နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(16)

by Hla Soewai - Dec 30 2025

ရထားပေါ် ရန်ပွဲမှသည့် ကမ္ဘာကျော်သည် အထိ ဖြစ်ခဲ့ရသော အမှု

 

၁၉၃၁ တွင် ခြေဦးတည့်ရာ သွားလာနေထိုင်ခြင်းသည် ခေတ်စားသည့် အ‌လေ့အထ တခု ဖြစ်လာခဲ့သည်။ ပင်ပန်း ဆင်းရဲစွာ နှင့် ငြည်းငွေ့စရာ ကောင်းသော ဘဝ မျိုး ကို နေတဒူဝ ဖြတ်သန်းနေရသူ များ အဖို့ စွန့်စားလိုသည့် အနေဖြင့် ကုန်တင်ရထားများကို ခိုးစီးရင်း ရောက်တတ်ရာရာ ထွက်လာကြသည်။ ထိုသို့ သွားရင်းလာရင်း ရောက်ရာ မြိုတမြို့တွင် ရရာ အလုပ် ဝင်လုပ်ကြပြီး ငြည်းငွေ့လာသည့် အခါ ရထား ခိုးစီးပြီး တနေရာသို့ ထွက်လာကြပြန်သည်။ အမေရိကန်သည် စီးပွားပျက်ကပ်ကြီးနှင့် ကြုံနေရသော အချိန်လည်း ဖြစ်သည်။

 

လူဖြူ နှင့် လူမည်း လူငယ် စုစုပေါင်း နှစ်ဒါဇင် ကျော်ကျော်သည် ချာတန်နူဂါ မှ မမ်ဖီသို့ ထွက်မည့် ကုန်ရထား တွဲ ပေါ်တွင် ရှိနေကြသည်။ ထိုအထဲတွင် ချာတန်နူဂါ မှ လူမည်း လူငယ် လေးဦးသည် မြစ်ထဲရှိ သစ်လုံးများကို ဆွဲရမည့် အစိုးရ အလုပ်ကို ရရန် ထွက်လာကြသူများ ဖြစ်သည်။ ကျန် လူမည်း ငါးဦးသည် ဂျော်ဂျီယာ ပြည်နယ် ထဲရှိ ဒေသ အသီးသီး မှ လာကြသူများ ဖြစ်သည်။ ရထားပေါ် တွင် လူဖြူ လူငယ် အမျိုးသား နှစ်ဦး၊ အမျိုးသမီးနှစ်ဦးလည်း ဘွိုင်လာ ဝတ်စုံများ ဝတ်၍ ပါလာကြသည်၊ ၎င်းတို့အားလုံး ချာတန်နူဂါ ရှိ ဝါဂွမ်း စက်ရုံ တွင် အလုပ်ရှာ၍ မရသဖြင့် ဟန့်စ်ဗီးလ် သို့ ပြန်ကြမည့် လူများ ဖြစ်သည်။

 

မကြာမီမှာပင် ရထားသည် အယ်လာဘာမား ပြည်နယ် အစပ်ကို ဖြတ်ကျော်လာခဲ့ချိန်တွင် လူဖြူ လူငယ်တဦးသည် ရထား၏ ဆီသယ်တွဲ အပေါ်သို့ တက်လာခဲ့သည်။ ဆီသယ်တွဲ ဘေးတွင် တွဲလဲခိုနေသော ဟေးဝုဒ် ပက်တာဆန်၏ လက်ပေါ် နင်း၍ တက်လာခဲ့ခြင်း ဖြစ်သည်။ လူဖြူ လူငယ်များ နှင့် ၎င်းတို့ထက် အရည်အတွက် ပိုများသည့် လူမည်း လူငယ် အုပ်စု အကြား ခဲများဖြင့် ပစ်ပေါက်ကြပြီး ခိုက်ရန် ဖြစ်ပွားလာခဲ့သည်။ နောက်ဆုံးတွင် လူမည်းများက လူဖြူ တဦး မှ လွဲ၍ အားလုံးကို ရထားပေါ်မှ မောင်းချ နိုင်ခဲ့ကြသည်။ ရထားက အရှိန်ရလာနေပြီ ဖြစ်၍ အသက် အန္တရာယ် စိုးရိမ်စရာ ဖြစ်လာ၍ ပက်တာဆန်သည် သနားစိတ် ဝင်လာပြီး အော်ဗေး ဂီလီ ကို ရထား ပေါ် ပြန်ရောက်အောင် ဆွဲတင် ပေးခဲ့သော ကြောင့် ဖြစ်သည်။

