လာမည့် တနင်္ဂနွေ နေ့ တွင် မြန်မာ ပြည်သူ များ အဖို့ကတော့ ကုလသမဂ္ဂ တွင် အခြားသော နိုင်ငံ ခေါင်းဆောင်များလို မိန့်ခွန်း ပြောခွင့် မရသည့် အပြင် အနားသို့ပင် သီ ခွင့် မရ၊ တရုတ် ဩဇာခံ အဖြစ် ရပ်တည် နေရသည့် အဖွဲ့ကို ၎င်းတို့ အစိုးရ အဖြစ် အတင်းအကျပ် အသိအမှတ် ပြုခိုင်းခြင်း ခံနေရသည့် အဖြစ် နှင့် ကြုံလာရတော့မည် ဖြစ်သည်။
ထိုအရေးကို အစမှ အဆုံး ကြီးကြပ်မည့် သူက မျက်မှန် နှင့် အရပ် ပုပြတ်ပြတ် မင်းအောင်လှိုင်ပင် ဖြစ်သည် ဟု လန်ဒန် ရှိ ဒေးလီ မေးလ် သတင်းစာ တွင် AFP သတင်းကို ဖေါ်ပြထားသည်။
၎င်းသည် အသက် ၆၅ နှစ် ပြည့်ကာနီး ဖြစ်၍ မဖြစ်မနေ အနားယူရန် လ ပိုင်း သာ လိုတော့သည့် အချိန်တွင် ပြည်သူများ တခဲနက် ရွေးချယ် တင်မြှောက်ထားသည့် ဒီမိုကရေစီ အစိုးရ ကို ဖြုတ်ချကာ ခေါင်းဆောင် ဖြစ်သည့် နိုင်ငံ တော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အား ထောင်သွင်း အကျဉ်းချပြီး ၎င်းကိုယ်၎င်း ခေါင်းဆောင် အဖြစ် တင်မြှောက်လာခဲ့သည်။
ထိုသို့ အရပ်ပုပြတ်ပြတ် နှင့် ပုဂ္ရိုလ်သည် စစ်တက္ကသိုလ် သို့ သုံးကြိမ်တိုင် ကြိုးစားခဲ့ပြီးမှ ဝင်ခွင့် ရခဲ့သော်လည်း ကံကြမ္မာ၏ ရှားရှားပါးပါး မျက်နှာသာ ပေးခဲ့မှု ကြောင့် အာဏာရှင် ဗိုလ်သန်းရွှေ၏ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ရွေးချယ် ခန့်အပ်ခံခဲ့ရသည်။
ဤသို့ဖြင့် ၎င်းသည် လွှတ်တော် တွင် အမတ်ဦးရေ လေးပုံတပုံ ထိန်းချုပ်ခွင့်ရလာပြီး နိုင်ငံရေး တွင် အဓိက နေရာမှ ပါဝင်ခွင့် ရလာခဲ့သည်။
သို့သော် ၂၀၁၇ တွင် တော့ ရက်ပိုင်း အတွင်း လူပေါင်း ခုနှစ်သိန်း ခွဲခန့် တဖက်နိုင်ငံ အတွင်းသို့ ပြေးဝင် ခိုလှုံရသည်အထိ ရက်စက်စွာ ကျုးလွန် ခဲ့သည့် ရိုဟင်ဂျာ အရေး အခင်းကြောင့် နိုင်ငံတကာ စင်မြင့်တွင် တော့ လက်တင်ဘာသာ စကား ဖြစ်သည့် persona non grata ခေါ် လက်မခံနိုင်သော ပုဂ္ဂိုလ် အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။
ဖေ့စ်ဘုတ်ကဲ့သို့ ဆိုရှယ် မီဒီယာ မှ ပင် ၎င်းအား အသုံးပြုခွင့် ပိတ်ပင်ခဲ့သည့် အပြင် နိုင်ငံတကာ ရာဇဝတ်မှု များ ဆိုင်ရာ တရားရုံးမှ တရားလို ရှေ့နေချုပ် မှပင် ၎င်းအား ဖမ်းဝရမ်း ထုတ်ပေးရန် တောင်းဆိုထားခဲ့ပြီး ဖြစ်သည်။
မင်းအောင်လှိုင်သည် နောက်ပိုင်းတွင် စစ်တပ်ကို ခေတ်မီ လက်နက်များ တပ်ဆင်ရန် ဆိုကာ နိုင်ငံဘဏ္ဍာငွေ အမြောက်အမြား သုံးပြီး တရုတ်၊ ရုရှား၊ အစ္စရေး တို့ထံ မှ ဝယ်ယူလာခဲ့သည်။ မတ်လ ၂၇ ရက်နေ့ ရောက်တိုင်းလည်း ၎င်းဖာ၎င်း ချီးမြှင့်ထားသော စစ်ဖက်၊ အရပ်ဖက် ဆုတံဆိပ်များ အပြည့် တပ်ဆင်ထားသည့် စစ်ဝတ်စုံကို ဝတ်ကာ အမိုးဖွင့် ဂျစ်ကား ကြီး ဖြင့် လူလုံးပြလေ့ ရှိသည်။
၎င်း၏ တရားဝင် ရာထူး အခေါ်အဝေါ်မှာ"နိုင်ငံတော် လုံခြုံရေး နှင့် ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်" ဆိုသည်ပင် ဖြစ်သည်။
၎င်း၏ ဘွဲ့ထူး ဂုဏ်ထူးများသာ တနေ့တခြား ရှည်လျားလာသော်လည်း အစစ်ဆေးခံရန် စုဝေးလာကြသော စစ်သား များ အရည် အတွက်က နိုင်ငံ အနှံ့ ရှိ ရှေ့တန်း စစ်မျက်နှာ များသို့ ပို့ထားရ၍ တနှစ် ပြီး တနှစ် လျော့နည်းလာခဲ့သည်။
မင်းအောင်လှိုင်မှ ