ကြေမွ သွားခဲ့ရသော တရုတ်ပြည်၏ အိမ်မက်များ(4)

by Hla Soewai - Jan 05 2026

၁၉၇၉ တွင် တိန့်ရှောင့်ဖိန်သည် "ပြုပြင်ပြောင်းလဲရေး နှင့် တံခါးဖွင့် ဝါဒ" ကို စတင် ကျင့်သုံးလာချိန်တွင် တရုတ်သည် ရာစုနှစ် နှင့် ချီ၍ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရသည့် ဘဝ မှ ချမ်းသာ ကြွယ်ဝ‌ ‌ပြီး အင်အား တောင့်တင်းသော နိုင်ငံ ဖြစ်ရန် ဆိုသည့် ၎င်းတို့၏ အိမ်မက်များ အကောင်အထည် ဖေါ်နိုင်မည့် အခွင့်အရေး ကို ရရှိလာခဲ့ကြသည်။ ၎င်းတို့ အရှက်တကွဲ အကျိုးနည်း အနှိမ်ခံရသည့် ကာလ အပိုင်းအခြား ဆိုသည် ကိုလည်း ၁၈၃၉ တွင် စတင်ခဲ့သော ပထမ ဘိန်းစစ်ပွဲ မှသည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ထူထောင်နိုင်ခဲ့သည့် ၁၉၄၉ ခုနှစ် အထိ ဟူ၍ ခံယူထားကြသည်။

 

စီးပွားရေးအရ ကြည့်လျှင် တရုတ်နိုင်ငံသည် လျင်မြန်သော ခေတ်မီတိုးတက်ရေး လုပ်ငန်းစဉ်ကို စတင်ရန်အတွက် လူဦးရေ အရင်းအမြစ်၊ မူဝါဒ ပိုင်း အစရှိသည့် အဆင်ပြေချောမွေ့သော ဖွဲ့စည်းပုံဆိုင်ရာ အခြေအနေကောင်းများကို ပိုင်ဆိုင်ထားခဲ့သည်။ တရုတ်၏ နိုင်ငံတော် ဆိုရှယ်လစ်စနစ် သည် ဆိုဗီယက် ယူနီယံလို အမြစ်တွယ်မှု အားမကောင်းသေးဘဲ ထိန်းချုပ် ထားနိုင်မှု တွင်လည်း အားပျော့နေဆဲ ဖြစ်သည်။

 

နိုင်ငံသား အများစုသည် အစိုးရ၏ စွမ်းဆောင်မှု ချို့တဲ့နေ သော ကျေးလက်တောရွာ များတွင်သာ နေထိုင်နေကြသည်။ အကယ်၍သာ CCP သည်သာ စီးပွားရေး လွတ်လပ်ခွင့်ကို လျော့ပေါ့ပေးနိုင်ခဲ့မည် ဆိုလျင် ကွန်မြူနစ် ဝါဒ ဖြင့် ဖိနှိပ်ခံထားရသော ကုန်ထုတ်စွမ်းအားကို ထုတ်နှုတ်အသုံးချ နိုင်မည် ဖြစ်သည်။ ဒေသအလိုက် ကွဲပြားခြားနားသော အခြေအနေများကြောင့် နိုင်ငံတော်အနေဖြင့် စမ်းသပ်မှုများ၊ တီထွင်ဆန်းသစ်မှုများနှင့် ပုဂ္ဂလိက စီးပွားဦးဆောင်မှုဆိုင်ရာ အလားအလာကောင်းများ ပိုမိုရရှိစေမည့် ဗဟိုချုပ်ကိုင်မှု လျှော့ချထားသော စနစ်တစ်ခုကို ခွင့်ပြုပေးရန် ဖိအားပေးခြင်း ခံခဲ့ရသည်။

 

