၁၉၈၀ ပြည့်လွန်နှစ်များအတွင်း တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ထိပ်သီးခေါင်းဆောင်များ ချမှတ်ခဲ့သော အရေးပါသည့် ဆုံးဖြတ်ချက်များ၊ တီယန်မင် အရေးအခင်းကြီး အပြီး လိုက်လျောညီထွေ ဖြစ်အောင် ထိထိရောက်ရောက် ပြောင်းလဲနိုင်ခဲ့မှု များ၊ CCP ၏ တမူ ထူးခြားသော အင်စတီကျုးရှင်း ပိုင်း ဝိသေသ လက္ခဏာ များ ကြောင့် ပို၍ ပွင့်လင်းသော နိုင်ငံရေး စနစ်များ သို့ အသွင်ကူးပြောင်းရေးသည် ခက်ခဲသည်ထက် ခက်ခဲလာခဲ့ရသည်။
ဤသည်ကလည်း တကိုယ်တော် အာဏာရှင် သို့မဟုတ် စစ်အာဏာသိမ်း အဖွဲ့များ၊ လီနင် ဝါဒ သမားများ မဟုတ်သည့် စင်္ကာပူ၏ People's Action Party (PPP)၊ မက္ကဆီကို၏ Institutional Revolutionary Party (PRI) ကဲ့သို့ တပါတီ အုပ်ချုပ်ရေး အဖွဲ့များ ကဲ့သို့ မြင်တွေ့နေကျ အာဏာရှင်များ လို မဟုတ်ဘဲ ကွန်မြူနစ် အကြွင်းမဲ့ အာဏာရှင်များသည် လက်တွေ့ကျပြီး အစီအစဉ် တကျ ရှိသော သဘောတရားများ၊ စနစ်တကျ စည်းရုံး ဖွဲ့စည်းထားသော အုပ်ချုပ်ရေး အဖွဲ့၊ အကြောက်တရားကို အုပ်ချုပ်ရေး လက်နက် အဖြစ် စနစ်တကျ အသုံးပြုခဲ့မှု၊ စီမံကိန်းများ ချပြီး နိုင်ငံပိုင်လုပ်ငန်းများ ဖြင့် စီးပွားရေး တွင် ပို၍ ဩဇာ သက်ရောက်လာနိုင်မှု၊ စစ်တပ် နှင့် ရဲ အဖွဲ့များကို ထိထိရောက်ရောက် ထိန်းချုပ်ထားမှု၊ လူ့အဖွဲ့အစည်းအပေါ် ပြိုင်ဖက်မရှိ လွှမ်းမိုးထားနိုင်မှု၊ သတင်း အချက်အလက်များ စီးဆင်းမှု ကို ကန့်သတ်ထားနိုင်မှု များ ကြောင့် ဖြစ်သည်။
ထိုသို့ အင်စတီကျုးရှင်းပိုင်း ဝိသေသ လက္ခဏာများ ကြောင့် အကြွင်းမဲ့ အာဏာရှင် စနစ်အား ဒီမိုကရေစီ အဖြစ် အသွင်ပြောင်းရေးသည် သာမန်အာဏာရှင်စနစ် ကျင့်သုံးသည့် အစိုးရထက် ပို၍ ခက်ခဲနေရခြင်း ဖြစ်သည်။ နိုင်ငံရေး အာဏာ တခုတည်းကိုသာ ချုပ်ကိုင်ထားသည့် အာဏာရှင်စနစ်အား ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် ပုံမှန်အားဖြင့် အုပ်ချုပ် နေသူများ နိုင်ငံရေး အာဏာ ကို စွန့်လွှတ်ပြီး စစ်ဖက် အား အရပ်ဖက် ထိန်းချုပ်မှု အောက်သို့ လွှဲ ပြောင်း ပစ်ရန် သာ ဖြစ်သည်။
အကြွင်းမဲ့ အာဏာရှင်စနစ် မှ ပြောင်းလဲရမည် ဆိုက နိုင်ငံရေးစနစ်၊ စီးပွားရေး နှင့် လူမှုရေး ကဏ္ဍ များ ရှိ မျက်နှာစာတိုင်းကို လက်တွေ့ကျကျ ပြောင်းလဲပစ်ရန် လိုအပ်လာသည်။ အဘယ်ကြောင့် ဆိုသော် အကြွင်းမဲ့ အာဏာရှင် စနစ်သည် ကဏ္ဍ ပေါင်းစုံတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ကြောင့်ပင် ဖြစ်သည်။
