မြန်မာ တို့၏ ပဒေသရာဇ် စနစ်သည်ကား ထိန်း ကျောင်းကွပ်ကဲမှု မဲ့နေသော အကြွင်းမဲ့ အာဏာရှင် စနစ်သာ ဖြစ်သည်။ အားလုံးထဲတွင် ဘကြီးတော်သည် အဆိုးဆုံးဟု ဆိုရမည် ဖြစ်သည်။ ၎င်းသည် ဘိုးအေ တော်သူ အလောင်းမင်းတရား ကြီး၏ မျိုးဆက် အတော်များများ တွင် တွေ့ရ လေ့ ရှိသော စိတ်ကျန်းမာရေး မတည်ငြိမ်သည့် ဝေဒနာ ကို အမွေဆက်ခံခဲ့ရ သော ကြောင့်လည်း ဖြစ်သည်။ ဒေါသကြီးပြီး ထိန်းမန်ုင်သိမ်းမနိုင် ပေါက်ကွဲတတ်၍ လည်း အနီးအနား တွင် ခစားနေရသူ များ အဖို့ အသက်ဘေး အတွက် အမြဲလို စိုးရိမ်နေကြရသည်။
မိဖုရားခေါင်ကြီး နန်းမ တော် မယ်နု တွင် လောဘကြီးခြင်းနှင့် ရက်စက်ယုတ်မာခြင်းတို့ကို အစားထိုးကုစားပေးနိုင်မည့် မည်သည့် စာရိတ္တမျိုး မှမရှိဟု ဆိုကြသည်။ မောင်ဖြစ်သူသည် ငါးစိမ်းသည်တစ်ဦးဖြစ်ပြီး မျိုးရိုးနိမ့်ပါးမှုကို ဖုံးကွယ်ရန်အတွက် သူမသည် ဘကြီးတော်မင်းတရား၏ အတိတ်ဘဝက မိဖုရားဖြစ်ခဲ့ဖူးသော်လည်း အပြစ်အနည်းငယ် ကျူးလွန်ခဲ့မိသောကြောင့် ဗုဒ္ဓဘာသာ ကံ၊ ကံ၏အကျိုး သဘောတရားအရ ယခုဘဝတွင် နိမ့်ပါးသော မိသားစု၌ ပြန်လည်မွေးဖွားကာ အပြစ်ပေးခံရခြင်းဖြစ်သည်ဟူသော ပုံပြင်ဖြင့် ဆင်ခြေပေးခဲ့သည်။
ဘကြီးတော်လည်း ထိုဇာတ်ထုတ်ကို ယုံယုံကြည်ကြည် လက်ခံခဲ့၍ သူမ၏ ဩဇာလွမ်းမိုးမှု အောက် လုံးလုံးကြီး ကျရောက်သွားခဲ့သည်။ ယင်းနှင့် အတူ သားတော်တပါး မွေးဖွားပေးခဲ့သည့် မိဖုရားခေါင်ကြီးကို နန်းချခဲ့ပြီး မောင်းမမိတ်သံ တဦးမျှသာ ဖြစ်သော မယ်နု ကို မိဖုရားခေါင်ကြီး အဖြစ် မြှော့က်စားခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ဘကြီးတော်သည် သူ၏ စိတ် ဖေါက်လွဲဖောက်ပြန် ဖြစ်တတ်မှု နှင့် မိဖုရား ခေါင်ကြီး၏ သူ့ အပေါ် မကောင်းသည့်ဖက် တွန်းပို့နေသည်ကို သတိပြုမိလာခဲ့သည်။
ထိုကဲ့သို့ သော အခြေအနေများကြောင့် သူ၏ စိတ်ထဲတွင် တစ်စုံတစ်ဦးက ရန်မူတော့မည်ဟု အမြဲစိုးရိမ်နေသည့် စိတ်ဝေဒနာ တစ်မျိုး ဖြစ်လာပြီး၊ မင်းညီမင်းသား၊ မှူးမတ်အရာရှိများနှင့် သူ၏ ဆက်ဆံရေးသည် ပိုမိုဆိုးရွားလာခဲ့ပြီး နောက်ပိုင်းတွင် စစ်မက်ရေးရာကို စီမံခန့်ခွဲပုံအပေါ်၌လည်း သက်ရောက်မှုရှိလာခဲ့သည်။
