ပြည်သူတို့ ပို၍ ခါးစီး ခံရတော့မည့် သယံဇာတ ကျိန်စာ

by Hla Soewai - Jan 05 2026

စစ်အုပ်စု သည် ၎င်းတို့၏ ပထမအဆင့်ရွေးကောက်ပွဲ အား မဲပေးနိုင်ခွင့် ရှိသူ ၅၂ ရာနှုန်း လာရောက်မဲပေးခဲ့သည်ဟု ပြောဆိုလာသည်။

 

၎င်းတို့အဖို့က ရွေးကောက်ပွဲ ကို အဆင့်လိုက် လုပ်‌ နေခြင်း၊ လုံခြုံရေး အရ စီမံပေးထားခြင်း၊ နိုင်ငံရေး ပါတီများ ပါဝင်ယှဉ်ပြိုင်စေခြင်း များဖြင့် ဒီမိုကရေစီ အတွက် ခြေလှမ်းများ ဖြစ်သည်။ မဲ မပေးသူများသည် ဒီမိုကရေစီ ကို နားမလည် ကြသူများဟု မင်းအောင်လှိုင် ကိုယ်တိုင်ပင် ပြောခဲ့သည်။ 

 

သို့သော် ဒီမိုကရေစီ ၏ အဓိက မှတ်ကျောက် ဖြစ်သည့် နိုင်ငံရေး လွတ်လပ်ခွင့် ဆိုသည်က ပျောက်ကွယ်နေပြီ ဖြစ်သည်။ ပြီးခဲ့သည့် ရွေး‌ ကောက်ပွဲ တွင် ပြတ်ပြတ်သား သား အနိုင်ရခဲ့သည့် ပါတီကြီး၏ ခေါင်း‌ ဆောင်များကို အကျဉ်းချထားခဲ့သည်။ ရွေးကောက်ပွဲကို ဝေဖန် ပြောဆို ခြင်းကို ရာဇဝတ်မှု မြောက်သည်ဆိုကာ ဥပဒေ ထုတ်ပြန်လာပြီး လူ နှစ်ရာကျော် ကို ဖမ်းဆီးပြခဲ့သည်။ 

 

ထိုလုပ်ရပ်များသည် ပြည်သူ့ကိုယ်စားပြုမှုကို ဖော်ဆောင်ပေးသည့် ဒီမိုကရေစီ ယန္တရားတစ်ခု ဖြစ်မလာဘဲ ကြိုတင်စီမံထားသည့် ရလဒ်တစ်ခု ပေါ်ထွက်လာ‌ အောင် သာ ဖန်တီးခဲ့ခြင်း ဖြစ်သည်။

 

အိန္ဒိယ စတိတ်စ်မင်း သတင်းစာ ကြီးက ခြိမ်းခြောက်မှုအောက်တွင် မဲပေးရခြင်းသည် ရွေးချယ်မှုတစ်ခုမဟုတ်ဘဲ လိုက်နာဆောင်ရွက်ရခြင်းသာ ဖြစ်သည်။ အချို့သော နိုင်ငံသားများက မဲပေးရန် တန်းစီနေကြခြင်းသည် ရွေးကောက်ပွဲ၏ တရားဝင်မှုကို သက်သေပြနေခြင်းမဟုတ်ဘဲ အခြေအနေအရ ရှုပ်ထွေးမှုကိုသာ ဖော်ပြနေခြင်းဖြစ်သည်။ နှစ်ရှည်လများဖြစ်ပွားနေသော ပဋိပက္ခများ၊ စီးပွားရေးပြိုလဲမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုတို့က သာမန်ပြည်သူများ အဖို့ အသည်းအသန် ရုန်းကန်လာခဲ့ရသည်။

 