အကြွင်းမဲ့ အာဏာရှင် စနစ်အား တဖြေးဖြေးချင်း အပိုင်းလိုက် ပြုပြင် ပြောင်းလဲမည် ဆိုက သက်ရောက်မှု များများစားစား ရှိလာဖို့ မဖြစ်နိုင်၊ အဘယ်ကြောင့် ဆိုသော် စနစ်ဟောင်း တွင် အကြွင်းမဲ့ အာဏာရှင် စနစ်၏ အနှစ်သာရများ ဆက်လက် ရှိနေဦးမည် ဖြစ်သော ကြောင့်ပင်၊ ၎င်းတို့၏ အင်စတီကျူးရှင်း ပိုင်းဆိုင်ရာ ဝိသေသ လက္ခဏာများ တွင် ထိပ်ဆုံးက ရှိ နေသည့် လီနင်ဝါဒကျင့်သုံးသော ပါတီ နှင့် နိုင်ငံ တသားတည်း ဖြစ်နေသည့် စနစ် ကို ဖယ်ရှားပစ်ရ ပေမည်။
ဤနေရာတွင် ၁၉၈၀ ကုန် နှစ်များ အဆုံးတွင် ဒီမိုကရေစီ စနစ် သို့ ကူးပြောင်းခဲ့ကြသော ကွန်မြူနစ်များ အုပ်ချုပ်ခဲ့သည့် နိုင်ငံများမှသည် နောက်ဆုံး ၁၉၉၁ ဒီဇင်ဘာတွင် ဆိုဗီယက် ယူနီယံ ပြိုကွဲသွားခဲ့သည့် ကြားကာလ ကို အကျဉ်း ပြန်လည် သုံးသပ်ရမည် ဆိုက ထို ဖြစ်စဉ်များသည် ကွန်မြူနစ် အစိုးရများကို တော်လှန်ရေး ဖြင့် သာ အလျင်အမြန် ဖြုတ်ချ နိုင်ခဲ့ခြင်း ဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။
ထိုသို့ဖြစ်လာခဲ့ခြင်းသည် အရှေ့ဥရောပ နှင့် ယခင် ဆိုဗီယက် ပြည် ထောင်စု ထဲ ရှိ နိုင်ငံများရှိကွန်မြူနစ် အစိုးရများသည် အသားသေနေပြီ ဖြစ်သော အကြွင်းမဲ့ အာဏာရှင် စနစ်၏ အရေးပါသော လုပ်ထုံးလုပ်နည်း အချို့ ဖြစ်သည့် လူများကို သန့်စင် ဖယ်ရှားခြင်း၊ လူထုကို အကြောက်တရား သက်သက်ဖြင့် ထိန်းချုပ်ခြင်းမျိုးကို ကျင့်သုံးခြင်း မရှိဘဲ အခြား ဝိသေသ လက္ခဏာများ ဖြစ်သည့် လီနင် ဝါဒ ပါတီ နိုင်ငံတော် စနစ်၊ အမိန့်ပေး အမိန့်ခံ စီးပွားရေးစနစ်၊ သတင်း အချက်အလက်များကို လုံးဝ နီးပါး ထိန်းချုပ်ထားခြင်းမျိုးကိုသာ ကျင့်သုံးခဲ့ကြသည်။
ဆိုဗီယက် သည် ၎င်းတို့ ဩဇာခံ နိုင်ငံများအား စစ်ရေး အရ နောက်ထပ် ဝင်ရောက်စွက်ဖက်ခြင်းမျိုး မလုပ်နိုင် တော့ ဟု ရှင်းလင်းစွာ သိမြင်လာသည့် အခါတွင် တော်လှန်ရေး လှုပ်ရှားမှု များ တပြိုင်နက်တည်း လိုလို ပေါ်ပေါက်လာခဲ့ပြီး ထိုနိုင်ငံများရှိ အစိုးရများကို ဖြုတ်ချကာ ဒီမိုကရေစီ နှင့် အစားထိုးလာခဲ့ကြသည်။
အရှေ့ဥရောပရှိ ဆိုဗီယက်တို့ ကျောထောက်နောက်ခံပေးထားသော ကွန်မြူနစ် အစိုးရများ အလျှင် အမြန် ချုပ်ငြိမ်းသွားခဲ့မှု အပေါ် ရှင်းပြရန် ပိုမို လွယ်ကူသော်လည်း မူရင်း ကွန်မြူနစ် အရင့်အမာကြီး ဖြစ်သည့် ဆိုဗီယက် အစိုးရသည် အကြွင်းမဲ့ အာဏာရှင် စနစ် ၏ အခြေခံ အုတ်မြစ် ဖြစ်သည့် အင်စတီကျူးရှင်း များကို တဖြေးဖြေးခြင်း နိုင်ငံရေး အရ ပြုပြင် ပြောင်းလဲရန် ကြိုးပမ်းခြင်းဖြင့် အားပျော့သွားခဲ့ ရပြီး ၎င်းတို့ကိုယ်တိုင် တော်လှန်ပုန်ကန် ခံရမည့် ဘေး မှ လုံခြုံမှု မရှိတော့ ဆိုသည်ကို ပြဆိုနေပေသည်။
