အဘယ်အတွက်ကြောင့် ငြိမ်းချမ်းရေး မတိုးသာ မဆုတ်သာ ဖြစ်နေရသနည်း

by Hla Soewai - Aug 21 2020

ရွေးကောက်ပွဲ မတိုင်မီ နောက်ဆုံး အဖြစ် သုံးရက်ကြာ ကျင်းပမည့် စတုတ္ထ အကြိမ် ပင်လုံ ညီလာခံကြီးက သက်ဝင် လှုပ်ရှားလာနေပြီဖြစ်သည်။ ညီလာခံ အဖွင့် မိန့်ခွန်း ပြောကြားနေသည့် နိုင်ငံတော် အတိုင်ပင်ခံ ၏ ဦးခေါင်းထက် ပေပေါင်း များစွာ အကွာတွင်တော့ သံလွင်ခက်ကို ကိုက်ချီထားသည့် ငြိမ်းချမ်းရေး ချိုးဖြူ ငှက်ကလေး၏ ပုံကား ငွားငွားစွင့်စွင့်တင့်တယ်စွာ မြင်နေရပေသည်။ အဆိုပါ ချိုးဖြူ ငှက် ကလေးသည်က ဒေါ်အောင်ဆန်းစုကြည်မှ တနေ့ကျလျှင် တိုင်းပြည်တွင် သေနတ်သံများ စဲသွားစေမည့် လက္ခဏာ အဖြစ် ကာလကြာမြင့်စွာ သူမရင်တွင် စွဲထင်နေရှာသည့် ပုံရိပ်တခုလည်း ဖြစ်ပေသည်။

 

သို့သော် သူမ မျှော်လင့်တကြီး စောင့်စားနေခဲ့သည့် ထိုတနေ့က ရောက်လာခဲ့ခြင်း မရှိပေ။ ၂၀၁၈ ခုနှစ် အတွင်း ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်အတွင်း စတင် ဖြစ်ပွားလာခဲ့သော တိုက်ပွဲများက ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်ပြီး အရပ်သား ၁,၀၀၀ နီးပါး သေဆုံးခဲ့ရကာ လူ ၈၀,၀၀၀ ခန့် နေရပ်များ စွန့်ခွာခဲ့ကြရသည်။ ဩဂုတ်လ ၁၉ ရက်နေ့တွင်တော့ အစိုးရ၊ စစ်တပ် နှင့် တိုင်းရင်းသား လူမျိုးစု ဆယ်စု မှ စုစုပေါင်း ကိုယ်စားလှယ် ၂၃၀ ခန့် နေပြည်တော်သို့ စုဝေးရောက်ရှိလာခဲ့ကြသည်။ သူတို့အားလုံး၏ စိတ်တွင် စက္ကူ ချိုးဖြူ ရုပ်ကလေး က ဘယ်အချိန်များ အသက်ဝင် လှုပ်ရှားလာလေမည်လဲ ဆိုသည်အား တွေးတော နေကြမည်မှာ ဧကန်မုချပင် ဖြစ်သည်။

 

ထိုသို့ ဖြစ်လာဖို့ မည်သည့်နည်းနှင့်မျှ လွယ်လွယ်ကူကူ ရှိလိမ့်မည် မဟုတ်ဆိုသည်ကိုလည်း အားလုံးက တွက်ဆထားကြပြီး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးသော ပြည်တွင်းစစ်ပွဲကြီးကို အမွေဆက်ခံခဲ့ရသည်။ သူမ၏ ဖခင်ကြီး ပထမဦးဆုံး စတင် ခဲ့သည့် ပင်လုံ ကွန်ဖရင့်ကြီး နောက်ပိုင်းမှစ၍ စစ်တပ် နှင့် တိုင်းရင်းသား ပေါင်းစုံတို့၏ လက်နက်ကိုင် ပဋိပက္ခများသည် နယ်ခြားဒေသများတွင် စတင်ပေါ်ပေါက်လာခဲ့ရသည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် ယခင် မြန်မာ ခေါင်းဆောင်များ ထံမှ “သပွတ်အူလို အရှုပ်ထွေးဆုံး ပြဿနာ” ကြီးကို လက်ဝေခံလာခဲ့ရခြင်း ဖြစ်သည်ဟု နိုင်ငံတကာ သုတေသန အဖွဲ့ကြီး ထဲတွင် တခု အပါအဝင် ဖြစ်သော Transnational Institute (TI) မှ ထောက်ပြခဲ့သည်။