လူအများစုအတွက် မဲတစ်ပြားထည့်ခြင်းသည် ပုံမှန်ဘဝတစ်ခုကို ပြန်လည်ပိုင်ဆိုင်လိုသည့် သေးငယ်သော အားထုတ်မှုတစ်ခု သို့မဟုတ် ကုန်ဈေးနှုန်းများ ကျဆင်းသွားမလား သို့မဟုတ် နေ့စဉ်ဘဝ တိုးတက်လာမလားဟူသော မရေရာလှသည့် မျှော်လင့်ချက်တစ်ခုကို ဆုပ်ကိုင်လာကြခြင်းမျိုးသာ ဖြစ်သည်။ ဤသည်ကို နားလည်ပေး၍ ရနိုင်ပါသည်။ သို့သော် ထိုအချက်များသည် စစ်အုပ်စုမှ ၎င်းတို့အား ဆန့်ကျင်လာနိုင်သည်များကို ဖယ်ထုတ်ရန် ရည်ရွယ်ချက်ရှိရှိ ပုံ ဖော်ထားသည့် လုပ်ငန်းစဉ်တစ်ခုကိုကား ပြန်လည်ပြုပြင်ပေးနိုင်မည်မဟုတ်ပေ ဟု ရေးသားထားသည်။

 

ထိုသို့သော အနေအထား တွင် ၎င်းတို့ အလို ကျ ပါတီကြီးသာ ၉၀ ရာနှုန်း ကျော် အနိုင်ရသွားသည့် ရွေးကောက်ပွဲ မျိုးကို လွတ်လပ်၍ တရားမျှတ ပါသည် ဟု ထင်မြင်ချက် ပေးလာမည် ဆိုက ရူးသွပ် ခြင်း သက်သက်သာ ဖြစ်သည်။

 

သတင်းစာ က ဆက်လက်ရေးသားရာတွင် လူထု လိုလားသော နိုဘဲလ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ ၏ လူထုထောက်ခံမှုရရှိထားသည့် နိုင်ငံရေးအင်အားစုကို ဘေးဖယ်ထားပြီး၊ နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်ကိုလည်း လျစ်လျူရှုထားသော ရွေးကောက်ပွဲသည် အုပ်ချုပ်ရေးယန္တရားတစ်ခုကို ဖော်ဆောင်ပေးနိုင်ကောင်း ပေးနိုင်လိမ့်မည်ဖြစ်သော်လည်း လူထုက လက်ခံအသိအမှတ်ပြုသည့် အုပ်ချုပ်ပိုင်ခွင့် ကိုတော့ ရရှိလိမ့်မည် မဟုတ်။

 

ဤမဲပေးပွဲသည် အနာဂတ်ကို ရွေးချယ်ခြင်းထက် လက်ရှိအခြေအနေကို အသေ ဆုတ်ကိုင်ထားနိုင်ဖို့သာ ဖြစ်ပေလိမ့်မည်။ တွေ့ဆုံဆွေးနွေးမှုများ၊ အပစ်အခတ်ရပ်စဲမှုများနှင့် နိုင်ငံရေးလွတ်လပ်ခွင့်များ ပြန်လည်ရရှိအောင် မဆောင်ရွက်နိုင်ပါက မြန်မာ့ရွေးကောက်ပွဲသည် စစ်အုပ်ချုပ်ရေးကို ပုံမှန်အခြေအနေတစ်ရပ်အဖြစ် အသွင်ပြောင်းလဲရန် ကြိုးပမ်းသည့် နောက်ထပ်မှတ်တိုင်တစ်ခု ဖြစ်သွားနိုင်သည့် အန္တရာယ်ရှိနေသည်ဟု ဆိုသည်။

 

ရွေးကောက်ပွဲ ဖြင့် နိုင်ငံ၏ ဆိုးရွားနေသော စီးပွားရေး အခြေအနေများကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ဟု ဟောင်ကောင် ထုတ် South China Morning Post သတင်းစာ က သုံးသပ်ထားသည်။

 

စစ်အုပ်စု သည် ငွေအမြန်ပေါ်သည့် ရှားပါးမြေသား သတ္တု များ နှင့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများမှ လိုအပ်သည်များ ရယူနေပြီး၊ အာရှတွင် ငွေဖေါင်းပွမှု အမြင့်ဆုံး ဖြစ်လာနေပြီး ဓါတ်အား ပြတ်တောက်မှု များ နှင့် ရင်ဆိုင်နေရသည်။

 