ဗမာတို့၏ တင်းကျပ်လှသော လူမှု အဆင့်အတန်း ခွဲခြားမှု စနစ်သည် ဘုရင်၏ ဩဇာအာဏာကို ပို၍ ခိုင်မာစေခဲ့သည်။ ထိုစနစ်၏ သင်္ကေတသည် "ထီးတော်" ပင် ဖြစ်သည်။ ဘုရင်သည် "ထီးဆောင်းမင်း အပေါင်း၏ အရှင်သခင်" လည်း ဖြစ်လာသည်။ အခမ်းအနား ပွဲလမ်း သဘင်များတွင် အလုပ်အကျွေး ပြုရသူများက ဘုရင့် အတွက် သီးသန့် သတ်မှတ်ထားသည့် "ထီးဖြူ" ရှစ်လက်ကို မိုးပေးကြရသည်။ ထို ထီး များသည် အလွန်လက်ရာပြောင်မြောက်ပြီး အမြင့် ၁၂ ပေခန့်နှင့် အချင်း ၆ ပေခန့် ရှိကြသည်။ ထီးရိုးများအား ရွှေဖြင့်ပြုလုပ်၍ ပတ္တမြားများဖြင့် စီခြယ်မွမ်းမံထားကာ ထီးထိပ်တွင် ရွှေများ ကို စုတ်ပွားသဖွယ်လုပ်ပြီး တန်ဆာဆင်ထားသည်။
ထီးသည် ရာထူး အဆင့်အတန်းကို ဖေါ်ပြနေသည်။ အိမ်ရှေ့မင်းသားသည် လည်း ထီးဖြူ ရှစ်လက် မိုးခွင့်ရသော်လည်း အဆင်တန်ဆာ တွင်တော့ ဘုရင်ထက် လျော့နည်းနေသည်။ ဗိုလ်မှုး၊ ဝန်ကြီး၊ စစ်ကဲ များသည် ရွှေထီး သို့မဟုတ် ရွှေကွပ်ထားသော ထီးများ ဆောင်းခွင့်ရှိသည်၊ အခြား အဆင့် အရာရှိကြီးများသည်မူ ၎င်းတို့၏ ရာထူးအဆင့်အတန်းအလိုက် ပိုးသား သို့မဟုတ် အနီရောင်ဆေးခြယ်ထားသော ပိတ်ထီးများကို အနည်းဆုံး တစ်လက်မှ အများဆုံး ခြောက်လက်အထိ ဆောင်းခွင့် ရရှိကြသည်။ ထီးဖြူ ကို ဆောင်းမည် ဆိုက လွန်စွာ ကြီးလေးသော သစ္စာ ဖေါက်မှု ကြီး ကျူးလွန်ရာ ရောက်၍ အသက် ရှင်လို သေး သည် ဆိုက လုပ်ရဲကြခြင်း ရှိမည် မဟုတ်ပေ။
တခါတရံ ရောက်လာကြသော နိုင်ငံခြားသားများသည် ဝိတိုရိယ ခေတ် စတိုင် နေကာ ထီးဖြူကြီးကို ဆောင်းပြီး အပြင်သို့ ပျော်ပျော်ပါးပါး ထွက်လေ့ ရှိသည်။ ထိုသူ များကို ဘုရင် ပုလိပ် အဖွဲ့က ချက်ခြင်းလို ဖမ်းဆီးခဲ့ကြသည်။ တန်ဖိုးကြီးသော လက်ဆောင်များပေးက လွတ် လာကြသည်က များသည်။
၁၄ ရာစု အင်္ဂလန် ကဲ့သို့ပင် မြန်မာ တွင်လည်း အဝတ်အစား အဆောင်အယောင်သတ်မှတ်ချက် ဥပဒေ (Sumptuary laws) များက လူမှုအတန်းအစား စနစ်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ကန့်သတ်ခဲ့သည်။ အကြီးဆုံးသော ရွှေကြယ်သီးများ၊ စိန်၊ မြနဲ့ ပတ္တမြား ရတနာများကို တော်ဝင်မိသားစုဝင်များအတွက်သာ သီးသန့်သတ်မှတ်ထားသလို ရွှေချည်ငွေချည်ထိုး ပိုးထည်ရင်ဖုံးအင်္ကျီများနှင့် ကတ္တီပါဖိနပ်များကိုလည်း ၎င်းတို့ သာလျှင် ဝတ်ဆင်ခွင့်ရှိခဲ့သည်။