 

ယခင် သမ္မတ ဖြစ်သူ ဦးသိန်းစိန် ဖက်ဒရယ် စနစ် ဦးတည်မည့် နိုင်ငံလုံးဆိုင်ရာ အပြစ်အခတ် ရပ်စဲရေး NCA ကို ရေးဆွဲခဲ့သည်။ ထိုသဘောတူညီချက်ကို လက်မှတ်ရေးထိုးသူများ နှင့် နောက်တဆင့်တက်ကာ နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်သွားမည်လည်း ဖြစ်သည်။ သို့သော် သူ၏ အစီအစဉ်များကိုပင် တပ်မတော် မှ ဝင်နှောက်သလို ဖြစ်သွားခဲ့ပြန်သည်။ တပ်မတော်သည် ၂၀၁၅ အတွင်း အင်အားအကြီးဆုံးသော တိုင်းရင်းသား လက်နက်ကိုင် ၆ ဖွဲ့အား NCA လက်မှတ်ရေးထိုးခွင့် မပြုနိုင်ဟု ကြေငြာလိုက်ခြင်းကြောင့် အဆိုပါ အဖွဲ့များမှာ ဒေါသထွက်သွားခဲ့ကြရပြန်သည်။ ထို့အတွက် နိုင်ငံတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အင်အား စုစုပေါင်း၏ ၂၀% ကိုသာ ကိုယ်စားပြုသော အဖွဲ့ ၈ ဖွဲ့ သာ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

 

ဤသို့ဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် နှစ်လမ်းသွား ဖြစ်ခဲ့ရသည်။ တဖက်တွင် NCA လက်မှတ်ထိုးထားသူများ နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်နေသလို တဖက်တွင်လည်း လက်မှတ်မထိုးရသေးသူများ နှင့် အပြစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေးကြရပြန်သည်။ ဒေါ်အောင်ဆန်းစုကြည် စတင် တာဝန်ယူလာပြီး နောက်တွင်မူ ထိုသို့ အဓိပ္ပါယ်မဲ့ ဖြစ်နေမှုကြီးကို ပြန်လည် တည့်မတ်နိုင်ရန် NCA လက်မှတ် မထိုးရသေးသော အဖွဲ့များကို အတတ်နိုင်ဆုံး နားချခဲ့သော်လည်း အဖွဲ့ နှစ်ဖွဲ့သာ ထပ်မံ ပါဝင်လာခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်လည်း တိုးတက်မှု မရှိ ဖြစ်လာခဲ့ရသည်။

 

စစ်တပ်ဖက်မှ မည်သို့မျှ အကူအညီ ရမလာခဲ့ပေ။ ၎င်းတို့ ဆန္ဒမပါပဲ သူမအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များကို သံလွင်ခက် လက်ကမ်းဖို့ ဆိုသည်က အဘယ်သို့များ ဖြစ်နိုင်ပေမည်နည်း။ စစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင်များ ကို အစစ်အမှန် လိုက်လျောမှု ဟူ၍ တလုံးတပါဒမျှ မရှိခဲ့သည့်အပြင် ငြိမ်းချမ်းရေး အတွက် အင်တိုက်အားတိုက် ဆောင်ရွက်မည့် အလားအလာ များလည်း မတွေ့ခဲ့ရဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အနီးကပ် စောင့်ကြည့်နေသည့် TI သုတေသန အဖွဲ့ကြီးက ပြောလာခဲ့သည်။

 