လူဦးရေ အချိုးအစားအရ လည်း ကျန်းမာ သန်စွမ်းသော အလုပ်သမား များ ဒု နှင့် ဒေး ရှိနေပြီ ဖြစ်၍ ၎င်းတို့၏ စွမ်းအားကို ပိုမို အသုံးချနိုင်မည့် ပေါ်လစီ များ ချမှတ် ကျင့်သုံးမည်ဆိုက အကျိုးအမြတ် များစွာ ရရှိလာနိုင်သည်ကိုလည်း မျက်စိပွင့် နားပွင့် ဖြစ်လာခဲ့သည်။ ပထဝီ အနေအထားအရလည်း ကမ္ဘာတွင် စီးပွားရေး အရ အရှိန်အဟုန် ကောင်းနေသည့် အရှေ့အာရှ တွင် ရှိနေပြန်သည်။ အာရှ၏ စီးပွားရေး ဂုရု ကြီး ဖြစ်သည့် ဂျပန်ထံမှ ကုန်သွယ်ရေး နှင့် ရင်းနှီး မြုပ်နှံမှု ပိုင်းအရလည်း အကျိုး အမြတ်များ ဖြစ်ထွန်းလာပေဦးမည်။ ထို့ပြင် အာရှ၏ ကျားပေါက်လေးများ ဖြစ်သော တိုင်ဝမ်၊ တောင်ကိုရီယား၊ စင်္ကာပူ၊ ဟောင်ကောင်တို့ထံမှလည်း ဖွံဖြိုးတိုးတက်အောင် လုပ်ခဲ့သည့် အတွေ့အကြုံများလည်း ရရှိနိုင်ပေသည်။ ထို ကျားပေါက်လေးကောင်သည် ဂလိုဘယ်လိုက်ဇေးရှင်း၏ အသီးအပွင့် များကို စားသုံးနိုင်ခဲ့ကြသူများ လည်း ဖြစ်နေသည်။

 

ဘူမိနိုင်ငံရေး ပိုင်းတွင်လည်း တရုတ်သည် ၁၉၇၀ ကျော် နှစ်များ အကုန်ပိုင်း၌ အနောက်အုပ်စု၏ စစ်အေး တိုက်ပွဲ ကြီးတွင် မဟာမိတ်တဦး အဖြစ် မဟာဗျူဟာ ကျသည့် အနေအထားမှ ပါဝင်လာခဲ့သည်။ အနောက်နိုင်ငံများကလည်း တရုတ်၏ ခေတ်မီ တိုးတက်ရေး ကို ကြိုးပမ်းမှု များကို ထောက်ခံခြင်းသည်သာ ၎င်းတို့၏ လုံခြုံရေး အကျိုးစီးပွားကို အကျိုးရှိရာ ရှိကြောင်း ဖြစ်လာမည်ဟု ခံယူလာခဲ့ကြသည်။

 

မော် ခေတ် အလွန် တရုတ်ပြည် စီးပွားရေး ကြွတက်လာဖို့ လိုအပ်ချက်များ ပြည့်စုံလာသော်ငြားလည်း နိုင်ငံရေး ပိုင်းတွင် လွတ်လပ်ခွင့် နှင့် ဒီမိုကရေစီ ဖြစ်ထွန်းလာနိုင်ရေး အတွက် လိုအပ်သည့် အ‌ ခြေခံများက အနှုတ် လက္ခဏာ ပြနေဆဲ ဖြစ်သည်။ ဝါဒရေးရာ ပိုင်းအရ မော် ၏ ယဉ်ကျေးမှု တော်လှန်ရေး ကြောင် ကပ်ဆိုက်ခဲ့ရသည်ကို ကြည့်ပြီး မော် အတွေးအခေါ်များကို အယုံအကြည် မဲ့လာကြသည်။ ယင်းနှင့် အတူ ပါတီ ၏ တရုတ် လူ့အဖွဲ့အစည်း အပေါ် ချုပ်ကိုင်ထားနိုင်မှုသည်လည်း အားပျော့လာခဲ့ရသည်။ 

 

ထို အနေအထားသည် တိန့်ရှောင်ဖိန်အား ဈေးကွက် လိုလားသော မူဝါဒ များကို ချမှတ်ဖို့ လှုံ့ဆော်ပေးသလို ဖြစ်ခဲ့ရသည်။ သို့သော်လည်း အစစ်အမှန် နိုင်ငံရေး လွတ်လပ်ခွင့် နှင့် ဒီမိုကရေစီ ဖြစ်ထွန်းလာရေး တို့ အတွက် လိုအပ်သည့် အခြေခံ အချက်အလက် အများစု မှာမူ မရှိသလောက်ပင် ဖြစ်နေသည်။ သို့မဟုတ်ကလည်း အခြေအနေ မပေးသည့် အနေအထားတွင် ရှိနေခဲ့သည်။

 

တရုတ် ခေါင်း‌ ဆောင်များ အဓိက အားဖြင့် တိန့်ရှောင့်ဖိန် နှင့် ၎င်း၏ ပြိုင်ဖက် ရှေးရိုးစွဲ အမြင် ရှိသူ ချန် ယွန် တို့မှ CCP ၏ အုပ်ချုပ်ရေး ကို ပြုပြင် ထိန်းသိမ်းသွားနိုင်ရန် လက်တွေကျသော စီးပွားရေး မူဝါဒ ကို မဟာဗျုဟာ မြောက်စွာ ရွေးချယ် နိုင်ခဲ့ကြသည်။ သို့သော် ၎င်းတို့သည် ဒီမိုကရေစီ ဖြစ်ထွန်းရေး ကို မဆိုထားဘိ နိုင်ငံရေးအရ ဖြေလျော့ခွင့် ပေးရန် ကိုပင် ရန်လိုသော သဘောထားများ ဖြင့် ရှုမြင်ခဲ့ကြသည်၊ ၁၉၈၀ ကျော် နှစ်များ အတွင်း ပါတီ၏ ချုပ်ကိုင်ထားနိုင်မှု ကို ခြိမ်းခြောက်လာသည့် အလားအလာများ မှန်သမျှ ကို ရှေ့သို့ တိုးမလာနိုင်အောင် အခါအားလျှော်စွာ နှိပ်ကွပ် ဖြိုခွင်းခဲ့ကြသည်။

 

ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များထဲတွင် လစ်ဘရယ် ပြုပြင် ပြောင်းလဲရေး သမားများ ရှိနေသော်လည်း ၎င်းတို့အားလုံးတွင် ပို၍ ပွင့်လင်းမြင်သာမှု ရှိအောင် တွန်းတွန်း တိုက်တိုက် လုပ်နိုင်သည့် အခွင့်အာဏာများ မရှိ ဖြစ်နေကြသည်။

 

ထိပ်ပိုင်းတွင် ထိုသို့ အာဏာချိန်ခွင်လျှာ မညီမမျှ ဖြစ်နေခြင်းကြောင့် အုပ်ချုပ်သူများဖက်က ပိုမို ပွင့်လင်းသော လူ့ အဖွဲ့အစည်း သို့ ကူးပြောင်းနိုင်မည့် အလားအလာ မရှိ ဖြစ်နေသည်။ လူ့အဖွဲ့အစည်း ဝင်များသည်လည်း နှစ် သုံးဆယ် လုံးလုံး အကြွင်းမဲ့ အာဏာရှင် စနစ် အောက်တွင် နေခဲ့ရသည့် ဆိုးမွေကြောင့် လုပ်နိုင်စွမ်းလည်း ကွယ်ပျောက်နေခဲ့ရသည်။

 

လူ့သမိုင်း တလျောက် အာဏာရှင် စနစ် တွင် အပြင်းထန် ဆုံး ဖြစ်သည့် အကြွင်းမဲ့ အာဏာရှင် သည် ပါတီ-နိုင်ငံတော် ဆိုသည် အောက်တွင် အာဏာ နှင့် အရင်းအမြစ်များ အားလုံးကို စုစည်း ချုပ်ကိုင်ထားပြီး ၎င်းတို့၏ အုပ်ချုပ်ရေး ကို ခြိမ်းခြောက်လာနိုင်သည့် အလားအလာ မှန်သမျှ ကို ဖယ်ရှားပစ်သည့် စနစ်မျိုး ဖြစ်သည်။

 

အကြွင်းမဲ့ အာဏာရှင် အစိုးရများသည် တော်လှန်ရေး ဖြင့် ပေါက်ဖွားလာခဲ့သော်လည်း အာဏာအရပ်ရပ်ကို အလုံးစုံ ချုပ်ကိုင်ထားနိုင်ရေး အတွက် ၎င်းတို့ ဆက်လက်ရှင်သန် ရပ်တည်ရေး ကို ခြိမ်းခြောက်လာနိုင်သည်ဟု ယူဆသော လူမှု အင်အားစု မှန်သမျှကို ရက်ရက်စက်စက် နှိမ်နှင်း ဖျက်ဆီးပစ်ခဲ့ကြသည်။ ထို့အတွက် သီးခြား ရပ်တည်လာသော လူမှုရေး အသင်းအဖွဲ့များ၊ ဘာသာရေး အဖွဲ့အစည်းများ၊ စီးပွားရေး အသင်းများကိုပင် ၎င်းတို့ လက်အောက်တွင် ဖွဲ့စည်းခွင့် မပေးခဲ့ကြခြင်းလည်း ဖြစ်သည်။

 

ပုဂ္ဂလိက ကဏ္ဍအားလည်း တင်းကျပ်စွာ ထိန်းချုပ်ထားခြင်း၊ သို့်မဟုတ် က နာဇီ ဂျာမဏီ မှာ ကဲ့သို့ ၎င်းတို့ကို အလုပ်အကျွေး ပြု သော ကုမ္ပဏီ မျိုးကိုသာ ခွင့်ပြုပေးခြင်း၊ ကွန်မြူနစ် အာဏာရှင် ဆိုက လုံးဝ ပိတ်ပင် ပြစ်ခြင်း မျိုးသာ ရှိသည်။

 

တရုတ်တွင် လူမှု အင်အားစုများသည် နိုင်ငံရေး စနစ် ကို လွတ်လပ်ခွင့် ပေးရန် CCP အား ဖိအားပေးနိုင်သည် အထိ အင်အား မ‌ရှိ ဖြစ်နေ၍ နိုင်ငံရေး အရ အရေးပါ အရာရောက်သည့် အဆင့်အထိ ဖြစ်မလာခဲ့ပေ။ စီးပွားရေး တိုးတက် ဖွံ့ဖြိုးလာမှု ကြောင့် အင်အား ကောင်းလာခဲ့လျှင်ပင် တရုတ်အစိုးရမှ ၎င်းတို့အား စစ်မှန်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီး ထိရောက်သော အဖွဲ့အစည်း ဖြစ်မလာအောင် တားဆီးပိတ်ပင်ထားခဲ့သည်။

 

ထိုသို့သော နည်းလမ်းများဖြင့် အာဏာကို လက်ဝါးကြီးအုပ် ထားနိုင်ခဲ့သဖြင့် ပါတီသည် အတွင်း အပြင် မှ တကယ်တမ်း ခြိမ်းခြောက်လာမှု များ မှ ကာကွယ်နိုင်ခဲ့သည်။ မော် ခေတ် အလွန် အုပ်ချုပ်လာသူ များမှ စီးပွား‌ ရေး ကို ပြုပြင် ပြောင်းလဲရန် ဆုံးဖြတ်လိုက်ကြခြင်း ကြောင့် အရေးပါ‌ဆုံး ထွက်ပေါ်လာသည့် အကျိုးဆက်သည်ကား အကြွင်းမဲ့ အာဏာရှင် စနစ် ၏ အဆောက်အအုံးများကို ပုံမပျက် ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

 