 

ရထားပေါ်မှ မောင်းချ ခံခဲ့ရသည့် လူဖြူ လူငယ်တဦးသည် ထိုအရပ်ရှိ ဘူတာရုံပိုင်ထံ သွားပြီး ၎င်းတို့အား လူမည်းများ အတိုက်အခိုက် ခံခဲ့ရသည်ဟု တိုင်ကြားခဲ့သည်။ ရုံပိုင်သည်လည်း ရထားသွားရာ လမ်းရှိ ဘူတာ သို့ ကြေးနန်းရိုက် အကြောင်းကြားလိုက်သည်။

 

ထို့အတွက် အယ်လာဘာမား ပြည်နယ် ပိန့်ခ် ရော့ခ် ရှိ ဘူတာရုံတွင် လက်နက်ကိုင် လူတစုက ရထားကို ရပ်တန့်ခိုင်းခဲ့သည်။ ရထား ရပ်သွားသည် နှင့် လက်နက်များ ကိုင်ဆောင်ထားကြသော လူတစုက ရထားပေါ်သို့ အပြေး တက်လာကြသည်။ ရထားပေါ်တွင် တွေ့သမျှ လူမည်းများကို ဖမ်းဆီးခဲ့ရာ စုစုပေါင်း ကိုးဦး အဖမ်းခံခဲ့ရသည်။ ၎င်းတို့အား ကြိုးများဖြင့် တွဲချည်နှောင်ပြီး၊ နောက်ပွင့် ကုန်တင်ကား ပေါ်သို့ တင်ကာ စကော့တ်ဘိုရိုမြို့ရှိ အကျဉ်းထောင်သို့ ခေါ်ဆောင်သွားခဲ့ကြသည်။

 

ယင်းသည် ချက်ခြင်းလို မေ့ပျောက်သွားနိုင်သည့် အသေး အမွှား ကိစ္စမျိုးသာ ဖြစ်သင့်သည်။ သို့သော်လည်း ရထားပေါ်ပါ လူဖြူ အမျိုးသမီးငယ်တဦး မှ လက်နက်ကိုင် တဦးအား အသိပေးလာသည့် အကြောင်းတခုက ရှိလာပြန်သည်။ ရူဘီ ဘိတ်စ် သည် သူ နှင့် အတူ အဖေါ်ဖြစ်သူ ဗစ်တိုရီယား ပရိုက်စ် သည် လူမည်း ဆယ်ကျော်သက်များ၏ အုပ်စုလိုက် အဓမ္မပြုကျင့် ခံခဲ့ရသည် ဟု ဆိုသည်။

 

ပိန့်ရော့ခ် တွင် အဖမ်းခံခဲ့ရသော လူမည်း လူငယ် ကိုးဦး သည် "စကော့တ်ဘိုရို လူကလေးများ" ဟု အမည်ရလာခဲ့သည်။ သို့သော် တဦးတလေမျှ စကော့တ်ဘိုရိုတွင် နေထိုင်ကြသူများ မဟုတ်ပေ။ အချို့သည် အသက်အားဖြင့် ဆယ့်နှစ်နှစ်၊ ဆယ်သုံးနှစ်သာ ရှိသေးသည်။ အကြီးဆုံးက ဆယ့်ကိုးနှစ် ဖြစ်သည်။ ၎င်းတို့ ကိုးဦးစလုံး ရထားပေါ် ရောက်မလာမီ တဦး နှင့် တဦး သိကျွမ်းခဲ့ကြခြင်း လည်း မရှိပေ။ သို့သော် စကော့တ်ဘိုရို လူကလေးများ အမည်ဖြင့် ၎င်းတို့အားလုံး အတူတကွ ရင်ဆိုင်ခဲ့ကြရသည့် ကြမ္မာဆိုး ကတော့ ထာဝရ ခွဲမရအောင် ချိတ်ဆက်ပေးလိုက်ပြီ ဖြစ်သည်။