ဆိုဗီယက် တွင် ပြုပြင်ပြောင်းလဲရေးသမား ဖြစ်သည့် မီခေးလ် ဂေါဘာချော့ သည် ဂလပ်စနော့စ် (နိုင်ငံရေးအရ ပွင့်လင်း မြင်သာမှု ရှိခြင်း) နှင့် ပါရီစထရွိုက်ကာ (စီးပွားရေးနှင့် နိုင်ငံရေးစနစ်ကို ပြန်လည်ပြုပြင် တည်ဆောက်ခြင်း) တို့ကို သွတ်သွင်းလာပြီး ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်လာနေသော စနစ်ကြီးကို အသက်သွင်းရန် ကြိုးပမ်းခဲ့သည်။ ဂေါဘာချော့သည် ပွင့်လင်းမှု၊ နိုင်ငံရေး တွင် အများပါဝင်လာမှု နှင့် ယှဉ် ပြိုင်မှု တို့ အပေါ် လောင်းကြေးထပ်ပြီး ပို၍ လူသား ဆန်သည့် စနစ်တခု ဖြစ်ရန် ဖန်တီးခဲ့မှု သည် ဆိုဗီယက် အင်ပိုင်ယာ အတွင်း ရှိ သမ္မတ နိုင်ငံများ၏ အမျိုးသားရေး ဝါဒ ကို ကြိုးဖြည်ပေးလိုက်သလို ဖြစ်သွားခဲ့ရပေသည်။
ပြုပြင် ပြောင်းလဲရေးမှသည် တော်လှန်ရေး အသွင် ကူးပြောင်းလာ၍ ဂေါ့ဘာချော့ သည် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ဆိုဗီယက် ကွန်မြူနစ် ဝါဒကို မြေမြုပ် သင်္ဂြုလ်ပေးသူ ဖြစ်သွားခဲ့ရသည်။
ဆိုဗီယက် ယူနီယံ ကျဆုံးခန်းသည် ပြည်တွင်းဖြစ် တော်လှန်ရေး ဖြင့် ကွန်မြူနစ် အစိုးရကို ဖြုတ်ချ ခဲ့ခြင်း ဖြစ်သော်လည်း အကြွင်းမဲ့ အာဏာရှင် အစိုးရများအား တော်လှန်ရေး နည်းဖြင့် မဟုတ်ဘဲ ပြုပြင်ပြောင်းလဲရေး နည်းမျိုး ဖြင့် ဒီမိုကရေစီ သို့ အသွင်ပြောင်း၍ ရနိုင်မည်လား ဆိုသည့် မေးဖို့ ဖြစ်လာသည်။ တကယ်တမ်းတွင် ဂေါဘာချော့ လက်အောက် ဆိုဗီယက် ယူနီယံ သည်သာ ပြဿနာ ပေါင်းစုံ နှင့် နပမ်းလုံးနေရသော စနစ်ကြီးအား စီးပွားရေး အရ မဟုတ်ဘဲ နိုင်ငံရေး အရ ပြုပြင် ပြောင်းလဲရန် လုံးပမ်းခဲ့သည့် ကွန်မြူနစ် အစိုးရ ဖြစ်သည်။
ဂေါ်ဘာချော့ဗ်၏ ဂလက်စနော့နှင့် ပါရီစထရွိုင်ကာ တို့သည် အာဏာရှင်စနစ်လွန် အုပ်ချုပ်ရေးယန္တရား၏ အခြေခံအုတ်မြစ်များ (အထူးသဖြင့် ကွန်မြူနစ်ပါတီ၏ နိုင်ငံရေးလက်ဝါးကြီးအုပ်မှု) ကို အောင်မြင်စွာ ဖျက်သိမ်းနိုင်ခဲ့သည့်အတွက်ကြောင့်၊ ဆိုဗီယက်ဖြစ်ရပ်သည် 'အာဏာရှင်စနစ်လွန် အစိုးရ' တစ်ခုကို 'အခြားသော နိုင်ငံရေးစနစ်' (ရုရှားနိုင်ငံ၏ ဖြစ်ရပ်တွင် အားနည်းသော ဒီမိုကရေစီစနစ်) ဖြင့် ငြိမ်းချမ်းစွာ အစားထိုးနိုင်ခဲ့သည့် တစ်ခုတည်းသော သာဓကအဖြစ် ကျန်ရှိနေပါသည်။