ဝတ်စားဆင်ယင်မှု ပုံစံနှင့် အထည်အလိပ် အမျိုးအစားများသည် ရာထူးဌာနန္တရနှင့် လူမှုအတန်းအစားအပေါ်တွင် မူတည်နေပါသည်။ နေ့စဉ်သုံး ပစ္စည်းအသေးအဖွဲများ ဖြစ်ကြသော သောက်ရေခွက်၊ ကွမ်းအစ် နှင့် ကွမ်းသွေးထွေးသည့် ထွေးခံများအထိ ပိုင်ရှင်၏ အဆင့်အတန်းအလိုက် ပုံသဏ္ဌာန်နှင့် ပြုလုပ်သည့် ပစ္စည်းချင်း ကွာခြားကြသည်။ ဘုရင်အသုံးပြုသည့် ထွေးခံကို ကျောက်သံပတ္တမြားများ စီခြယ်ထားသော ရွှေစင်ဖြင့် ပြုလုပ်ပြီး၊ ကုန်သည်တစ်ဦး၏ ထွေးအံကို ဆင်စွယ်ဖြင့် ပြုလုပ်ကာ၊ လှေထိုးသားတစ်ဦး၏ ထွေးအံကိုမူ ရိုးရှင်းလှသော သစ်သားဖြင့်သာ ပြုလုပ်ကြသည်။
တော်ဝင်မိသားစုအပေါ် မေးခွန်းထုတ်ရန် မလိုအောင် အလွန်အကျွံ အကြွင်းမဲ့ ကြည်ညိုလေးစားမှုနှင့် မြန်မာ့အမျိုးသား ထုကို ပြုန်းတီးစေခဲ့သော အမြဲလို ဖြစ်ပွား နေသည့် စစ်ပွဲများကိုပင် ခွင့်ပြုလက်ခံခဲ့သည့် မျက်စိမှိတ် နာခံမှုတို့၏ အရင်းအမြစ်ကို ဝေးဝေး သွားပြီး ရှာနေရန်ပင် မလို။ ယင်းအချက်သည် ၁၉ ရာစုတိုင်အောင် ရှင်သန်နေဆဲဖြစ်ပြီး၊ အမှန်တကယ်ဟုလည်း ယုံကြည်ခဲ့ကြကား ဘုရင်၏ ယုံကြည်ချက်နှင့် လုပ်ရပ်များအပေါ် လွှမ်းမိုးထားသည့် စကြာဝတေးမင်းဆိုသည့် ဒဏ္ဍာရီ ပုံပြင်တစ်ပုဒ်ထဲတွင် ကိန်းအောင်းနေသည် ကို တွေ့ရမည် ဖြစ်သည်။
မြန်မာတို့ ရာစုနှစ်ပေါင်း များစွာကတည်းက ပုံတူ ကူးချခဲ့သည့် ဟိန္ဒူ ဓလေ့ထုံးတမ်းများအရ ဘုရင့် ထီးနန်းသည် မြင့်မိုရ် တောင် နှင့် ကပ်နေပြီး စကြာဝဠ ၏ အလယ်ဗဟို တည့်တည့် တွင်ရှိ သည်ဟု ယုံကြည်ထားကြသည်။ ထို့ကြောင့် နန်းတော်သည် နတ်မင်းတို့ စံမြန်းရာ ဗဟိုချက်ဖြစ်ပြီး၊ ထိုနန်းတော်ကို ဗဟိုပြု၍ နေ၊ လနှင့် ကြယ်တာရာတို့သည် ရိုသေကိုင်းညွတ်စွာဖြင့် လှည့်ပတ်နေကြသည်ဟုလည်း ယုံကြည်ကြသည်။
သို့ဖြစ်၍ ဘုရင်တစ်ပါးသည် နန်းတော်ကို စိုးစံခွင့် ရရှိခြင်းဟူသော အကြောင်းရင်းသက်သက်ဖြင့်ပင် ထိုမင်းအား နတ်ဘုရားကဲ့သို့ မြင့်မြတ်သောအဆင့်အတန်း အရှိန်အဝါ သမုတိ နတ် ကို ရရှိပိုင်ဆိုင်စေခဲ့သည်။
နန်းတော်ကို ပိုင်ဆိုင်ထားခြင်းသည် အားလုံးထဲတွင် အရေးအကြီးဆုံးဖြစ်သည်။ အကြောင်းမှာ အကယ်၍ နန်းတော်ကို ပြိုင်ဘက်မင်းသားတစ်ပါးပါးကဖြစ်စေ၊ ဗြိတိသျှကဲ့သို့သော ပြည်ပအင်အားစုကဖြစ်စေ သိမ်းပိုက် စံမြန်းလိုက်သည်နှင့် တပြိုင်နက် လက်ရှိအုပ်ချုပ်နေသော ဘုရင်သည်လည်း ချက်ချင်းပင် နန်းကျသွားသောကြောင့်ဖြစ်သည်။
နန်းတော်ကို စံမြန်းခွင့်ရသူကိုသာ တိုင်းသူပြည်သားများက ရိုသေသမှု ပြုကြသည်၊ သစ္စာခံကြသည်။ ဘုရင်သည်လည်း နန်းတော် အစောင့်အကြပ်များအား စစ်သည်များထဲမှ သေချာစွာ စီစစ် ရွေးချယ်လေ့ ရှိသည်။ အဓိကအားဖြင့် ပုန်ကန်လိုသူများ ရန်မှ အသက်ပေး ကာကွယ်မည်ဟု ယုံကြည်ရသူများကိုသာ ရွေးချယ်ခြင်း ဖြစ်သည်။
