သို့သော် ဖရင့်ဇ် ၏ အထက်အရာရှိ ဖြစ်သူ ဗိုလ်မှုးချုပ် တဲလ်ဖို့ တေလာ ဆီမှတော့ အကူအညီ မရ သလောက် ဖြစ်နေသည်။ သူ့အား အမှု ဆယ်နှစ်မှု ကို ရုံးတင် တရားစွံဖို့သာ ရံပုံငွေ ချပေးထား၍ ယခုလို ထပ်ပေါ်လာသော အမှု အတွက် လူအင်အား၊ ငွေအင်အား ပိုင်းအရ ဖဲ့ မသုံးနိုင် သော ကြောင့်လည်း ဖြစ်သည်။
ဖရင့်ဇ်သည်လည်း ထိုအမှု ကို မဖြစ်မနေ ရုံးတင်မှ ဖြစ်မည်ဆိုကာ ဘယ်သူမှ လုပ်မည့်လူ မရှိလည်း သူကိုယ်တိုင် လုပ်တော့မည် ဟု ပြောလာခဲ့သည်။ ဤသို့ဖြင့် ဖရင့်ဇ်သည် ကမ္ဘာတွင် အကြီးမားဆုံး လူသတ်မှု ကြီး အတွက် တရားလိုဖက်က ဦးဆောင်ရမည့် ရှေ့နေချုပ် ဖြစ်လာခဲ့သည်။ ထိုအချိန်က ဖရင်းဇ်သည် အသက်အားဖြင့် နှစ်ဆယ့် ခုနှစ်နှစ်သာ ရှိသေးပြီး ပထမဆုံး ကိုင်တွယ်ရမည့် အမှု ဖြစ်လာခဲ့သည်။
သို့သော် ဖရင့်ဇ်က စိုးရိမ်ထိတ်လန့်မှု မရှိ၊ သူ့ အနေဖြင့် လူသတ်မှု ကျုးလွန်ခဲ့ခြင်းလည်း မရှိ၊ ကျုးလွန်ထားသူများကို ကျုးလွန်ကြောင်း သက်သေ ပြဖို့သာ ရှိသည်ဟု ပြောခဲ့သည်။
သို့သော် လူသတ်မှု ဆိုသော စကားကို သုံးနှုန်းခဲ့ရခြင်းသည်ပင် ထိုကဲ့သို့သော အမှုများ ကျူးလွန်ခဲ့သည် လူများ အတွက် စာနာ လွန်းသည့် သဘော သက်ရောက်နေသည်။
ဖရင်းဇ် သည် murder ဆိုသော အသုံး အနှုန်းအစား ရာဖေးလ် လမ်ကင် ဆိုသည့် ပိုလန် အမေရိကန် ရှေ့နေတဦး နာဇီ တို ဂျုးများ အား သုတ်သင်ခဲ့မှု ကြီး အတွက် တီထွင်ခဲ့သည့် genocide ဆိုသောအသုံးအနှုံး ကို သုံးရန် အကြံရလာခဲ့သည်။
************
ဖရင်းဇ် က အချိန် ထပ်ဖြုန်း မနေတော့၊ ရွေ့လျား သုတ်သင်ရေး အဖွဲ့ ဖိုင်များ ရှာ ဖွေ တွေ့ရှိခဲ့ချိန်မှစ၍ ငါးလ ခန့်ကြာမှ ရုံးတင် စစ်ဆေး နိုင်ခဲ့ သည်။ နောက်ပိုင်း တွင် "နုရင်ဘတ် တရားရုံး၏ နောက်ဆက်တွဲ တရားခွင်' ဟု ထင်ရှားလာခဲ့သည်။
ထိုနေ့က ၁၉၄၇ စက်တင်ဘာ ၂၉ ရက်နေ့ ဖြစ်သည်။ရာသီဥတုက တိမ်များ ထူထပ်နေပြီး၊ အပူချိန်က အေးသည် နှင့် ရေခဲတမျှ အေးသည် ဆိုသည့် အကြားတွင် တွင် ရှိနေသည်။ စစ်ပွဲအပြီး နှစ်နှစ်အကြာတွင် နုရင်ဘတ် (Nuremberg) တရားစီရင်ရေးနန်းတော်၌ ကျင်းပသော တရားရုံးစစ်ဆေးမှုကို ခေတ္တရပ်နားချိန် ဖြစ်သည်။
ဖရင်းဇ်သည် Einsatzgruppen ဟု ခေါ်သော ရွေ့လျား သုတ်သင်ရေး အဖွဲ့တွင် ပါဝင်သူများကို ထောင်ချီ၍ ခုံရုံးတင်နိုင်သော်လည်း သူ၏ စာရင်းထဲမှ အရာရှိ နှစ်ဆယ့် လေးဦး ကိုသာ ရွေးထုတ်ခဲ့သည်။ ထိုအရည်အတွက် ကို အတိအကျ ရွေးချယ်ရခြင်းမှာလည်း တရားရုံး အတွင်း တရားခံများ ထိုင်ရန် ချထားသော ခုံအရည်အတွက် နှစ်ဆယ့် လေးလုံးသာ ရှိသောကြောင့် ဖြစ်သည်