ရှေးရိုးစွဲ ကွန်မြူနစ် အ‌တွေးအခေါ် များ လူကြိုက်နည်း လာခြင်းနှင့် စီးပွားရေး အား ပါတီ၏ ထိန်းချုပ်ထားမှု ယို့ယွင်း တိုက်စားခံလာရခြင်းမှ လွဲ၍ မော် ခေတ် အလွန် အကြွင်းမဲ့ အာဏာရှင် စနစ်၏ ကျန်အစိတ်အပိုင်းများ အားလုံး ကို အရာမယွင်း ဆက်၍ ရှိနေခဲ့သည်။ သို့‌ သော် တိန့်ရှောင်ဖိန် နှင့် ကျန် ခေါင်းဆောင်များသည် မော် ကဲ့သို့ ပုဂ္ဂိုလ်မျိုး ထပ်မံပေါ်လာပြီး ပါတီအား အကြောက်တရား လွှမ်းမိုးစေပြီး ကိုယ့်မင်း ကိုယ်ချင်း အုပ်ချုပ်လာမည့် ပုံစံမျိုး ထပ်မံ မပေါ်ပေါက်ရေးကို သေချာသည်ထက် သေချာစေရန် အရံအတားများကို တည်ဆောက်လာခဲ့ကြသည်။

 

ကံမကောင်း အကြောင်းမလှခဲ့သည်က ၁၉၈၀ ကျော် နှစ်များ အတွင်း ပြဋ္ဌာန်းပေးလာသည့် ပါတီ ခေါင်းဆောင်ပိုင်း၏ သက်တမ်း နှင့် ပါတီဝင်များ၏ အခွင့်အရေး ကို ကာကွယ် စောင့်ရှောက်ပေးခြင်းတို့ နှင့် ပတ်သက်သည့် သီးခြား အစီအမံများသည် ကျဉ်းမြောင်းလွန်သည့် အပြင် ဝေဝါးမှု များ ရှိနေခဲ့ခြင်းပင် ဖြစ်သည်။ ဥပမာ အားဖြင့် ပေါ်လစ်ဗျူရို အဖွဲ့ဝင်များ၊ ပါတီ အထွေထွေ အတွင်းရေး မှုး ၏ အသက်ကန့်သတ်ချက် များ တွင် ဖြစ်သည်။

 

အာဏာရှင် တို့ အုပ်ချုပ်မှု အတွင်း စည်းမျဉ်း နှင့် စံနှုန်းများအား လိုက်နာအောင် ဆောင်ရွက်နိုင်စွမ်း မရှိခဲ့မှု နှင့် ဒီမိုကရေစီ ဖြစ်ထွန်းလာရေး အပေါ် တရုတ် ခေါင်းဆောင်များ၏ ဆန့်ကျင်နေခဲ့မှု များ နှင့် လွတ်လပ်သည့် တရားရုံး၊ သတင်းစာနယ်ဇင်း နှင့် မဲဆန္ဒရှင်များဖက်မှ ဥပဒေ စိုးမိုးရေး ကို ဝင်ရောက်စွက်ဖက်ခွင့် မရှိခဲ့ခြင်းများကြောင့် တိန့်ရှောင်ဖိန်သည် အကြွင်းမဲ့ အာဏာရှင် ခေတ် ပြန်မရောက်အောင် ကာကွယ်နိုင်စွမ်း မရှိ ဖြစ်လာခဲ့ရခြင်းပင် ဖြစ်သည်။

 

ပါတီ နှင့် တရုတ်ပြည် အတွက် ကံကောင်းသွားခဲ့ရသည်က ၁၉၇၉ နှင့် ၂၀၁၂ အကြား ကာလများ အတွင်း ခေါင်းဆောင်များ၊ အုပ်စုများ အချင်းချင်း ယှဉ်ပြိုင်နေမှုများကြောင့် အာဏာချိန်ခွင်လျှာသည် အလွယ်တကူ ပျက်ပြားသွားနိုင်သည့် အနေအထား ကြောင့် စုပေါင်း ခေါင်းဆောင်မှု ကို ထိန်းသိမ်းထားနိုင်ခဲ့ခြင်း ဖြစ်ပြီး တိန့်ရှောင်ဖိန်၏ လက်တွေ့ကျသော မူဝါဒ များကို ဆက်၍ အကောင်အထည် ဖေါ်လာနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

