အင်္ဂလိပ်-မြန်မာ စစ်ပွဲများ (၁၈၂၄-၁၈၈၆)(9)

by Hla Soewai - Jan 05 2026

ဗြိတိသျှ တို့ စစ်ပွဲ ဆင်နွှဲရန် ပြင်ဆင်နေသည့် မြန်မာ လူ့အစည်းအရုံးသည် မည်မျှ အထိ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မား နေခဲ့ပြီး ဖြစ်သနည်း။ (တကယ်တမ်း တွင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု အဆင့်အတန်းမှာ အရှေ့တောင်အာရှတွင် အင်အားအကြီးဆုံးနှင့် စနစ်အကျဆုံး နိုင်ငံတစ်ခုအဖြစ် တည်ရှိနေခဲ့သည်။) သို့သော် ဝိတိုရိယ ခေတ် အင်္ဂလန်နိုင်ငံသားတို့၏ ကိုယ့်ကိုယ်ကိုယ်သာ မှန်သည်ဟု မှတ်ယူတတ်သည့် စရိုက်အတိုင်း— မြန်မာတို့အား ခရစ်ယာန်ဘာသာဝင်မဟုတ်၊ ယဉ်ကျေးမှုမရှိသည့် အရိုင်းအစိုင်းများဟု သတ်မှတ်ကာ ၎င်းတို့၏ မောက်မာလှသော ဘုရင်ကို မည်သို့နှိမ်နင်းရမည်နည်း ဆိုသည်ကိုသာ စိုးရိမ်တကြီး အငြင်းပွားနေခဲ့ကြသည်။

 

တကယ်တမ်း တွင် ထိုစဉ်က အင်္ဂလန်နိုင်ငံမှာကဲ့သို့ပင် မြန်မာတွင်လည်း တခါတရံ ရက်စက်ကြမ်းကြုတ်တတ်သော ဥပဒေစီမံအုပ်ချုပ်ရေးသည် အဆင့်အတန်းမြင့်မားသည့် ယဉ်ကျေးမှု နှင့် အတူ ခိုင်ခိုင်မာမာ ဒွန်တွဲ၍ တည်ရှိနေခဲ့သည်။ မြန်မာ တွင် ပြဇာတ်များ၊ အနုပညာ ယဉ်ကျေးမှု များ ထွန်းကားနေခဲ့ပြီးလည်း ဖြစ်သည်။ တေးဂီတ သည် လွန်စွာမှ လူကြိုက်များပြီး ပုလွေများ၊ ပြွေများ၊ လင်ကွင်းကြီးများ အပြင် ကြည့်ရသည်မှာ လွန်စွာ ရှုပ်ထွေးသည့် ဆိုင်းဝိုင်းကြီးများဖြင့်လည်း တီးမှုတ်ကြသည်။

 

ကဗျာလင်္ကာများကို အသံထွက် ရွတ်ဖတ်သီဆိုရာတွင် အလွန်ပင် သာယာနာပျော်ဖွယ်ရှိလှပေသည်ဟု ဆိုင်းမ်က မှတ်ချက်ချခဲ့သည်။ "သာမန်လူမှုရေး စကားပြောဆိုမှုများမှာပင် အဖြတ်အတောက် နှင့် စည်းချက်ဝါးချက် ရှိပုံရပြီး ဝါကျတစ်ခုချင်းစီ၏ အဆုံးသတ်စကားလုံးကို ဝါကျအဆုံးသတ်မှန်း သိသာစေသည့် သာယာသော အသံနေအသံထားဖြင့် အဆွဲအငင်ပြု၍ ပြောတတ်ကြသည်...' " ဟု ဆိုသည်။

 

အမျိုးသား နှင့် အမျိုးသမီးများ ကြားတွင်လည်း စာတတ်မြောက်မှု နှုန်းက အတော်မြင့်မား နေသည်။ ဤသည်ကလည်း တနိုင်ငံလုံးတွင် ရှိနေသည့် ဘုန်းတော်ကြီးကျောင်း ပညာရေးကြောင့်ပင် ဖြစ်သည်။ ထို့အတွက် မြန်မာတို့၏ မူလတန်းပညာရေးအဆင့်အတန်းသည် ထိုခေတ်က ဗြိတိန်နိုင်ငံတွင် ထွန်းကားနေသည့် ပညာရေးထက်ပင် သာလွန်ရှေ့တန်းရောက်နေခဲ့သည်။