ရုံးတင်ခံရသူ အားလုံးသည် အဒေါ့ဖ် ဟစ်တလာ၏ "ဂျူးပြဿနာ အား နောက်ဆုံးဖြေရှင်းချက်" ဆိုသည်တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီး ညှိညှိနှိုင်းနှိုင်း ဖြင့် သတ်ဖြတ်ခဲ့ကြသူ များ ဖြစ်ကြသည်။
ဖရင်းဇ် သည် ပါဝင်နေသည့် အရာရှိမဟုတ်သော အခြား အဆင့် စစ်မှုထမ်း အများအပြားကို ရုံးတင်နိုင်စွမ်း ရှိသော်လည်း နှိပ်စက်ညှဉ်းပန်းခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို လက်ရဲဇက်ရဲ ကျူးလွန်ခဲ့ကြသည့် လူမိုက်များအဖြစ် အစဉ်အလာအရ သတ်မှတ်ခံရသူများ ဖြစ်သောကြောင့် တရားစွဲဆိုခြင်း မပြုခဲ့ခြင်း ဖြစ်သည်။
ဖရင်းဇ်ကိုယ်နှိုက်က တပ်ကြပ်တဦး အဖြစ် တိုက်ခိုက်ရေး ဖက်တွင် တာဝန်ထမ်းခဲ့ဖူးသူ ဖြစ်၍ အရာရှိ ဖြစ်သူ များ၏ အမိန့်ကို လိုက်နာခဲ့ကြခြင်း ဖြစ်သည်ကိုလည်း သိထား၍ ကျူးလွန်ခဲ့သည့် အမှူ များ အတွက် အရာရှိများသာ ပေးဆပ်ရမည် ဟု လက်ခံထားသူ ဖြစ်သည်။
အထူး ဓါတ်လှေကားဖြင့် စွပ်စွဲခံထားရသူများအား ၎င်းတို့ကို ချုပ်နှောင်ထားသည့် တရားရေး နန်းတော်၏ မြေအောက်ခန်း မှ ခေါ်ယူလာခဲ့သည်။ သတ်မှတ်ထားရာ ထိုင်ခုံများတွင်ထိုင်ရန် တန်းစီ ဝင်ရောက်လာကြသည်ကို ကြည့်ရင်း ၎င်းတို့ ပုံပန်းသဏ္ဍန်ုသည် သာမန် သူလို ငါလိုပင် ဖြစ်နေကြသည်ကို သတိထားမိလိုက်သည်။ အလားတူ ကိးယက်ဗ် မြို့ပြင်တွင် နှစ်ရက် အတွင်း ဂျူး ၃၃,၇၇၁ ဦး အား သတ်ဖြတ်ခဲ့သည့် Einsatz ခေါင်းဆောင် အော်တို ရာရှ် ၏ ပုံပန်းသည်လည်း သူ မျှော်လင့်ထားသလို မဟုတ်ဘဲ ဖြစ်နေသည်။ ရာရှ် အပါအဝင် အားလုံးက ၎င်းတို့ အပေါ် စွဲဆိုထားသည့် အမှုများကို "အပြစ်မရှိ" ဟု အလွယ်တကူ လျှောက်လှဲခဲ့ကြသည်မှာလည်း အံ့ဩစရာတော့ မဟုတ်ပေ။
ဝတ်ရုံ အမည်းကြီး ခြုံထားသော အမေရိကန် တရားသူကြီး သုံးဦးသည် သက်သေ အထောက်အထားများကို ကြားနာရန် အဆင်သင့် ဖြစ်နေကြလေပြီ၊ နာဇီ ပါတီဝင် ဟောင်းများ အားလုံးဖက်က အမှုလိုက်ပေးသည့် အကျိုးဆောင် အဖွဲ့သည်လည်း ၎င်းတို့ အမှုသည်များ အပေါ် စွပ်စွဲလာခဲ့သည့် သက်သေအထောက်အထားများ၊ မျက်မြင် သက်သေများ၏ ထွက်ဆိုချက်များကို ငြင်းဆိုနိုင်ရန် အကျအန ပြင်ဆင်လာခဲ့ကြသည်။
၁၃၆ ရက်ကြာသည့် တရားခွင် အတွင်း တရားခံ ရှေ့နေများဖက်က အသည်းအသန် ခုခံကာကွယ် လျှောက်လှဲ ခဲ့ကြသော်လည်း တရားလို ဖြစ်သည့် ဖရင်းဇ် မှ သက်သေတဦးတလေမျှပင် ခေါ်ယူ ခဲ့ခြင်း မရှိပေ။ ခေါ်ဖို့လည်း မလိုအပ်ပေ၊ ၎င်းတွင် မည်မျှသေဆုံးခဲ့သည်၊ မည်သည့် အချိန်တွင် မည်သူက ကျုးလွန်ခဲ့ကြသည် ဆိုသည့် ငြင်းမရသော သက်သေ အထောက်အထား စာရွက်စာတမ်းများက လက်ဝယ်တွင် ရှိနေခဲ့ပြီး ဖြစ်သည်။