 

ရှီကျင့်ပင် မတိုင်မီ ကာလ များ အတွင်း အကြွင်းမဲ့ အာဏာရှင် စနစ်သည် မလှုပ်မယှက် ငြိမ်သက်စွာ လဲလျောင်းနေခြင်းသာ ဖြစ်သည်ဟု ပြော၍ ရပေသည်။ ပါတီသည် အကြွင်းမဲ့ အာဏာရှင် စနစ် တွင် ရှိလာတတ်သည့် မူဝါဒ များ နှင့် လုပ်ထုံးလုပ်နည်းများကို ရပ်ဆိုင်းထားခြင်း၊ လျော့ချထားခြင်းများ ပြုလုပ်ခဲ့ကြသည့် အပြင် ပို၍ အရေးပါသည့် လူထု အား အကြောက်တရား ဖြင့် အုပ်ချုပ်ခြင်း၊ စီးပွားရေး ကို နိုင်ငံ မှ လုံးဝနီးပါး ထိန်းချုပ်ခြင်းမျိုးကိုလည်း စွန့်လွှတ်ခဲ့သည်။

 

သို့သော်လည်း အကြွင်းမဲ့ အာဏာရှင် စနစ်၏ အခြေခံ အုတ်မြစ်များကိုမူ မပျက်စီးရအောင် ထိန်းသိမ်းထားနေသရွေ့ ထိုစနစ် ပြန်လည် ခေါင်းထောင်လာမည့် အန္တရာယ်သည် အမြဲလို ရှိနေသည်။ ဝါဒ ရေးရာ တွင် ကိုယ်ပိုင် ခံယူချက် ရှိထားပြီး ပုဂ္ဂိုလ် ရေး အရ ရည်မှန်းချက်ကြီးသူ ခေါင်းဆောင်တယောက် ပေါ်လာမည့် အရေးကို လမ်းခင်းပေးထားသလို ဖြစ်နေသည်။ ထိုသို့သော ခေါင်းဆောင်သည် ၎င်း၏ ရည်မှန်းချက်များ နှင့် အကျိုးစီးပွားကို အကြွင်းမဲ့ အာဏာရှင်စနစ်မျိုးကသာ ဖြည့်ဆည်း ပေးနိုင်မည် ဆိုသည်ကို တွေ့လာခဲ့သည်။

 

ထိုအချိန်က ထိုသို့ ဖြစ်လာနိုင်သည်ဟု အများစုက တွေးထင်ထားခြင်း မရှိသော်လည်း ဖြစ်လာနိုင်ခြေများက နီးကပ်စွာ ရှိနေခဲ့သည်။ အကယ်၍ သြဇာကြီးမားသူတစ်ဦးသည် ပါတီအတွင်း အာဏာရရှိလာပါက၊ မိမိကိုယ်ကို မော်စီတုန်းကဲ့သို့ ပုံစံမျိုးဖြစ်အောင် တည်ဆောက်လာမည်ဆိုက ပါတီအတွင်းမှ အမှန်တကယ် ဆန့်ကျင်ကန့်ကွက်မည့်သူ မရှိသလောက်ပင် ဖြစ်လိမ့်မည်။ ထိုအခါ တွင် တော့ ငြိမ်သက်စွာ လဲလျောင်းနေသော အကြွင်းမဲ့ အာဏာရှင် စနစ်ဆိုသည့် သတ္တဝါကြီးကို ပြန်လည် နိုးထလာအောင် လုပ်ပြီး လွယ်လင့်တကူ ပင် ထိန်းသိမ်းထားခဲ့သည့် အင်စတီကျူး ရှင်း များကို အသုံးချ အုပ်ချုပ်သွားယုံသာ ရှိတော့သည်။

 

