မနက်ဖန် သည် ကား မြန်မာ ပြည်သူ တို့ အဖို့ ရင်နာ စရာ ကောင်းလှသည့် ကြေကွဲဖွယ်ရာ နေ့တနေ့ အဖြစ် မမေ့နိုင်အောင် စွဲထင်ကျန်ရစ်ခဲ့တော့မည် ဖြစ်သည်။
ပြည်သူများ အဖို့ တရုတ်ဩဇာခံ အဖြစ် ဆက်၍ ရပ်တည်သွားကြရမည့် စစ်ဗိုလ်ချုပ်များကို သိသိကြီး နှင့် မဲပေးကြရ ပေတော့မည်။
အမေရိကန် Foreign Affairs မဂ္ဂဇင်းမှ "How China Carved Up Myanmar" ဆိုသည့် ခေါင်းစဉ် ဖြင့် ရေးသားလာခဲ့သည်ကို ကောက်နှုတ် တင်ပြသွားပါမည်။
လက်ရှိ မြန်မာ နိုင်ငံရေး မျက်နှာစာ သည် အက်ကြောင်းများ လိုက်လာနေပြီး အတောမသတ် မတည်ငြိမ်မှု များ နှင့် အတူ ပြည်ပ ရင်းနှီးမြုပ်နှံမှု များ အတွက် စိုးရိမ်မကင်းစရာ ဖြစ်လာနိုင်ပြီး နယ်ခြားကို ကျော်လွန်၍ ကူးစက်လာနိုင်ပေသည်။
တရုတ်တို့ကတော့ လားလားမျှပင် မစိုးရိမ်ဘဲ ၎င်းတို့ စီမံ ထိန်းချုပ်၍ ရသည်ဟု ယူဆထားပြီး ဖြစ်သည်။ ပြည်တွင်းစစ် တလျောက်လုံးလည်း ယာလည်း ညက်စေ ကြက်လည်း ပမ်းစေ ဆိုကာ ချိန်ခွင်လျှာကို တည့်အောင်လုပ်ပေးထားပြီး နောက်ဆုံးတွင် စစ်အုပ်စု အသာစီးရလာလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။
တရုတ်သည် ကြီးမားသော စီးပွားရေးအင်အား ကို အသုံးချ၍ ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့အစည်းများကို ၎င်းတို့အလိုကျ ညှိနှိုင်းဆွေးနွေးပွဲစားပွဲဝိုင်းသို့ ရောက်လာစေရန် ဖိအားပေးလျက်ရှိသည်။
မနက်ဖန် တွင် လုပ်လာမည့် ရွေးကောက်ပွဲ သည် လွတ်လပ်ပြီး တရားမျှတ မှု လည်း ရှိလိမ့်မည် မဟုတ်ဟု အားလုံးက ယူဆထားကြပြီး ဖြစ်သော်လည်း နိုင်ငံရေး ပါတီ အချို့က နိုင်ငံရေး ပိုင်းတွင် ကန့်သတ် ချုပ်ချယ်ထားမှု များကို အတန်ငယ် ဖြေလျော့ လာလိမ့်မည်ဟု မျှော်လင့်နေကြသည်။ တရုတ် ခေါင်းဆောင်ပိုင်းကမူ မြန်မာ ကို ဆက်၍ စီမံ ခန့်ခွဲ သွားနိုင်ရေး ဆိုသည့် ၎င်းတို့၏ ရည်မှန်းချက် အတွက် လွန်စွာ အရေးပါသော ခြေလှမ်းတလှမ်း အဖြစ် ရှုမြင်လျက် ရှိသည်။
အမှန်တကယ် အာဏာကို ချုပ်ကိုင်လာမည့် စစ်ခေါင်းဆောင် ပိုင်းက ၎င်းတို့ အလိုကျ စီမံပေးသွားမည် ဖြစ်ပြီး အရပ်သားများကတော့ လွှတ်တော်ထဲတွင် ဘတ်ဂျက် နှင့် ကန်ထရိုက် စာချုပ်များ အပေါ် ဆွေးနွေးငြင်းခုံ ကြမည့် အလုပ်သာ လုပ်ကြဖို့ ရှိသည်။ ၎င်းတို့ ရှေ့လျောက် ရင်းနှီးမြုပ်နှံသွားနိုင်ဖို့ ယုံကြည်စိတ်ချရသည့် အခင်းအကျင်း လည်းဖြစ်သည်။ ၎င်းတို့၏ စီမံကိန်းများကို အရပ်သား အစိုးရက အတည်ပြုပေးရမည် ဖြစ်၍ မည်သည့် ဒေသတွင် မည်သည့်အဖွဲ့က အာဏာစိုးမိုးထားသည်ဖြစ်စေ၊ လုပ်ထုံးလုပ်နည်းများအရ တရုတ်ကုမ္ပဏီများအတွက် လုပ်ငန်းစဉ် မပြတ်တောက်စေရန်နှင့် ဥပဒေကြောင်းအရ အကာအကွယ်ရရှိစေရန် အထောက်အကူပြုလာမည် ဖြစ်သည်။