ရန်ကုန်ရှိ သုတေသီ တဦး ဖြစ်သူ ဒေးဗစ် မက်သီဆန်ကမူ ၎င်းတို့မှ အကူအညီ မပေးသည့်အပြင် ဖျက်လိုဖျက်ဆီးပင် လုပ်လာခဲ့သည်ဟု ဆိုသည်။ NCA တွင် ပါဝင်သည့် အင်အား အတောင့်တင်းဆုံး အဖွဲ့နှစ်ဖွဲ့ ဖြစ်သည့် KNU (ကရင်) နှင့် RCSS (ရှမ်း) တို့နှင့် ပဋိပက္ခများ ဖြစ်လာခဲ့မှုကို နမူနာ အဖြစ် ထောက်ပြခဲ့သည်။ ရလဒ်အဖြစ် ၂၀၁၈ အောက်တိုဘာလတွင် နှစ်ဖွဲ့စလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ မှ နှုတ်ထွက်သွားခဲ့ကြသည်။

 

၂၀၁၉ ဇန်နဝါရီလတွင် ရခိုင် လက်နက်ကိုင် အဖွဲ့ဖြစ်သော AA နှင့် ဖြစ်ပွားနေသော တိုက်ပွဲများကို တပ်မတော်မှ အရှိန်မြှင့်တင်လာခဲ့သည်။ ယင်းနှစ် အတူ ဆယ်စုနှစ် များ အတွင်း သွေးထွက်သံယို အများဆုံး ဖြစ်ခဲ့သော ပဋိပက္ခကြီး အဖြစ် ကူးပြောင်းလာခဲ့ပေတော့သည်။ ထိုကိစ္စနှင့် စပ်လျှင်းပြီး အမေရိကန် တွေးခေါ်မျှော်မြှင်ရေး အဖွဲ့ကြီး တခု ဖြစ်သည့် Asia Society အား အကြံပေးနေသည့် မစ္စက် ပရစ်စီလာ ကလက် က စစ်တပ်သည် ငြိမ်းချမ်းရေးဆီသို့ ဦးတည် လုပ်ဆောင်နေသူများ မဟုတ်ပဲ ပဋိပက္ခ ဖြစ်ရေးကိုသာရှာကြံ ဖန်တီးနေသည်ဟု ဝေဖန်လိုက်သည်။

 

ကာကွယ်ရေး ဦးစီးချုပ် ဆိုသူသည်လည်း ဒေါ်အောင်ဆန်းစုကြည်အား သူ၏ နိုင်ငံရေး ပြိုင်ဖက် တဦးဟု မှတ်ယူထားခဲ့သဖြင့် သူမ သက်တမ်း အတွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်ခဲ့သူ ဆိုသည့် နိုင်ငံရေးအရ အောင်ပွဲ တရပ် အဖြစ် ရောက်သွားမည်ကို မည်သို့မျှ အဖြစ်မခံနိုင်သူလည်း ဖြစ်နေပြန်သည်။

 