 

 တက္ကသိုလ်ဟူ၍ သီးသန့်မရှိခဲ့သော်လည်း ထိပ်တန်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ဘာသာရေးစာပေနှင့် မြန်မာဂန္ထဝင်စာပေများသာမက လောကီပညာရပ်များဖြစ်သော နန်းတွင်းထုံးစံများ၊ အဆောက်အအုံ တည်ဆောက်ရေးပညာနှင့် ရှေးဦးနည်းပညာသုံး အင်ဂျင်နီယာဘာသာရပ်များကိုပါ သင်ကြားပို့ချပေးခဲ့ပါသည်။ သို့သော်လည်း အနောက်တိုင်း သိပ္ပံပညာရပ်များမှာမူ ထိုစဉ်က မြန်မာ့ပညာရေးလောကတွင် မရှိသေးပေ။

(A History of Modern Burma, John F. cady, Cornell University Press, 1938, pg 39-60)

 

စာသင်သား တဦးသည် အသက် ဆယ့်ခြောက်နှစ် ပြည့်လာသည့် အခါ ၎င်းတက်နေသည့် ကျောင်းတွင်ပင် ဦးခေါင်းကို ပြောင်‌ အောင် ရိပ်ပြီး အဝါရောင် သင်္ကန်း ဝတ်ကာ ပဉ္ဇင်း ခံရသည်။ သို့သော်လည်း အနည်းစု သာ လူမထွက် ပဲ ဆက်နေတတ်သည်။ အများစု က လူထွက်ကာ အသက် နှစ်ဆယ် မပြည့်မီမှာပင် အိမ်ထောင်ပြုကြသည်။

 

ဗုဒ္ဓဘာသာ၏ အကျိုးသက်ရောက်မှုတစ်ခု အဖြစ် မြန်မာအမျိုးသမီးများသည် ထူးခြားသော လွတ်လပ်ခွင့်များ ရရှိခဲ့ကြသည်၊ အထူးသဖြင့် အရှေ့တိုင်းနိုင်ငံတစ်ခုအနေဖြင့် ထိုသို့သော လွတ်လပ်ခွင့်မျိုးရှိနေခြင်းမှာ မှတ်သားဖွယ်ရာပင်ဖြစ်သည်။ မြန်မာအမျိုးသမီးများ သည် အိမ်ထောင်ပြုသည့်အခါတွင်လည်း မိမိတို့၏ ပိုင်ဆိုင်မှုများနှင့် မိဘများ မှည့်ခေါ်ထားသော အမည် ကို ဆက်လက်ထိန်းသိမ်းထားခွင့် ရှိကြသည်။ လူမှုရေးအရ ရောနှောဆက်ဆံခွင့်နှင့် စီးပွားကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်များကိုလည်း ရရှိထားကြသည်။ သို့သော် တရားရုံးတွင် သက်သေထွက်ဆိုရာ၌ ၎င်းတို့၏ သက်သေခံချက်သည် အမျိုးသားတစ်ဦး၏ သက်သေခံချက်လောက် တန်ဖိုးမရှိဟု သတ်မှတ်ခံရပြီး တရားရုံးပြင်ပတွင်သာ ထွက်ဆိုချက်ပေးခဲ့ရသည်။

 

ထုံးစံအတိုင်း မြန်မာအမျိုးသမီးတစ်ဦးသည် မိမိကိုယ်ကို ဆွဲဆောင်မှုရှိစေရန် အစွမ်းကုန် ပြင်ဆင်လေ့ရှိသည်။ သူမသည် ရှေ့ကွဲပါသော ကျပ်ထုတ်နေသည့် လုံချည်ကို ဝတ်ဆင်ထားရာ လမ်းလျှောက်သည့်အခါ သူမ၏ ညာဘက်ခြေထောက်နှင့် ပေါင်တံကို အထင်းသား မြင်တွေ့နေရသည်။ ရင်ဘတ်တွင် စန္ဒကူးနံ့သာမှုန့်များ ပက်ဖြန်းထားပြီး အပြည့်အစုံ ပြင်ဆင်ပြီးချိန်တွင်မူ သူမ၏ လက်ဖဝါးများနှင့် လက်သည်းများကို အနီရောင် ဆိုးထားလေသည်။