အာရှ ဖွံ့ဖြိုးရေး ဘဏ်က ယခုနှစ်တွင် တိုးတက်မှု နှုန်းသည် ၃ ရာနှုန်း အနှုတ်လက္ခဏာ ပြနိုင်သည်ဟု ခန့်မှန်းထားသည်။

 

ဩစတေးလျှ ရှိ Curtin တက္ကသိုလ်မှ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းဌာန၏ တွဲဖက် ပါမောက္ခ ဒေါ်ထွေးထွေးသိန်း က ယင်းသည် စီးပွားရေးလောကတွင် ပုံမှန်ဖြစ်လေ့ရှိသော အကျဘက်သို့ ဦးတည်ခြင်း မျိုး မဟုတ်ဘဲ အခြေခံကစပြီး တစစီ ပြိုကွဲခြင်း မျိုး ဖြစ်သည်ဟု ဆိုသည်။

 

လုံခြုံမှု ကင်းမဲ့ပြီး စီးပွားရေးကျပ်တည်းမှုများကြောင့် လုပ်ကိုင်နိုင်စွမ်းရှိသည့် လုပ်သားထုမှာ ပြည်ပသို့ ထွက်ခွာသွားကြပြီဖြစ်သည်၊ ဘဏ္ဍာရေးစနစ်သည်လည်း ယုံကြည်စိတ်ချရမှု ကင်းမဲ့နေပြီး တရားဝင်စီးပွားရေးကဏ္ဍ၏ နေရာတွင် ရာဇဝတ်ဂိုဏ်းများက အစားထိုးဝင်ရောက်လာနေကြသည်ဟုလည်း ပြောခဲ့သည်။

 

မတ်လအတွင်း လှုပ်ခတ်ခဲ့သော စစ်ကိုင်း ငလျင်ကြီးသည် နိုင်ငံတဝှမ်းရှိ အိမ်ထောင်စုပေါင်း ၁၆ ရာနှုန်း နှင့် ငလျင်ကြော နှင့် ကပ်နေသော အိမ်ထောင်စု ၆၀ ရာနှုန်း ကို ထိခိုက်သွားသဖြင့် အ‌ခြေအနေများ ပို၍ ဆိုးလာခဲ့သည်ဟု ကမ္ဘာဘဏ် ၏ လေးလ တကြိမ် အစီရင်ခံစာ တွင် ပါရှိလာသည်။

 

လျှပ်စစ်မီး ပြတ်တောက်မှုများသည် အရာရာ ကို ရှေ့ဆက် မတိုးနိုင်‌ အောင် ဖြစ်လာသည့် အဓိကကျသော အဟန့်အတား အဖြစ် ဆက်လက် တည်ရှိနေသည် ဟု ဖော်ပြထားသည်။ ထို့အပြင် ပြည်တွင်း ဝယ်လိုအား ကျဆင်းခြင်းကြောင့် အရောင်းအဝယ်နှင့် အမြတ်အစွန်းများ လျော့နည်းလာကာ စီးပွားရေး လုပ်ငန်းလည်ပတ်မှုများကို ပိုမို ထိခိုက် စေခဲ့သည်ဟုလည်း ပါရှိသည်။

 

ဤအချက်များ ပေါင်းစပ်လာသည့် အကျိုးသက်ရောက်မှုကြောင့် ဈေးကွက်အတွင်း ကမောက်ကမ ဖြစ်ပေါ်ခြင်း၊ အခြေခံကုန်စည်များ ပြတ်လပ်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်မားလာခြင်းတို့ ဖြစ်ပေါ်စေခဲ့သည်။

 

ကုန်ဈေးနှုန်းဖောင်းပွမှုသည် လွန်ခဲ့သော နှစ်နှစ်အတွင်း ၃၀ ရာခိုင်နှုန်းခန့်အထိ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ၂၀ ရာခိုင်နှုန်းဝန်းကျင်တွင် ဆက်လက်ရှိနေမည်ဟု ခန့်မှန်းရသည်။ အဓိက နယ်စပ်ကုန်သွယ်ရေး ဂိတ်များမှာလည်း တော်လှန်ရေးအင်အားစုများလက်ထဲသို့ ကျရောက်နေသဖြင့် အရေးကြီးသော ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ တင်သွင်းရာတွင် ကုန်ကျစရိတ်များမှာ ပိုမိုမြင့်မားလျက်ရှိသည်။