တရုတ် နှင့် ဗီယက်နမ် ကဲ့သို့ ပြည်တွင်းဖြစ် ကွန်မြူနစ် အစိုးရများသည် အရင်းရှင် ဝါဒ ကို ပွေ့ဖက်ခဲ့ကြသော်လည်း နိုင်ငံရေး အရ လွတ်လပ်ခွင့် ကို မူ ဆန့်ကျင်ခဲ့သည်။ မကြုံဖူးအောင် စီးပွားရေး အရ ကြွယ်ဝ ဖွံ့ဖြိုးလာခဲ့ပြီး အကြွင်းမဲ့ အာဏာရှင်စနစ်၏ အဓိကကျသော နိုင်ငံရေး အင်စတီကျူးရှင်းများကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။ ထိုသို့သော အခြေအနေ တွင် ဒီမိုကရေစီ ဖြစ်ထွန်းမလာခြင်းကို ကြည့်မည် ဆိုက စီးပွားရေး ခေတ်မီ ဖွံ့ဖြိုးမှု တခုတည်း နှင့် တမူကွဲပြားသော အစိုးရ တရပ် ဖြစ်လာနိုင်ဖွယ် မရှိဆိုသည်ကို ပြဆိုနေသည်။
၁၉၈၀ ကျော် နှစ်များ အတွင်း ဆိုဗီယက် ယူနီယံ တွင် တွေ့ခဲ့ရသလို အကြွင်းမဲ့ အာဏာရှင်စနစ်၏ အခြေခံ အင်စတီကျုးရှင်းများကို အလွန်အမင်း အား ပျော့သွားစေသည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များသည် သာ အကြွင်းမဲ့ အာဏာရှင် သို့မဟုတ် အကြွင်းအကျန် အာဏာရှင် စနစ်အား ဒီမိုကရေစီ သို့ ကူးပြောင်းကောင်း ကူးပြောင်းနိုင်သည့် တခုတည်းသော လမ်းကြောင်း ဖြစ်လာခဲ့သည်။
အကြွင်းမဲ့ အာဏာရှင်စနစ်၏ အခြေခံ အင်စတီကျူးရှင်း များ ဖြစ်သော လီနင်ဝါဒ ကျင့်သုံးသောပါတီ-နိုင်ငံတော်၊ သတင်း အချက်အလက်များကို လုံးဝ နီးပါး ထိန်းချုပ်ထားနိုင်မှု၊ စစ်တပ် နှင့် လုံခြုံရေး ယန္တရား များကို တိုက်ရိုက် ထိန်းချုပ်ထားနိုင်မှု၊ စီးပွားရေး အပေါ် အလုံးစုံ ဩဇာ လွှမ်းမိုးထားနိုင်မှု ကို ဆက်၍ ထိန်းသိမ်းထားမည် ဆိုလျင် အကြွင်းမဲ့ အာဏာရှင် စနစ် ပြန်လည် ခေါင်းထောင်လာနိုင်ပြီး၊ ဩဇာအာဏာ ကြီးမားသည့် ခေါင်းဆောင် တဦးသည် နိုင်ငံရေး အရ အုပ်စီး လာနိုင်သည် ဆိုက ၎င်း အနေဖြင့် လက်ရှိ အစိုးရကို အကြွင်းမဲ့ အာဏာရှင်မျိုး ပြန်၍ အမြစ်တွယ် လာအောင် ဆုံးဖြတ်လာနိုင်သည်။
ထိုကဲ့သို့သော အုပ်ချုပ်ရေးစနစ်များတွင် အာဏာရှင်စနစ်၏ အမြစ်ကို တစ်ကြိမ်တစ်ခါမျှ အမြစ်ပြတ်အောင် မနှုတ်ပစ်နိုင်ခဲ့သလို၊ ယင်း၏ အဓိကကျသော အဖွဲ့အစည်းယန္တရားများမှာလည်း မူလအတိုင်း အကောင်းပကတိ ကျန်ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် အာဏာရှင်စနစ်ကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းရာတွင်၊ အာဏာရှင်ယန္တရားများကို အကြီးအကျယ် ဖျက်သိမ်းထားပြီးဖြစ်သော အုပ်ချုပ်ရေးစနစ်များနှင့် နှိုင်းယှဉ်ပါက အဟန့်အတားနှင့် အခက်အခဲ အလွန်နည်းပါးသည်ကို တွေ့ရမည် ဖြစ်သည်။