လာမည့်ရွေးကောက်ပွဲသည် မြန်မာ့ တို့၏ ပြိုကွဲမှုကို ကုစားပေးနိုင်မည်မဟုတ် သော်လည်း၊ တရုတ်ကမူ ၎င်းတို့အတွက် ဘေးကင်းလုံခြုံစေရန် မြန်မာ့အကွဲအပြဲများကို စနစ်တကျ အကွက်ချစီမံ အသုံးချသွားမည်သာ ဖြစ်သည်။ စစ်အုပ်စုသည် ကုန်သွယ်ရေး၊ စွမ်းအင် နှင့် အုပ်ချုပ်ရေး ပိုင်းတွင် ၎င်းတို့ အပေါ် မှီခိုနေသရွေ့ နိုင်ငံ အတွင်း ဖြစ်ပျက်နေသည်များကို သည်းခံ၍ ရသည်ဟုလည်း ခံယူထားသည်။
မြန်မာပြည်တွင်းရှိ မည်သည့် အဖွဲ့အစည်းမဆို အဓိကကျသည့် သယံဇာတများ၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ နှင့် တရားဝင်ခွင့်ပြု ပေးစရာ ရှိသည်များ ကို ဘီဂျင်းအား အရင် အသိပေး အကြောင်းကြားခြင်းမရှိဘဲ လုပ်ပိုင်ခွင့်ရမည် မဟုတ် တော့။ တရုတ်၏ သံတမန်ရေး၊ လုံခြုံရေးနဲ့ စီးပွားရေးဌာနများ ကလည်း ဒီနည်းလမ်းအတိုင်း သွားအောင် ပံ့ပိုးပေးနေကြသည်။ သို့မှသာ ပြိုင်ဘက်အဖွဲ့များ အပေါ် ဖိအားပေးမှုကို စိတ်ကြိုက် လိုတိုးပိုလျှော့ လုပ်နိုင်စွမ်းရှိမည်ဟု ယုံကြည်နေကြသည်။ ယခုလို စီမံခန့်ခွဲ ထားမည် ဆိုက မငြိမ်သက်မှုများ ကနေ တိုင်းပြည်တခုလုံး ပရမ်းပတာ မဖြစ်သွားအောင် ထိန်းကျောင်းနိုင်မည် ဟုလည်း ယူဆကြသည်။ အကယ်၍ ယင်း ဗျူဟာသည် သာ အောင်မြင်သွားမည် ဆိုက ကမ္ဘာ့အခြေအနေ အရှုပ်ထွေးဆုံးနိုင်ငံများကို တရုတ်တို့ ဝင်ရောက် ထိန်းချုပ်နိုင်ရန် ထို လမ်းကြောင်း အတိုင်း အသုံးချ လာတော့မည် ဖြစ်သည်။
တရုတ်သည် စစ်အုပ်စု နှင့် သာမက နယ်မြေအသီးသီးရှိ အင်အားတောင့်တင်းသည့် လက်နက်ကိုင်အဖွဲ့များနှင့်ပါ တိုက်ရိုက် ထိတွေ့မှု များ ပြုလုပ်ခဲ့သည်။ ယခုလို ဘက်ပေါင်းစုံနှင့် မိတ်ဆွေဖွဲ့သည့် နည်းဗျူဟာသည် တရုတ်၏ အဓိကအကျိုးစီးပွားများ ဖြစ်သည့် မြန်မာ့မြေပေါ်ရှိ အရေးကြီး သတ္တုသယံဇာတများ သိမ်းပိုက်နိုင်ရန်နှင့် အိန္ဒိယသမုဒ္ဒရာဆီ ထွက်ပေါက်ရရန် အတွက် ရည်ရွယ်ခြင်း ဖြစ်သည်။
၂၀၂၃ တွင် မြန်မာ မှ ရှားပါး မြေသား သတ္တုတန် ချိန် ၄၁,၇၀၀ တင်သွင်းနိုင်ခဲ့ပြီး တရုတ်မှ ပြည်ပတင်ပို့ နေမှု များ၏ ၉၀ ရာနှုန်းလည်း ဖြစ်သည်။
သို့သော် နေပြည်တော် အဖို့ အကျိုးအမြတ်က ဖြစ်မလာခဲ့၊ ကချင်မြောက်ပိုင်း နှင့် ရှမ်းပြည်နယ် အတွင်းရှိ၍ ကချင် လွတ်လပ်ရေး တပ်တော် နှင့် ဝ တပ်များကသာ ထိန်းချုပ်ထားသည်။ ဘီဂျင်းသည် အဆိုပါ လက်နက်ကိုင် အဖွဲ့များ နှင့် အတူတွဲ၍ လုပ်နိုင်မှသာ ရှားပါး သတ္တုများ ရနိုင်ဖို့ စိတ်ချရမည် ဖြစ်သည်။