 

International Crisis Group ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချတ် ဟော်ဆေး က လူအများအပြား၊ အထူးသဖြင့် လူငယ်ထုအတွက် အာဏာသိမ်းမှုသည် ၎င်းတို့ အတွက် ပိုမိုကောင်းမွန်လာနိုင်သည့် အနာဂတ်မျှော်လင့်ချက်များကို ရိုက်ချိုးလိုက်ခြင်း ဖြစ်ပြီး နိုင်ငံကို အမှောင်မိုက်ဆုံး စစ်အုပ်ချုပ်ရေးကာလတွေဆီကို ပြန်၍ ဆွဲ‌ ခေါ်သွားခြင်း ခံလိုက်ရခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

 

၎င်းက ဆက်လက်၍ ပြည်သူများ အတွက် ရွေးချယ်စရာလမ်း သုံးခုသာ ရှိတော့သည်။ ယင်းသည် နိုင်ငံမှ ထွက်ခွာသွားဖို့၊ ပြည်ပရောက်ဆွေမျိုးများဆီက ပို့ပေးသည့် ငွေအပေါ် မှီခိုရှင်သန်ဖို့၊ ထိုသို့ မဟုတ်ကလည်း တရားမဝင်လုပ်ငန်းများ သို့မဟုတ် ရာဇဝတ်မှုမြောက်တဲ့ စီးပွားရေးကဏ္ဍတွေထဲမှာ အနိုင်နိုင် ရုန်းကန်ရှင်သန်ကြဖို့ပဲ ဖြစ်သည် ဟု ထောက်ပြသွားခဲ့သည်။

 

ယခုအခါ တရုတ်၏ ဗြောင်ကျကျ ဝင်ရောက် ထိန်းချုပ်လာမှု ကြောင့် ပိုမို ဆိုးရွားလာစေမည့် သယံဇာတ ကျိန်စာ အတွင်းသို့ သက်ဆင်းကျရောက် လာတော့မည့် ဆိုသည့် စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာနေသည်။ သယံဇာတ ကျိန်စာ ဆိုသည်က အများပြည်သူ လူနေမှုဘဝ တိုးတက်မြင့်မားရေးအတွက် အထောက်အကူ မပြုဘဲ ပဋိပက္ခများ၊ အကျင့်ပျက်ခြစားမှုများနှင့် ပတ်ဝန်းကျင် ပျက်စီးမှုများကိုသာ ပိုမိုဆိုးရွား ဖြစ်ပေါ်စေမည် ကို ဆိုလိုခြင်း ဖြစ်သည်။

 

ဒေါက်တာ ထွေးထွေးသိန်းက စစ်ကောင်စီ၏ စီးပွားရေးပုံစံသည် အကြမ်းဖက်မှု၊ သယံဇာတများကို အဆင်ခြင်မဲ့ ထုတ်ယူသုံးစွဲမှုနှင့် ရာဇဝတ်မှုမြောက်သည့် လုပ်ငန်းများကတစ်ဆင့် ဓနဥစ္စာများကို စုပ်ယူနေခြင်း မျိုးသာ ဖြစ်ပြီး တစ်ဖက်တွင်တော့ သာမန်အရပ်သားပြည်သူများသည် ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ စားနပ်ရိက္ခာ မလုံခြုံမှုနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေကို ခါးစည်းခံနေကြ‌ နေကြရသည်ဟု ပြောကြားခဲ့သည်။

 

သူမက ဆက်လက်၍ အချုပ်အားဖြင့် သာမန်ပြည်သူတွေအတွက် စီးပွားရေးအရ အကောင်းမြင်စရာ မျှော်လင့်ချက်ဆိုတာ လုံးဝကို မရှိတော့သည့် အခြေအနေ မျိုး ဖြစ်‌‌ နေသည် ဟု ဆိုသည်။

 

ပြည်သူ့အားဖြင့် တရားသော စစ် မုချ အောင်ရမည်!!!