လူမလာ စာမပါး ရွေးကောက်ပွဲ

by Hla Soewai - Dec 30 2025

ပြည်သူ များကို ဆက်လက်ကျွန်ပြုရနိ စီမံလာသော ရွေးကောက်ပွဲ ဆိုသည့် ပထမ အဆင့်သည်က ‌လာရောက် မဲပေးသူ နည်းပါးစွာ ဖြင့် ပြီးဆုံးသွားခဲ့ လေပြီ။

 

စစ်အုပ်စု ပြောခွင့်ရ ဇော်မင်းထွန်းက နိုင်ငံရေး တည်ငြိမ်မှု နှင့် ပို၍ ကောင်းမွန်သော အနာဂတ် ထွက်ပေါ်လာမည်ဟု ပြောသွားခဲ့သည်၊ အဘယ်အတွက်ကြောင့်များ ယခုလို ပုံစံ ဖြင့် ၎င်းတို့သာ အနိုင်ရမည့် ရွေးကောက်ပွဲ၊ ခေါင်းဆောင်မှု အပြောင်းအလဲ ရှိမည် မဟုတ်သော ရွေးကောက်ပွဲ ဖြင့် ယခုလို ပြောနိုင်ရသနည်းဆိုသည်က အံ့ဩဖွယ် အတိပင် ဖြစ်သည်။

 

တိုင်းပြည်၏ အနာဂတ်ကို မဆိုထားဘိ ၎င်းတို့ ရှေ့ရေး ကိုပင် အမျှော်အမြင် ရှိစွာ မတွေးခေါ်နိုင်ခဲ့၍ ယခုလို တရုတ်ကယ်ပါ၊ ရုရှားကယ်ပါ ဘဝ ရောက်နေကြရသည် မဟုတ်ပါလော။

 

ပြည်သူများ၏ အသိဉာဏ် ကို စော်ကားပြီး ထိုသို့ပြော နေ သည်ကို ယုံသူ ဆို၍ ကြံ့ဖွတ်များသာ ရှိပေမည်။ ကြံ့ဖွတ်သည် လည်း ပြိုင်ဖက် မရှိ ပထမ ဆွတ်ခူး ပန်းဝင်ရမည့် အရေးကိုလည်း ရှက်ရကောင်းမှန်း မသိကြသူများလည်း ဖြစ်သည်။

 

နိုင်ငံတကာ က ဝေဖန်သုံးသပ်သူများက ၎င်းတို့ ရွေးကောက်ပွဲ ထောက်ခံကြခြင်း မရှိဟု လည်း ဝန်ခံသွားသည်၊ ထောက်ခံမိပါက လည်း ကျပ်မပြည့်ဟု ထုတ်ပြသလို ဖြစ်ပေလိမ့်မည်။

 

ပြည်တွင်းစစ် ဖြစ်ပွားနေသော နိုင်ငံတိုင်း ရွေးကောက်ပွဲ ထလုပ်သည်နှင့် ပြဿနာများ ပြေလည်မည် ဆိုက ၎င်းတို့ကဲ့သို့ပင် ဟုတ်သည်ရှိ မဟုတ်သည် ရှိ လုပ်ကြမည်သာ ဖြစ်သည်။

 

လာရောက် မဲထည့်သူများသည်လည်း မဲမထည့်ဟု ‌ဆိုက စစ်တပ်မှ ဒုက္ခပေးမည်ကို စိုးရွံ့နေကြ၍ ဖြစ်သည်ဟု ကိုယ်တိုင်ကိုယ်ကျ သွားရောက် လေ့လာသော စထရိတ် တိုင်းမ် သတင်း‌ ထောက်က လူထု ၏ ပြောဆိုခဲ့မှုများကို ရေးသားထားသည်။

 

၂၀၂၀ ခုနှစ် က ပြည်သူများ အုံနှင့် ကျင်း နှင့် တပျော်တပါးကြီး တက်တက်ကြွကြွ ပါဝင်ဆင်နွဲခဲ့သည်များ နှင့် နှိုင်းယှဉ်၍ မရအောင် ကွာခြားနေပေသည်။ 

 

နေ့လည် ပိုင်းလောက်တွင် ရန်ကုန်ရှိ တပ်နယ်မြေ တဝိုက် မဲရုံများ တွင် တန်းစီနေကြသူ များ တွေ့လာရပြီး ကျန် နေရာများတွင် တနေ့လုံး ကျဲတိကျဲတောက်သာ တွေ့နေရသည်ဟု ရိုက်တာ သတင်းက ဆိုသည်။

 

မဲပေးသူ အရေအတွက် အလွန်နည်းပါးနိုင်ကြောင်း ခန့်မှန်း၍ ရပြီး။ အထူးသဖြင့် မြို့ကြီးအချို့တွင်သာ မဲရုံများ ရှိနေ၍ ကျေးလက်ဒေသအများစုမှာ ရွေးကောက်ပွဲ ဖြစ်စဉ်နှင့် ကင်းကွာနေပြန်သည်။

 

၎င်း၏ ရုံးဝင်း အတွင်း ဖွင့်ထားသော မဲရုံသို့ ထွက်၍ မဲလာထည့်သော မင်းအောင်လှိုင်က မဲလာမပေးက ဒီမိုကရေစီ ဆိုသည်ကို တကယ်တမ်း နားမလည်ကြ၍ ဖြစ်သည်ဟု ပြောသွားပြန်သည်။