 

ယင်းနှင့် အတူ စကော့တ်ဘိုရို လူကလေးများ၏ ဥပဒေရေးရာ အိပ်မက်ဆိုးကြီးသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာရှည်ခဲ့သည်။ ၎င်းတို့၏ ဆင်းရဲဒုက္ခများသည် လူမသိသူမသာ အညတရများကို လူသိများ ကျော်ကြားသူများ ဖြစ်လာစေခဲ့သလို၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို အစပြုပေးခြင်း သို့မဟုတ် အဆုံးသတ်စေခြင်းများလည်း ဖြစ်ပေါ်စေခဲ့သည်။

 

ဘဝပေါင်းများစွာကို အလဟဿ ဖြစ်စေခဲ့သလို၊ သူရဲကောင်းများကိုလည်း ပေါ်ထွက်လာစေခဲ့သည်။ အာဖရိကန်-အမေရိကန် နွယ်ဖွားများအတွက် တောင်ပိုင်း တွင် ဂျူရီလူကြီးများ ဖြစ်ခွင့်ရရန် လမ်းစဖွင့်ပေးခဲ့ပြီး၊ ဒေသစွဲ ပဋိပက္ခများကို ပိုမိုဆိုးရွားစေခဲ့သည်။ ထို့အပြင် အမေရိကန်နိုင်ငံ၏ လက်ဝဲနိုင်ငံရေး အင်အားစုများကို ဦးစွာ ကွဲပြားစေခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည် စည်းလုံးသွားစေခဲ့သည်။

 

ရှုထောင့်တစ်ခုကနေ ကြည့်မည်ဆိုက စကော့တ်ဘိုရို လူကလေးများ ၏ အမှုသည် လူ ကိုးဦး ကံမကောင်း အကြောင်းမလှစွာဖြင့် မတော်တဆ ဘေးဒုက္ခနှင့် ကြုံတွေ့ခဲ့ရခြင်းဟု ပြော၍ ရပေသည်။ သို့သော် ၁၉၃၀ ပြည့်လွန် နှစ်များ အတွင်း အမေရိကန် တရားစီရင်ရေး စနစ်၏ အားနည်းချက် အချို့အား နောင်တွင် မှန်ကန်သော တရားစီရင်ရေး အဖြစ် ရောက်အောင် လမ်းခင်း ပေးနိုင်ခဲ့သည်။

 

ယခုအခါ ရူဘီ ဘိတ်စ် ပြောသည်များက မျက်နှာပြောင် တိုက် လိမ်ညာခဲ့မှု ဖြစ်သည် ကို လူတိုင်း သဘောပေါက်ခဲ့ကြပြီ ဖြစ်‌သော်လည်း ထိုအချိန်ကတော့ ခန့်မှန်း နိုင်သည့် အဆင့်သာ ရှိပြီး မရေမရာ အဖြစ် သာ ရှိနေခဲ့သည်။ ရူဘီ ဘိတ်စ် အဖို့က လည်း သူမကိုယ်တိုင် ထောင်ကျ မည့် အရေး မှ အာရုံ လွှဲနိုင်ရန် ဇာတ်လမ်းစင်လာခြင်း လည်း ဖြစ်နိုင်သည်။ Mann Act ဆိုသည့် ဥပဒေ အရ ကိုယ်ကျင့် စာရိတ္တ ပျက်ပြားစေသော ရည်ရွယ်ချက်ဖြင့် ရည်စား ဖြစ်သူ နှင့် အတူ ပြည်နယ် ဖြတ်ကျော် သွားလာခြင်း အား ရာဇဝတ်မှု မြောက်သည်ဟု ပြဋ္ဌာန်းထား၍ ဖြစ်သည်။ သို့မဟုတ်ကလည်း သူမ၏ ရည်းစား ဖြစ်သူ အား ရထား ပေါ်မှ အတင်း တွန်းချ ခဲ့သည့် လူမည်း လူငယ်လေးများအား လက်စား ချေလို၍လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ မည်သို့ပင် ရည်ရွယ်စေကာမူ သူမ၏ ထွက်ဆိုချက် ကြောင့် လူမည်း လူငယ်လေး များအဖို့ ၎င်းတို့၏ အသက် အန္တရာယ်ကို ခြိမ်းခြောက်လာနေသည့် အမှုကြီး နှင့် ရင်ဆိုင်ခဲ့ကြရပြီ ဖြစ်သည်။