ကျောက်ဖြူ ပင်လယ်နက် ဆိပ်ကမ်းသည် စစ်အုပ်စု လက်ဝယ် ရှိနေသော်လည်း အနီးပတ်ဝန်းကျင် ဒေသများကို အာရက္ခ တပ်တော်က ဝိုင်းပတ် ထိန်းချုပ်ထားသည်။ အလားတူ ရေနံပိုက်လိုင်းများ ဖြတ်သန်းရာ နယ်မြေများသည်လည်း မဟာမိတ် လက်နက်ကိုင် အဖွဲ့များ လက်အောက်တွင် ရှိနေသည်။
တရုတ်သည် ရခိုင်ပြည်နယ်ရှိ ဆိပ်ကမ်းစီမံကိန်း၏ အဓိက အထောက်အပံ့ပေးသူဖြစ်ပြီး၊ အနာဂတ် ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးထောက်ပံ့မှုနှင့် စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များတွင် အဓိက နေရာ တွင် ရှိနေ သောကြောင့် အာရက္ခတပ်တော် အပေါ် ဩဇာညောင်းမှုကို ဆက်လက်ထိန်းထားနိုင်သည်။ အာရက္ခတပ်တော်သည် ဒေသစိုးမိုးရေးအတွက် စစ်အုပ်စု နှင့် တိုက်ပွဲဝင်နေရသော်လည်း၊ တရုတ်က ဩဇာအာဏာကို အသုံးပြု၍ ၎င်းတို့၏ အခြေခံအဆောက်အအုံများကို ကာကွယ်ပေးရန် AA ကို ထိရောက်စွာ ဖိအားပေး စေခိုင်းထားနိုင်စွမ်း ရှိနေသည်။
သို့သော် ဘီဂျင်း အဖို့ကား ဒေသ အသီးသီးရှိ အဖွဲ့များ နှင့် ကွက်ကျား ဆက်ဆံနေမှုသည် ရေရှည်တွင် အာမခံချက် မရှိ၍ ဥပဒေ ကြောင်းအရ အကာအကွယ် ပေးနိုင်မည့် နိုင်ငံတော် အဆင့် မှ တရားဝင် ခွင့်ပြုချက်မျိုး ရှိထားမှ ဖြစ်မည်ဟု ခံယူထားသည်။ ဗဟို အစိုးရသည် မည်မျှပင် အားပျော့ နေစေကာမူ ၎င်းတို့ လိုအပ်ချက် အတွက် လုံလောက်သည်။
ထို့အတွက် လည်း ဒေသခံ လက်နက်ကိုင် အဖွဲ့များရော၊ စစ်အုပ်စု ပါ သယံဇာတများ မှ ဝင်ငွေ များအပြင် တရားဝင် အုပ်ချုပ် ပိုင်ခွင့် ရရေး အပြန်အလှန် အမှီသဟဲ ပြုလာရပြီး တရုတ်ကိုလည်း မှီခိုလာရသည်။ တရုတ်သည် အချိန်ကုန်ပြီး နိုင်ငံရေးအရ ရှုပ်ထွေးလှသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အကောင်အထည် ဖေါ်ဖို့ မလိုဘဲ၊ အဖွဲ့အစည်းများအကြား တစ်ဦးကိုတစ်ဦး မှီခိုနေရမည့် အခြေအနေများကိုသာ ဖန်တီးပြီး ၎င်းတို့ လိုချင်သည်များကို အကွက်ချ ဖော်ဆောင်နေသည်။
ထိုသို့ ဖေါ်ဆောင်ရာတွင်လည်း အစိုးရ အချင်းချင်း ဆက်ဆံမှု နှင့် ယူနန် ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့မှ နယ်စပ် ဒေသ ကို ကိုင်တွယ်ရန် ပါ တာဝန်ခွဲဝေ ထားသည်။ ယူနန် အာဏာပိုင်များသည် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကို ၎င်းတို့ အလိုကျ အဖွင့်အပိတ် လုပ်နိုင်သလို၊ နယ်စပ်အဖွဲ့များအတွက် အရေးပါသည့် စက်သုံးဆီ၊ လျှပ်စစ်နှင့် ငွေကြေးစီးဆင်းမှု များကိုလည်း စိတ်ကြိုက် ကိုင်တွယ်နိုင်သည်။ လိုအပ်လာက ပြိုင်ဘက်အဖွဲ့များ အကြား အပစ်ရပ်စဲသွားအောင် မက်လုံးပေး စည်းရုံးနိုင်သည့် အနေအထားလည်း ရှိနေသည်။
