွန်းပို့လာနေကြပြီ ဖြစ်သည်ကို မျက်ဝါးထင်ထင် တွေ့မြင်လာကြရသည့် အခါတွင် တော့ ကျောချင်းကပ် စည်းလုံးလာခဲ့ကြသည်။ ၎င်းတို့၏ အမြီးအမောက် မတည့်သည့် ရှေ့နောက်မညီသော စကားများကို နားမထောင်ကြတော့။


ထိုအခါတွင် ၎င်းတို့ ၏ ဗာရာဏသီချဲ့ကာ စိတ်ကူးယဉ်ခဲ့ကြသည့် သဲပုံရဲတိုက်ကြီးများ ပြိုလဲ ကျဆင်းလာနေသည့် အဖြစ် ကို သဘောပေါက်လာကြ၍ အဓမ္မဝါဒီများကိုပင် ဗြောင်ကျကျ အကူအညီ တောင်းလာကြရသည့် အခြေထိ ဆိုက်ရောက်သွားခဲ့ရပေသည်။ ၎င်းတို့၏ နဂိုမူလ အကြံအစည်ကပင်လျှင် အဓမ္မဝါဒီ တို့ ၏ ခြေသလုံးကိုဖက်ကာ လိုချင်တာ မှန်သမျှ တောင်းယူ၍ ရသည်ဟုပင် စိတ်ကူးယဉ်နေခဲ့ကြသည် မဟုတ်ပါလော။


လူဆိုသည်က ကြိုက်သလို စိတ်ကူးယဉ်နိုင်ခွင့် ရှိသည်။ မိမိတို့၏ အတွေးများကို မိုးကုပ်စက်ဝိုင်းအထိပင် ဆန့်ထုတ်၍ ရသည်။ သို့သော် လက်ရှိ အခြေအနေ ကို ကောင်းစွာ နားလည် နှံ့စပ်ခြင်း ရှိရမည် ဖြစ်သည့်အပြင် သမိုင်းကြောင်းကိုလည်း ကျေညက်စွာ နားလည် ထားမှသာ ဖြစ်ပေမည်။ ထိုသို့ မဟုတ်က မိမိတို့ လူတစုနှင့် တပါတီ အကျိုး အတွက် လိမ်ညာ လှည့်ဖျားသလို ဖြစ်လာပေမည်။


အထက်တွင် ဆိုခဲ့သလို အာဏာရှင်များ၏ အကြံဉာဏ်များ အမိန့်ဩဇာများကို ဗြောင်ကျကျ အားကိုးလာသူများ အထဲတွင် ပြည်သူများကို ရှေ့ဆောင်လမ်းပြ လုပ်ပါမည် ဟု ကြွေးကြော်ထားသော ပါတီ ပင် ထိပ်ဆုံးက ပါလာခဲ့သည်ကို တအံ့တဩ တွေ့ခဲ့ကြရသည်။ ပါတီ ခေါင်းဆောင် ကို အသာထားဘိဦး၊ ထိုပါတီကြီး၏ နောက်လိုက်များ အဖြစ် စည်းရုံးခံခဲ့ကြရသော ပညာတတ် ဆိုသူများ၏ နိုင်ငံရေး ရေချိန်ကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရပြီး သူတို့ သွားမည့် လမ်းကြောင်း အဖြစ် ထိုသို့ ဆုံးဖြတ်ခဲ့ကြသည်အလား၊ ၎င်းတို့ ပါတီ၏ ဆောင်ပုဒ်သည် စင်္ကာပူ ၏ အာဏာရ ပါတီကြီး နှင့် သွားတူနေသည့် အဖြစ်ကိုပင် မသိခဲ့ကြသည့် အထိ နိုင်ငံရေး ဝမ်းစာချို့တဲ့ နေကြသည့် အဖြစ်ကိုပင် တအံ့တဩတွေ့ရှိခဲ့ကြသည်။


စီးပွားရေး သမားများကလည်း ပါတီ ခေါင်းဆောင် ဆိုသူကို လူထုကြိုက်လောက်သည့် အဆင့် ရှိသည်ဆိုကာ ပူးကပ်လာကြသည်။ မြေတောင် မြှောက်ပေးကြသည်။ အရည်အချင်း မရှိမှန်း သိသိကြီးနှင့် အားလုံးက လူထုကို နားလှည့်ပါးရိုက် လုပ်၍ရလောက်သည်ဟု အထင်သေး အမြင်သေးခဲ့ကြခြင်းသာ ဖြစ်သည်။


ယခုအခါ တိုင်းရင်းသား အားလုံးသည် မိမိတို့ အပေါ် ကျရောက်လာလတံ့သော အန္တရာယ်ကြီး မည်မျှအထိ နီးကပ်နေပြီ ဆိုသည်ကို ကောင်းစွာ သဘောပေါက်လာခဲ့ကြပြီ ဖြစ်ရာ မိမိတို့ နေထိုင်ရာ မြို့ရွာ ပတ်ဝန်းကျင်ထက် တမျိုးသားလုံး၏ ရှေ့ရေးကို မျှော်ကြည့်ရကောင်းမှန်း သိလာကြပြီလည်း ဖြစ်သည်။