 

အကျဉ်းထောင် အစောင့်များက စကော့တ်ဘိုရို လူကလေးများ ကို တန်းစီခိုင်းလိုက်သည်။ ဗစ်တိုရီယား ပရိုက်စ်က ကိုးယောက်ထဲမှ ခြောက်ယောက်ကို သူမအား အဓမ္မပြုကျင့်ခဲ့သူ များ အဖြစ် လက်ညိုးထိုးပြ ခဲ့သည်။ ထိုအထဲမှ တယောက်က ပရိုက်စ် အား လူလိမ်မ ဟု အော်ဟစ်ခဲ့၍ လှံစွပ်နှင့် အရိုက်ခံလိုက်ရသည်။ အစောင့်တယောက် က "ဒီ ခြောက်‌ယောက်က မစ် ပရိုက်စ် ကို ကျူးလွန်ခဲ့ကြတယ် ဆိုရင် ကျန် သုံး‌ယောက်က မစ် ဘိတ်စ်ကို ပြုကျင့်ကြမှာပဲ ဆိုတာ သုံးသပ်လို့ ရတယ်" ဟု ပြောခဲ့သည်။

 

ထိုည မှာပင် ရာပေါင်းများစွာသော လူအုပ်ကြီးသည် စကောတ်ဘိုရို အချုပ်ခန်းသို့ ဝိုင်းလာခဲ့ကြပြီ ဖြစ်သည်။ လူမည်း လူငယ် ကိုးဦးအား ဝိုင်းဝန်း အမဲဖျက်မည့် ၎င်းတို့၏ အကြံသည် အယ်လာဘာမား ပြည်နယ် အုပ်ချုပ်ရေးမှူး ဘီ အမ် မေလာ ကြောင့် ပျက်ပြားသွားခဲ့ရသည်။ မေလာသည် ၎င်းတို့အား အကာအကွယ်ပေးရန် အမျိုးသား အစောင့်တပ်ကို စေလွှတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

 

ဆယ့်နှစ်ရက် အကြာတွင် တရားခွင် ပထမပိုင်းက စတင်လာခဲ့သည်။ တရားခံတစ်ဦးဖြစ်သူ ဟေးဝုဒ် ပက်တာဆန် က တရားခွင်အတွင်း မြင်တွေ့ရသည့် မြင်ကွင်းအား "ဖြူဖွေးပြီး ပြုံးရယ်နေကြတဲ့ မျက်နှာကြီးတစ်ခုအလား" လို့ တင်စားဖော်ပြခဲ့သည်။ ပရိသတ်ထဲမှ ၎င်းတို့အား အပြစ်မရှိဟု ယူဆသူ မဆိုသလောက်သာ ရှိနေသည်။

 

စကောတ်ဘိုရို မြို သတင်းစာ မျက်နှာဖုံးတွင် "နီဂရိုးအားလုံးကို မိန်းကလေးများက မှန်ကန်စွာ ရွေးထုတ်ပြနိုင်ခဲ့ပြီး၊ ၎င်းတို့ ရွံရှာဖွယ် ကောင်းလှသည့် ရာဇဝတ်မှု ကြီးကို ကျုးလွန်နေကြစဉ် ‌ပစ္စတို တလက်၊ ဓါးမြှောင်များ ပြကာ ချုပ်နှောင်ခံထားရသည့် လူဖြူ လူငယ် တဦးကလည်း ထို လူမည်း မိစ္စာကောင် ကိုးဦး ဖြစ်ကြောင်း သက်သေ ထွက်ဆိုခဲ့သည်" ဟု ရေးသားထားသည်။

 