 

ငြိမ်းချမ်းသာယာသော ခေတ်ကာလများတွင် မြန်မာတို့၏ လူမှုဘဝသည် ပျော်ရွှင်စရာကောင်းပြီး အေးအေးလူလူရှိလှသည့်အပြင် ချုပ်တည်းကန့်သတ်မှုများလည်း ကင်းဝေးလှသည်။ ၎င်းမှာ ဗုဒ္ဓဘာသာ၏ လောကအမြင်အရ ဆင်းရဲခြင်းတရားများ ကပင် မတားဆီးနိုင်သော မြန်မာတို့၏ တက်ကြွရွှင်လန်းသည့် စိတ်ဓာတ်ကြောင့် ဖြစ်သည်။ မကြာခဏဆိုသလို ဘုရားပွဲတော်များ ကျင်းပလေ့ရှိပြီး ကြက်တိုက်ပွဲများ၊ ကျွဲတိုက်ပွဲများအပြင် မြစ်ချောင်းများတွင် မြို့ရွာအချင်းချင်း ပြိုင်ဆိုင်ကြသည့် လှေပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်နေတတ်သည်။

 

ဗြိတိသျှ တို့၏ သံတမန် ဗိုလ်မှုးကြီး ဆိုင်းမ်သည် ၎င်းအား မြန်မာ ဖက်မှ အရှက်တကွဲ ဖြစ်အောင် ဆက်ဆံခဲ့သော်လည်း မြန်မာ တို့ အပေါ် အကောင်းမြင်စိတ် ရှိခဲ့သူ ဖြစ်သည်။ ‘သူတို့သည်... ယဉ်ကျေးသိမ်မွေ့ပြီး အသိပညာဗဟုသုတ ကြွယ်ဝသော လူမျိုးများအဖြစ် သတ်မှတ်ခံရရန် ငြင်းပယ်၍မရသော အရည်အချင်းများနှင့် ပြည့်စုံကြသည်’ ဟု ဆိုင်းမ်က ၎င်း၏ ၁၇၉၅ ခုနှစ်ခန့်က မှတ်တမ်း တွင် ယခုလို ဖေါ်ပြထားခဲ့သည်။

 

"မြန်မာတို့၏ ဥပဒေများသည် ပညာအမြော်အမြင်ရှိပြီး မှန်ကန်သော ကိုယ်ကျင့်တရားဆိုင်ရာ အနှစ်သာရများဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့၏ အုပ်ချုပ်ရေးစနစ် သည် ဥရောပနိုင်ငံအတော်များများထက်ပင် ပိုမိုစနစ်ကျကောင်းမွန်သည်။ ၎င်းတို့၏ သဘာဝစိတ်နေစိတ်ထားမှာ ဧည့်သည်များအပေါ် ဖော်ရွေပျူငှာတတ်ကြသည်။ လူနေမှုဓလေ့စရိုက်မှာလည်း ဟန်ဆောင်ချော့မော့တတ်ခြင်းထက် ယောက်ျားပီသသော ပွင့်လင်းရိုးသားမှုကို ပို၍ ဖော်ပြနေသည်။ အဆင့်အတန်းခွဲခြားမှုနှင့် ရာထူးဌာနအလိုက် ပေးအပ်ရမည့် အရိုအသေပေးမှုများကိုလည်း အမြဲမပြတ် တိကျစွာ လိုက်နာစောင့်ထိန်းကြသည်။ 

 

စာပေဗဟုသုတမှာလည်း အလွန်ကျယ်ပြန့်စွာ ပျံ့နှံ့လျက်ရှိရာ စက်မှုလက်မှုလုပ်ကိုင်သူများ၊ လယ်သမားများ သို့မဟုတ် သာမန်ရေလုပ်သားများထဲမှာပင် စာမရေးတတ်၊ မဖတ်တတ်သူ အနည်းငယ်သာ ရှိသည်။ အကယ်၍ ပြည်တွင်းစစ်မီးများ ထပ်မံမတောက်လောင်ခဲ့လျှင်သော်လည်းကောင်း၊ ပြင်ပနိုင်ငံများ၏ ကျွန်ပြုခြင်းကို မခံရလျှင်သော်လည်းကောင်း၊ မြန်မာတို့သည် မုချဧကန် တိုးတက်ထွန်းကားပြီး အသိဉာဏ်ပညာ မြင့်မားသည့် လူမျိုးတစ်မျိုး ဖြစ်လာပေလိမ့်မည်။"