မလှုပ်မယှက် ငြိမ်သက်စွာ လဲလျောင်းနေသည့် အကြွင်းမဲ့ အာဏာရှင် စနစ် သာမက တိန့်ရှောင်ဖိန် ၏ အာဏာရှင် ပုံစံသစ် ဖွံ့ဖြိုးရေး ဝါဒ ၏ အပြစ်အနာအဆာများ၊ တပါတီ အုပ်ချုပ်ရေး စနစ် အောက်တွင် စီးပွားရေး ခေတ်မီ ဖွံဖြိုးတိုးတက်လာခြင်းတို့သည် အကြွင်းမဲ့ဝါဒ ပြန်လည် ခေါင်းထောင်လာစေသည့် အကြောင်းများပင် ဖြစ်သည်။

 

အာဏာရှင် ပုံစံသစ် ဖွံ့ဖြိုးရေး ဝါဒ သည် အဓိက ထောက်တိုင်ကြီး နှစ်ခု ကို အားပြု တည်ဆောက်ထားခြင်း ပင် ဖြစ်သည်။ စနစ်တကျ စုစည်းလာမည့် ဆန့်ကျင်မှု များ နှင့် အရပ်ဖက် လွတ်လပ်ခွင့် များကို ဖိနှိပ်ထားခြင်း၊ စီးပွားရေး ဖွံ့ဖြိုးလာမှု ကိုသာ အာရုံစူးစိုက်ထားခြင်း တို့ ဖြစ်သည်။ သီအိုရီ သဘောအရ ဆွဲဆောင်စရာ ဖြစ်သော်လည်း လက်တွေ့ တွင်မူ ရေရှည် တည်တံ့ နိုင်ဖို့ ဖြစ်မလာဘဲ အကြွင်းမဲ့ အာဏာရှင် ခေါင်းဆောင်တဦး ပေါ်ပေါက်လာရေး အတွက် နိုင်ငံရေး အရ လမ်းခင်း ပေးဖို့ ဖြစ်လာခဲ့သည်။

 

တဦးတယောက်မှ အာဏာကို အလုံးစုံ ထိန်းချုပ်ထားသည့် စနစ် အောက်တွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာဖို့ ဆိုသည်က ကျော်လွှား၍ မရနိုင်သည့် အတားအဆီး နှစ်ခု နှင့် ရင်ဆိုင်ရလေ့ရှိသည်။ 

 

ပထမဆုံး အတားအဆီးသည်ကား မူပိုင်ခွင့် နှင့် ဈေးကွက် စီးပွားရေး ၏ ဖောင်ဒေးရှင်းများ ဖြစ်သည့် တရားဥပဒေ စိုးမိုးမှု မရှိခြင်းပင် ဖြစ်သည်။ အာဏာရှင် များသည် ၎င်းတို့အား တရားဥပဒေ ဖြင့် ထိန်းချုပ်ခံထားရမည့် အဖြစ်ကို မလိုလားကြသည့်အပြင် ၎င်းတို့၏ အာဏာ တည်မြဲရေး အတွက် ရေတို အကျိုးအမြတ်ကိုသာ ကြည့်တတ်ကြသည်။ နိုင်ငံတော်၏ ဓနဥစ္စာများကို သိမ်းကျုံး ယူငင်ကြခြင်းသည်သာ အာဏာရှင် စနစ်၏ အခြေခံ လက္ခဏာ တရပ် ဖြစ်လာခဲ့သည်။ ထို့အတွက် ရင်းနှီးမြုပ်နှံသူများ၏ ယုံကြည်မှု ကို ထိခိုက်လာခဲ့ရပြီး ထိုနိုင်ငံများ၏ စီးပွားရေး အရ စွမ်းဆောင်လာနိုင်မည့် အလားအလာများကို အလိုလို ကန့်သတ်ပြီးသား ဖြစ်သွားခဲ့သည်။

 