ထိုသို့ အမှု မစစ်ဆေးခင်ကပင် ကြိုတင် စီရင် ဆုံးဖြတ်နေမှု များ ရှိနေသည့် အပြင် လူမည်းများသည် အခြား ပြဿနာကြီး တခုကလည်း ရှိ‌လာပြန်သည်။ ၎င်းတို့ဖက်က ရှေ့နေ လိုက်ပေးမည့် လူများသည် တော်ရိရော်ရိ များ ဖြစ်နေသည်။ တဦးက အခမဲ့ လိုက်ပေးရမည့်သူ ဖြစ်ပြီး၊ ကျန်တဦးက တင်နက်စီ တွင် အိမ်အရောင်းအဝယ် အတွက် လိုက်ပါ ဆောင်ရွက်ပေးသည့် ရှေ့နေမျိုး ဖြစ်ပြီး အမှု အတွက် ဘာမှ ပြင်ဆင်ထားခြင်းမျိုး မရှိ ဖြစ်နေသည်။

 

အမှုစစ်ဆေးသည့် ပထမဆုံးနေ့မှာပင် ရှေ့နေဖြစ်သူသည် လမ်းပင် မှန်အောင် မလျှောက်နိုင်လောက်အောင် မူးရူးပြီး ရောက်လာခဲ့သည်။ အခြားခုခံချေပပေးမည့် ရှေ့နေကလည်း "အသက်ကြီးပြီး သတိမေ့တတ်သည့် အပြင် တုန်တုန်ချိချိ" ဖြစ်နေသည်။ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အမှုတစ်ခုကိုမှပင် မလိုက်ဖူးခဲ့သူ လည်း ဖြစ်သည်။

 

စကော့တ်ဘိုရို လူကလေးများ၏ အမှု ကို နှစ်ယောက် တတွဲ၊ သုံးယောက်တတွဲ ခွဲပြီး ကြားနာခဲ့ရာ ဇယ်စက်သလို မြန်ဆန်လှပြီး သုံးရက် အတွင်း ပြီးစီးသွားခဲ့သည်။ တရားခွင် သည် တရားခံ ရှေ့နေ များ အတွက် ကံဆိုးမိုးမှောင် ကျသွားခဲ့ရခြင်းပင် ဖြစ်သည်။ ဗစ်တိုရီယား ပရိုက်စ် နှင့် ရူဘီ ဘိတ်စ်တို့၏ ထွက်ချက်များသည် ကွဲလွဲနေသော်လည်း တရားခံ ဖက်မှ ၎င်းတို့ကို ပြန်လှန် မေးခွန်းထုတ် စစ်ဆေး ခဲ့ခြင်း မရှိပေ။ အဓမ္မ ကျင့် ခံရသည် ဆိုသော မိန်းကလေး နှစ်ဦးကို စစ်ဆေးခဲ့သော ဆရာဝန် နှစ်ဦး အားလည်း အလားတူ စစ်ဆေးမေးမြန်းခြင်း မရှိခဲ့။

 

တရားခံ အကျိုးဆောင်ဖက်က ခေါ်ယူခဲ့သော သက်သေ ဟူ၍ တရားခံများသာ ဖြစ်ပြီး ထွက်ဆိုကြရာတွင်လည်း အချင်းချင်း ငြင်းခုံကာ ပြီးဆုံးသွားခဲ့သည်။ တရားခံ တဦး ဖြစ်သူ ကလဲရင့်စ် နောရစ်က"မုဒိမ်းကျင့်ခဲ့တာမှာ၊ တစ်ယောက်မကျန် ပါတယ်" ဟု ၎င်းနှင့် အတူ တရားစွဲဆိုခံထားရသူများကို စွပ်စွဲပြောဆိုခဲ့ရာ၊ ၎င်းပြောစကားအား ထိုစဉ်က သတင်းစာတစ်စောင်မှ "ရုံးတင်စစ်ဆေးမှု၏ အရေးပါဆုံး အစိတ်အပိုင်း" ဖြစ်ခဲ့သည်ဟု ရေးသားခဲ့သည်။ တရားခံ ရှေ့နေများက အပြီးသတ် လျှောက်လှဲချက် ကိုလည်း ပြောဆိုခဲ့ကြခြင်း မရှိပေ။ ဒေသခံ အယ်ဒီတာတစ်ဦးက အစိုးရဘက်မှ တင်ပြသည့် အမှုအထောက်အထားများသည် "အလွန်တရာ ခိုင်လုံလွန်းလှသဖြင့် အပြစ်ဆိုဖွယ်မရှိလုနီးပါး ပြည့်စုံကောင်းမွန်နေသည်" ဟု ဖော်ပြခဲ့သည်။