(An Embassy to the Court of Eva, London, 1800 , of 122-123)

 

မြန်မာ သည် ဂျွန် ကုမ္ပဏီ ခေါ် အရှေ့ အိန္ဒိယ ကုမ္ပဏီ၏ အရှေ့ဖက်သို့ နယ်ချဲ့လာခြင်းကို ငြိမ်းချမ်းစွာ ရှောင်ရှား နိုင်လိမ့်မည်ဟု လည်း မျှော်လင့်ခဲ့သည်။ သို့သော် နောက်ပိုင်း နှစ် နှစ်ဆယ်ခန့် အကြာတွင် ဗြိတိသျှ တို့သည် ရခိုင် နှင့် တနင်္သာရီ ကမ်းရိုးတန်းဒေသများအား အိန္ဒိယ၏ ရေကြောင်းရန် ကာကွယ်ရေး အတွက် လွန်စာ အရေးပါနေသည်ဟု ယူဆလာကြသည်။ ဘကြီးတော် မင်းသည်လည်း ၎င်း၏ အနောက်မြောက် နယ်ခြား တလျောက် နယ်မြေတိုးချဲ့ရန် စိတ်အား ထက်သန်လာမှုသည်လည်း ဗြိတိသျှ ဘုရင်ခံချုပ် အဖို့ ၎င်း လိုအပ်နေသည့် အကြောင်းပြ ချက်များ ရရှိသွားခဲ့ပေတော့သည်။

 

ပြင်ပကမ္ဘာတွင် ဘာတွေဖြစ်ပျက်နေသနည်းဆိုသည် နှင့် ကင်းကွာနေပြီး ၎င်း၏ ပဒေသရာဇ်နိုင်ငံတော်အတွင်း၌သာ အောင်းနေခဲ့သဖြင့်၊ ဘကြီးတော်မင်းတရားသည် မိမိစိန်ခေါ်နေသော ရန်သူ၏ စစ်အင်အား မည်မျှကြီးမားသည်ကို အနည်းငယ်မျှသာ သိရှိခဲ့လေသည်။ ၎င်း၏ စစ်မက်များ၏ ရဲစွမ်းသတ္တိ တခုတည်း ဖြင့် ရန်သူ အပေါ် အောင်ပွဲ ခံ နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ အမေရိကန် သာသနာ ပြု မစ္စတာ ဂျပ်ဆင် နှင့် နှစ်ကိုယ်ကြား ပြောဆိုခဲ့ရာတွင် ....

 

"သူတို့နှင့် ဘာမျှမသက်ဆိုင်သော တိုင်းပြည်များကို သိမ်းပိုက်ရန်နှင့် မင်းညီမင်းသားများကို နန်းချရန်အတွက် ဤမျှဝေးလံလှသော နေရာမှ သင်္ဘောများဖြင့် လာကြစတမ်းလား။ သူတို့သည် ခန္ဓာကိုယ်သေးလှီ၍ သတ္တိနည်းပါးလှသော၊ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားတတ်သည့် ကုလား များရှိရာ အရပ်ကိုသာ တိုက်ခိုက်သိမ်းပိုက် အုပ်ချုပ်ခဲ့ကြခြင်း ဖြစ်သည်။ ဓားခုတ် လှံထိုး ကျွမ်းကျင်လှသော၊ ခွန်အားဗလနှင့် ပြည့်စုံ၍ ရဲစွမ်းသတ္တိရှိလှသော မြန်မာတို့နှင့်မူ သူတို့ တစ်ခါမျှ မရင်ဆိုင်ဖူးသေးချေ။ အကယ်၍သာ ကျွန်ုပ်တို့နှင့် တစ်ကြိမ်တစ်ခါမျှ ရင်ဆိုင်တိုက်ခိုက်ခွင့်ရပြီး ကျွန်ုပ်တို့၏ ရဲစွမ်းသတ္တိကို ပြသခွင့်ရမည်ဆိုလျှင်၊ ယခုအခါ အင်္ဂလိပ်တို့၏ ကျွန်ဖြစ်နေရသော လူမည်းနိုင်ငံများအတွက် စံနမူနာဖြစ်စေမည်ဖြစ်ပြီး ၎င်းတို့အား အင်္ဂလိပ်တို့၏ ကျွန်သပေါက်ဘဝမှ ရုန်းထွက်နိုင်ရန် တွန်းအားပေးရာ ရောက်လိမ့်မည်။"