ထို့အပြင် စစ်တပ်သည် ဖက်ဒရယ် စနစ်ကို အူထဲအသည်းထဲက ဆန့်ကျင်နေသည့် အဖွဲ့အစည်းလည်း ဖြစ်နေသည်။ ၎င်းတို့က မြန်မာသည် ဗမာလူမျိုးများသာ လွှမ်းမိုးထားရမည့် တစုတဝေး တည်း နိုင်ငံ unitary state ကိုသာ လိုလားကြသူများ ဖြစ်သည်။ ထို့အတွက် လည်း ဒေါ်အောင်ဆန်းစုကြည် အား လှုပ်ရှား၍ မဖြစ်နိုင်လောက်အောင် အနေအထားများ ဖန်တီးခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်ဖက်ကလည်း အတွက်အချက် မှားခဲ့သည်များ ရှိခဲ့သည်။ သူမသည် ငြိမ်းချမ်းရေး ကို အစပိုင်းတွင် အားသွန်ခွန်စိုက် စတင် ကြိုးပမ်းလာခဲ့သည်။ ငြိမ်းချမ်းရေး သဘောတူညီချက် ရမှသာ ဖွဲ့စည်းပုံကို အလျှင်အမြန် ပြင်ဆင်နိုင်မည့် အမြန်ဆုံး နည်းလမ်း ဖြစ်လာကာ စစ်တပ်၏ အာဏာကို ထိန်းချုပ်နိုင်မည်ဟု ကာလကြာမြင့်စွာကပင် မျှော်မှန်းခဲ့သူ ဖြစ်သည်။ သို့သော် စစ်တပ်ဖက်မှ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး အတွက် ၎င်းတို့အား လက်နက်ကိုင် တိုက်ခိုက်နေမှုများကို အရင် ရပ်ဆိုင်းရမည်ဟု ပြောလာခဲ့ကြပြန်သည်။ ယင်းနှင့် အတူ ငြိမ်းချမ်းရေး ရရှိရန် စိန်ခေါ်မှုများက သူမအပေါ် မတန်တဆ ကျရောက်လာခဲ့မှုနှင့် အတူ သူမ၏ ဆန္ဒများသည်လည်း လျော့ပါးလာခဲ့ရသည်။

 

ငြိမ်းချမ်းရေး အကောင်အထည် မဖေါ်နိုင်မှု နှင့် အတူ တဖက်တွင်လည်း တိုင်းရင်းသား လူနည်းစုများနှင့် ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့မှုများ ရှိလာခဲ့သည်။ မတ်လအတွင်း ပြည်နယ်လွှတ်တော်များအား ဝန်ကြီးချုပ်ကို ၎င်းတို့ဖာသာ ရွေးချယ်နိုင်ခွင့် ကို ငြင်းပယ်လိုက်ခြင်းပင် ဖြစ်သည်။ ဤသည်က တိုင်းရင်းသား လူနည်းစုများအကြားတွင် တအုံတနွေးနွေး ဖြစ်နေသော မကျေနပ်ချက်များနှင့် စစ်တပ်မှ NCA အား ချိုးဖေါက်လာနေခြင်းများ ကြောင့် စိုးရိမ်မကင်း ဖြစ်လာနေမှုများကို ပေလျကံ ပြုသည့် သဘော သက်ရောက်သွားခဲ့သည်။

 

ထိုသို့ တိုင်းရင်းသား မဲဆန္ဒနယ်များ တွင် ငြိမ်းချမ်းရေး အတွက် လက်ဆုပ်လက်ကိုင် ပြနိုင်သည့် အလားအလာ များ မဖန်တီးနိုင်ခဲ့သည်ကို ရိပ်စားမိလာသဖြင့် ဒေါ်အောင်ဆန်းစုကြည် သည် နောက်တကြိမ် လှုပ်ရှားလာခဲ့ရပြန်သည်။ ထို့အတွက် အလားအလာ ကောင်းများ ထွက်ပေါ်လာခဲ့ရသည်။ ဇန်နဝါရီလအတွင်း KNU နှင့် RCSS သည် ငြိမ်းချမ်းရေး စားပွဲဝိုင်းသို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။ ဤသည်ကလည်း အစိုးရမှ ၎င်းတို့၏ စိုးရိမ်မကင်း ဖြစ်နေမှုများကို ဖြေရှင်းပေးရန် လိုလိုလားလား အာမခံမှုကြောင့်လည်း ဖြစ်သည်။ သို့သော်လည်း အစိုးရအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ ကို ကျော်လွန်ပြီး ပင်လုံညီလာခံ ဖြင့် သဘောတူညီချက် ရရှိအောင် ဖေါ်ဆောင်နိုင်ဖို့က မည်သို့မျှ မတတ်နိုင် ဖြစ်နေရသည်။

 

ရည်ညွှန်း -- ၂၀၂၀ ဩဂုတ်လ ၁၈ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းပါ “Why the stalemate in Myanmar persists” ကို ပြန်လည် တင်ပြသည်။