စုဆောင်းထားသော စစ်သည်များဖြင့် ဖွဲ့စည်းထား သော လက်နက်ကိုင် တပ်များ သည်လည်း ရန်သူတို့၏ဘေးမှ ကာကွယ်ပေးခြင်းဖြင့် ဘုရင်၏ နတ်မင်းကဲ့သို့သော အရှိန်အဝါ ကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသည်။ တစ်နိုင်ငံလုံးက ဘုရင်၏ နတ်မင်းကဲ့သို့ အုပ်ချုပ်ပိုင်ခွင့်ကို လက်ခံထားကြခြင်းသည် ဘုရင်၏ အာဏာရှင်ဆန်မှုနှင့် ပြင်းထန်သော ဥပဒေများကိုပါ လက်ခံလိုက်ရခြင်း ဖြစ်သည်ဟု ဆိုလိုရာရောက်ပေသည်။
ဗုဒ္ဓဘာသာ၏ သာသနာပြုမင်းနှင့် သာသနာ့ကာကွယ်စောင့်ရှောက်သူဟူသော ဂုဏ်ပုဒ်ကြောင့်လည်း ပြည်သူတို့သည် ဘုရင်အပေါ် သစ္စာစောင့်သိကြသည်။ အကြောင်းမှာ ဘာသာတရား ကိုင်းရှိုင်းလှသော မြန်မာပြည်သူတို့အတွက် သာသနာကို စောင့်ရှောက်ခြင်းသည် မင်းတို့၏ အဓိကတာဝန်ဖြစ်သည်ဟု ယူဆထားကြသောကြောင့်ပင် ဖြစ်သည်။
ဘုရင်တစ်ပါးအနေဖြင့် သာသနာတော်အပေါ် သက်ဝင်ယုံကြည်မှုကို ပြသ ရန် လိုအပ်လာ၍ ခန့်ညားထည်ဝါလှသော ရွှေချဘုရားပုထိုးများ တည်ထားခြင်း၊ သံဃာတော်များ သီတင်းသုံးရာ ဘုန်းတော်ကြီးကျောင်းများကို ထောက်ပံ့ကူညီခြင်းနှင့် ဘာသာရေးအခမ်းအနားများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲခြင်းတို့ လုပ်လေ့ရှိသည်။
သာသနာကို ကြည်ညိုလွန်းလှသည့် လုပ်ရပ်များ ကို ကြည့်၍ ဘုရင်၏ အကြွင်းမဲ့အာဏာရှင်ဆန်သော အုပ်ချုပ်ရေးစနစ်ကြောင့် ဖြစ်ပေါ်လာသည့် မတရားမှုများနှင့် အာဏာအလွဲသုံးစားလုပ်မှုများကို ပြည်သူတို့က ဘုရင်နှင့် တိုက်ရိုက်သက်ဆိုင်သည်ဟု မယူဆကြဘဲ အစိုးရ သို့မဟုတ် နယ်စားပယ်စားများနှင့် နယ်ပယ်အသီးသီးကို အုပ်ချုပ်သော အရာရှိကြီးငယ်များနှင့်သာ သက်ဆိုင်သည်ဟု မှတ်ယူလေ့ရှိကြသည်။
"ရွှေနန်းရှင်" ဆိုသည့် စကားရပ်ကိုလည်း တိုင်းသူ ပြည်သား များ နှင့် အရာရှိများက ဘုရင် နှင့် ၎င်းစိုးစံရာ ထီးနန်း အား ရိုသေ ကိုင်းရှိုင်းသည့် အနေဖြင့် မကြာခဏ သုံးစွဲ ခေါ်ဝေါ်ခဲ့ကြသည်။
နိုင်ငံတော်အတွင်း ဖြစ်ပျက်သမျှသော သတင်းအချက်အလက်များကို "ရွှေမျက်မှောက်တော်" သို့ တင်လျှောက်ကြရသည်ဟု ဆိုကြသည်။ အကယ်၍ သတင်းကောင်းဖြစ်ပါက "ရွှေနှာတော်" ကို သင်းပျံ့စေခြင်း သို့မဟုတ် "ရွှေစက်တော်" ခြေအစုံ ကို ဦးတိုက်၍ နှစ်သက်ကြည်နူးစေသည် ဟု တင်စားကြသည်။