ဒုတိယ အတားအဆီးသည်ကား စီးပွားရေးအား တဝက်တပျက် ပြုပြင်ပြောင်းလဲမှု၏ ထောင်ချောက်ပင် ဖြစ်သည်။ အာဏာရှင် တိုင်းသည် နိုင်ငံရေး အရ တရားဝင် အုပ်ချုပ်ပိုင်ခွင့် ရှိနေသည်ကို ပြသရန် အသည်းအသန် လိုလားနေ၍ စီးပွားရေး အရ တိုးတက်သည် ဆိုသည်ကို ပြလိုကြသည်။

 

စီးပွားရေး ကောင်းမွန်အောင်လုပ်ပြီး နိုင်ငံရေးအရ တရားဝင်မှု ရရန် အသည်းအသန် ကြိုးပမ်းနေရသည့် အာဏာရှင်အစိုးရသည် အစောပိုင်းတွင် ပြင်းထန်သည့် ပြုပြင်ပြောင်းလဲမှု များကို လုပ်ဆောင်ဖို့ ဆန္ဒရှိကြသည်။ သို့သော် ပြုပြင်ပြောင်းလဲမှုများကြောင့် အစောပိုင်း တွင် ရရှိလာသော အောင်မြင်မှုများကြောင့် ၎င်းတို့အဖို့ တရားဝင်မှုကို ခိုင်မာသွားစေခဲ့၍ နောက်ထပ် ပြောင်းလဲမှုများလုပ်ရန် ဖိအားတွေကို လျော့ကျသွားစေခဲ့သဖြင့် နောက်ပိုင်းတွင်တော့ ပိုမိုပြင်းထန်သည့် ပြုပြင်ပြောင်းလဲမှုများ ဆက်လုပ်ဖို့ တွန်းအား လျော့နည်းသွားတတ်သည်။

 

အရေးကြီးသည့် အချက်သည်ကား အာဏာရှင်အုပ်ချုပ်မှုအောက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများသည် ရှေ့တိုးလာလေလေ နိုင်ငံရေးအရ ပိုမိုခက်ခဲလာလေလေ ဖြစ်တတ်ခြင်းပင် ဖြစ်သည်။ အကြောင်းမှာ အခြေခံအကျဆုံးနဲ့ အထိရောက်ဆုံး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ဖို့ဆိုသည် က ဈေးကွက်၏ လည်ပတ်နိုင်စွမ်းကို အပြည့်အဝ အခွင့်အာဏာပေးရမည်ဖြစ်သလို၊ အရင်းအမြစ်များကို ဗဟိုက ချုပ်ကိုင်မထားဘဲ ခွဲဝေပေးရဖို့ ဖြစ်လာသည်။ ထို့အပြင် ယင်းနှင့် အတူ နိုင်ငံတော် သို့မဟုတ် အစိုးရ၏ အာဏာကိုလည်း မဖြစ်မနေ လျှော့ချပစ်ရန် လိုအပ်လာခြင်းကြောင့် ဖြစ်သည်။

 

ပြည့်စုံသည့် ဈေးကွက်ပြုပြင်ပြောင်းလဲမှုများ ကြောင့် အုပ်ချုပ်သူ လူတန်းစားများသည် ၎င်းတို့၏ အာဏာကိုအသုံးချပြီး စီးပွားရေးအကျိုးအမြတ် ထုတ်ယူနိုင်စွမ်းကို ခြိမ်းခြောက်လာသည့် အခါတွင်‌ တော့ ၊ ထိုသို့ ပြုပြင်ပြောင်းလဲမှုများသည် ၎င်းတို့ အတွက် ဆွဲဆောင်မှု မရှိတော့သလို ဖြစ်လာ၍ ဆက်လက် လုပ်ဆောင်ဖို့ ဝန်လေးလာကြသည်။

 

ထို့အတွက် စဉ်ဆက်မပြတ် တက်ကြွလှုပ်ရှားလာမည့် ဖွံ့ဖြိုးတိုးတက်မှု အစား၊ စီးပွားရေး တုံ့ဆိုင်းမှုကသာ နောက်ဆက်တွဲ ဖြစ်လာဖို့ များလာသည်။