 

သူသည် နိုင်ငံဝန်ထမ်း စစ်တပ် အကြီးအကဲ တဦးသာ ဖြစ်ပြီး နိုင်ငံရေး ပါတီ ခေါင်းဆောင်လည်း မဟုတ်၍ သမ္မတ ဖြစ်ပါရစေ ဟု တောင်းဆိုလို့ မရကြောင်း ပြုံးဖြီးဖြီး နှင့် ပြောခဲ့သည်။

 

ဒီမိုကရေစီ ဆိုသည်က နိုင်ငံသားများသည် မိမိတို့ကို အုပ်ချုပ်မည့် ကိုယ်စားလှယ်များကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြင့် "ပြည်သူ့အာဏာ ပြည်သူ့ထံ၌ရှိသော အုပ်ချုပ်ရေးစနစ်" ကို တည်ဆောက်ခြင်း ဖြစ်သည်။ ၎င်းတို့၏ ဒီမိုကရေစီ သည်ကား အရပ်ဝတ် လဲလိုက်ယုံဖြင့် ပြည်သူများ ဖြစ်သွားသော စစ်ဗိုလ်ချုပ်များက ဆက်၍ အုပ်ချုပ်ကြမည့် သဘောပင် ဖြစ်သည်။

 

ကုလ အတွင်းရေးမှုး ချုပ်ကပင် ပြီးခဲ့သည့် နှစ်လ က "မြန်မာတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်လာမည် ဟု ယုံကြည်သူ ရှိမည်လား" ဟု ပင် အာဆီယံ ညီလာခံ တွင် မေးခွန်းထုတ်သွားခဲ့သည် မဟုတ်ပါလား။ သူ့ မေးခွန်းကို ယခုလို သူ့ဖာသာ ဖြေကြားသွားခဲ့သည်။

 

"လက်ရှိဖြစ်ပွားနေသော ပဋိပက္ခအခြေအနေများနှင့် စစ်အုပ်စု၏ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းများကို ထည့်သွင်းစဉ်းစားကြည့်ပါက... လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် အခြေအနေ မရှိသေးသည်မှာ အလွန်ပင် ထင်ရှားလှပါသည်။”

 

မြန်မာ ပြည်ကို ၎င်းတို့ တောင်အာရှ၊ အရှေ့တောင်အာရှ၊ အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက် စင်္ကြန်လမ်း ဟု ယူဆနေသော တရုတ်သည်လည်း စစ်အုပ်စုကို မဖြစ်မနေ ဆက်ဆံနေရသော ‘မကောင်းဆိုးဝါး’ များအဖြစ် သာ ရှုမြင်ထားသည်ဟု ဝါရှင်တန်ရှိ Stimson Center မှ တရုတ်ရေးရာ ကျွမ်းကျင်သူ ယွန်ဆန်း က ပြောခဲ့သည်။

 

ထိုမကောင်းဆိုးဝါးများ ကို ယခု ပုံစံ အတိုင်း ဆက်ဆံသွားပါက သိက္ခာအကြီးအကျယ် ကျတော့မည့် အရေးကို ရှောင်ရှားလို၍သာ ၎င်းတို့၏ အုပ်ချုပ်မှုကို ဥပဒေကြောင်းအရ အသွင်ပြောင်းဖို့ ကြိုးပမ်းခဲ့ခြင်းလည်း ဖြစ်သည်။

 

စစ်တပ်၏ အာဏာရ ပါတီ USDP မှ ပြုလုပ်ပေးခဲ့သော ၂၀၁၅ ရွေးကောက်ပွဲ တွင် ပွတ်ကာသီကာ အနိုင်ရပြီး ၂၀၂၀ ရွေးကောက်ပွဲ ကျမှ အပြတ်အသတ် အနိုင်ရခဲ့သည် ဆိုလျင်ပင် မဲမသမာ မှု များ ရှိ၍လော ဟု သံသယ ဝင်မည် ဆိုက လက်ခံ၍ ရနိုင်သေးသည်၊ NLD သည် ၂၀၁၅ တွင် ၊၈၀ ရာနှုန်း ဖြင့် အနိုင်ရခဲ့ပြီး ၂၀၂၀ တွင် ၈၂ ရာနှုန်းဖြင့် အနိုင်ရခဲ့သည်၊ ၎င်းတို့ လုပ်ပေးသည့် ရွေးကောက်ပွဲ ထက် နှစ်ရာနှုန်းကျော်သာ ပို၍ အနိုင်ရခဲ့ခြင်းသာ ဖြစ်သည်၊ ဤသည်ကို မဲမသမာမှု များ အကြီးအကျယ် ဖြစ်ခဲ့ပါသည်ဟု ပြောဆိုနေခြင်းသည် ရူးသွပ်ခြင်း မဟုတ်က လိမ်ညာ လှည့်ဖျား ပြောဆိုနေကြခြင်းသာ ဖြစ်သည်။

 

ပြည်သူ့အားဖြင့် တရားသော စစ် မုချ အောင်ရမည်!!!