(Burma Past and Present, A Fytche page 80, London, 1878)

 

ဘကြီးတော် မင်းသည် ဓါး နှင့် လှံကို အားကိုး အနိုင်ယူမည် ဆိုသော အမြင်သည် ဗြိတိသျှ နှင့် မြန်မာ တပ်များ အကြား အကြီးအကျယ် ကွဲပြားနေမှူ ကို ပြဆိုနေသည်။ ဤသို့ဖြင့် သိပ္ပံပညာ၊ ငွေကြေးဓနနဲ့ စစ်ရေးဖွဲ့စည်းမှုပိုင်းတွင် ကမ္ဘာပေါ်၌ အင်အားအကြီးဆုံးဖြစ်နေသည့် ဗြိတိသျ တို့သည်၊ နတ်မင်းများ၏ အခွင့်အာဏာနှင့် အုပ်ချုပ်မင်းလုပ် နေသည် ဆိုသော အရှေ့တိုင်း၏ နတ်သမီးပုံပြင်ဆန်ဆန် ပဒေသရာဇ်နိုင်ငံ ရင်ဆိုင်ကြရတော့မည် ဖြစ်သည်။

 

ဘကြီးတော်သည် ၎င်းရင်ဆိုင်ရတော့မည့် အန္တရာယ်သည် မည်မျှအထိ ကြီးမားနေသည်ကို လားလားမျှပင် ရိပ်စားမိခဲ့ခြင်း မရှိ၊ စစ်ရေး အရ ရှုံးနိမ့်ရမည့် အရေးကိုသာမက မြန်မာ့လူမှုအဆောက်အအုံ၊ စီးပွားရေးနှင့် ထီးနန်းအစဉ်အလာ၏ အခြေခံအုတ်မြစ်များပါ အပြီးတိုင် ပျက်စီးသွားနိုင်သည့် အန္တရာယ်ကို စွန့်စားခဲ့ခြင်း ဖြစ်သည်။ ၎င်းအား အကျိုးသင့် အကြောင်းသင့် သတိပေးမည့် လူလည်း မရှိ၊ ရှိခဲ့လျင်လည်း နားထောင်မည် မဟုတ်။

 

ဤသို့ဖြင့် ဘကြီးတော်၏ အင်းဝ ရွှေနန်းသည် အန္တရယ်ကြီး နှင့် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရတော့မည် ဖြစ်သည်။

 

ဘကြီးတော် အတွက် ကံကောင်းနေသည်က ဗြိတိသျ တို့သည် မြန်မာ ကဲ့သို့ ရွှံ့နွံများ နှင့် တောတောင်ထူထပ်လှသည့် အပူပိုင်း နိုင်ငံတနိုင်ငံ အား စစ်ပွဲ ဆင်နွှဲရာမှ တွေ့ကြုံလာနိုင်သည့် အန္တရာယ်များကို မသိကြခြင်းပင် ဖြစ်သည်။ ထိုသို့ ကြိုတင် သိမြင် နိုင်စွမ်း မရှိခဲ့မှု ကြောင့် အကျအဆုံး များစွာ ဖြင့် အဖက်ဖက် မှ တပန်းရှုံးခဲ့ကြရသည်။

 

ဤစစ်ဆင်ရေးသည် ၁၉ ရာစုအတွင်း ဖြစ်ပွားခဲ့သမျှသော နယ်ချဲ့စစ်ပွဲများထဲတွင် စီမံခန့်ခွဲမှု အညံ့ဖျင်းဆုံးသော စစ်ပွဲအဖြစ် အမည်တပ်ခံရရန် အပြည့်အဝ ထိုက်တန်ပေသည်။ ထို့ကြောင့် ဘကြီးတော်အတွက် မျှော်လင့်ချက် ရောင်ခြည် သန်းနေသေးသည်။