သို့သော် ၎င်းတို့ ၏ ပိုမို ကျယ်ပြန့်စွာ ချမှတ်ထားသည့် ရည်မှန်းချက်များ လမ်းလွဲ မသွားစေရန် ခန့်အပ်ထားသည့် တရုတ်အထူးသံတမန်လည်း ဝင်ရောက် ဖြန်ဖြေ နိုင်သည့် အခွင့်အာဏာ ရှိနေပြန်၍ ၎င်းတို့ အကြား မကြာခဏ ပွတ်တိုက်မှု များ ရှိနေပြန်သည်။
အဓိက မေးခွန်း ထုတ်စရာ ဖြစ်လာရသည်က လက်ရှိ ပုံစံ အတိုင်း အကွဲအပြဲများကို ရေရှည်ထိန်းထား နိုင်မည်လား ဆိုသည်ပင် ဖြစ်သည်။ ရွေးကောက်ပွဲ အပြီး ဘီဂျင်း ဖြစ်စေချင်သည်က မင်းအောင်လှိုင်အား ယာယီ အားဖြင့် သမ္မတ အဖြစ် ထားရှိပြီး ကျန် စစ် ခေါင်းဆောင်များမှ တာဝန် ယူစေရန် ဖြစ်သည်။
နေပြည်တော်တွင် မည်သူမျှ 'အလားအလာရှိသော အာဏာဆက်ခံသူ' အဖြစ် ပေါ်ထွက်မလာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ဤသည်ကလည်း နေပြည်တော်ရှိ အာဏာစက်အတွင်း ၎င်းတို့ကို အာခံနိုင်သည့် အစုအဖွဲ့များ ထွက်လာပြီး အနာဂတ် အာဏာအကူးအပြောင်းကို နှောင့်ယှက်လာမည် သို့မဟုတ် ၎င်းတို့ အသေအချာ ပုံဖော်ထားသည့် အကျိုးစီးပွား မျှခြေကို ရိုက်ချိုးပစ်မည်ကို စိုးရိမ်နေ၍ ဖြစ်သည်။
သို့သော် ဘီဂျင်း၏ ဩဇာစက်ဝန်းသည် နိုင်ငံ အလယ်ပိုင်း၊ အရှေ့ပိုင်း နှင့် တောင်ပိုင်း တို့ကိုမူ ဖြန့်ကြက် နိုင်ခြင်း မရှိသေးပေ။ ထို့အတွက် ဒေသတွင်း နှင့် နိုင်ငံတကာ အတွက် တရုတ်ဩဇာအာဏာကို ကန့်သတ်နိုင်ရန် ကြိုးပမ်းခွင့် ရှိနေပေသေးသည်။
တရုတ်သည် နေပြည်တော် ရှိ အစိုးရတခုတည်းကို ထောက်ခံမည့်အစား ပိုအလုပ်ဖြစ်မည့် အခြား နည်းလမ်းသစ်တရပ်ကို ရှာဖွေ နေသည်။ ၎င်းတို့၏ ဗျူဟာ အောင်မြင်ရန် အခြေအနေများ ဖန်တီးထားနိုင်သော်လည်း တဖက်တွင် ပရမ်းပတာဖြစ်သွားနိုင်သည့် အန္တရာယ်က အတော်လေး မြင့်မားနေသည်။၎င်းတို့ နယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များအား အခွင့်အာဏာပေးမည့် သဘောတူညီချက်များ ပိုမိုလုပ်ဆောင်လေလေ၊ စစ်အုပ်စူ၏ အာဏာစက်မှာ အလိုလို ယုတ်လျော့လာလေလေ ဖြစ်ပေလိမ့်မည်။
စစ်အုပ်စု အလွန်အမင်း အားနည်းသွားမည်ဆိုက တနိုင်ငံလုံး ပြိုလဲသွားနိုင်သည်ဟု ယူဆနေသည်။ လက်ရှိ ရှုပ်ထွေးပြီး ပရမ်းပတာ အခြေအ နေများကြားထဲကပင် ၎င်းတို့ လိုချင်သည့် အကျိုးစီးပွားများကို ရအောင် နှိုက်ထုတ် နိုင်ရန် အတွက် 'ဘက်မလိုက် မျှခြေ' တခုကို ဖန်တီးနိုင်မည်ဟု အပိုင်တွက်ပြီး လောင်းကြေးထပ်ထားခြင်းသာ ဖြစ်ပေသည်။
ပြည်သူ့ အားဖြင့် တရားသော စစ် မုချ အောင်ရမည်!!!