တရားခွင်တစ်ခုလုံးတွင် တရားခံတစ်ဦးမှာ အခြားသူများထက် ပို၍ မိမိကိုယ်မိမိ အမှန်ဆုံးဟု ထင်မှတ်နေသည့်ပုံ ပေါ်နေသည်။ ၎င်းမှာ ဗိုလ်ချုပ် အော့တို အိုလန်ဒေါ့ဖ် (ပုံတွင် ပြထား) ဖြစ်သည်။ ၎င်းသည် ကုလားထိုင်ပေါ်တွင် ရော့တိရော့ရဲ ထိုင်နေပြီး လက်နှစ်ဖက်ကို ဝမ်းဗိုက်ပေါ်တွင် ယှက်တင်ထားသည်။ တင်းမာနေသော သူ၏ မျက်နှာပေးမှာ အမိန့်ချမှတ်ခံရမည့်သူနှင့် မတူဘဲ တစ်ကမ္ဘာလုံးကို အမိန့်ပြန်ချမှတ်တော့မည့်သူတစ်ဦးကဲ့သို့ပင် ဖြစ်နေသည်။
****************
အဓိက တရားခံ ဖြစ်သည့် ဗိုလ်ချုပ် အော်တို အိုလန်ဒေါ့ဖ်သည် ဂျီနိုဆိုက် အမှုကို ခုခံချေပရာတွင် စိတ်ဝင်စားဖွယ်လည်း ကောင်းပြီး ရွံရှာစက်ဆုပ်ဖွယ်လည်း ကောင်းလှသည့် လျှောက်လှဲချက်ကို တင်ပြလာခဲ့သည်ဟု ဖရင်းဇ်က ရေးသားခဲ့သည်။ ၎င်းသည် ရုပ်ရည်အားဖြင့် အတော်လေး ပြေပြစ် ချောမောသူ တဦး ဖြစ်ပြီး ကလေး ငါးယောက် ဖခင် ဖြစ်သည်။ စီးပွားရေး မေဂျာ ဖြင့် ဘွဲရထားသည်။
၎င်း၏ ကွပ်ကဲမှု လက်အောက်ရှိ Einsatzgruppe D အဖွဲ့မှ ဂျူး ၉၀,၀၀၀ ကို သုတ်သင်ခဲ့ပြီး ဖြစ်သည်ဟု အစီရင်ခံစာ ကြောင့် ထူးခြား ထင်ရှားစွာ ထွက်ပေါ်လာခဲ့သူ ဖြစ်သည်၊ သို့သော် သူ့တွင် တာဝန် မရှိဆိုကာ ငြင်းဆိုခဲ့သည်။
Ferencz သည်လည်း ဆုံးဖြတ်ရ ခက်သည့် အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ တကယ်၍ သူသည် အိုလန်ဒေါ့ဖ် ကို တရားခွင်တွင်ပြန်လှန် စစ်မေးခဲ့မည် ဆိုက အပြောင်မြောက်ဆုံး လုပ်ရပ် တစ်ခု ဖြစ်လာ ပေမည်။ သို့သော် ဖရင်းဇ်သည် လူများ အထင်ကြီး ခံရ ဖို့ထက် အမှုကို အနိုင်ရဖို့ကိုပဲ ပို၍ အလိုရှိ နေသည်။ အမှန်အတိုင်းပြောရလျင် နောင်တစ်ချိန် တွင် အမှု လိုက်ခွင့် ထပ်မရခဲ့ လျှင်ပင် ဂရုစိုက် တော့မည် လူမျိုး မဟုတ်။
ဦးဆောင်မည့် ရှေ့နေ အဖြစ် ဂျိမ်းစ် ဟိသ် ကို ထားရန် ဆုံးဖြတ်လိုက်သည်။ ၎င်း၏ ရင့်ကျက်တည်ငြိမ်သည့် အမူအရာနှင့် တောင်ပိုင်းသား လေယူလေသိမ်း ကြောင့် ဂျာမန်များ ပိုပြီး အထင်ကြီး လေးစားလာနိုင်သလို၊ သူ ကိုယ်တိုင် ဂျူးလူမျိုး ဖြစ် နေ၍ လက်စားချေလိုစိတ် ကြောင့် ဆိုသည့် အစွန်းအထင်းမျိုး ကိုလည်း ရှောင်လွှဲနိုင်မည် ဖြစ်သည်။
ဂျိမ်းစ်သည် အရက်စွဲနေ၍ အလုပ်ဖြုတ် ခံရတော့မည့် ဆဲဆဲ ဖြစ်လာနေ၍ ယခု ရလာသည့် အခွင့်အရေး သည် အလုပ် ပြုတ်မည့် အရေးမှ ကာကွယ် နိုင်မည့် နောက်ဆုံး အခွင့်အရေး ဟု ခံယူထားပြီး ဖြစ်သည်။
*******************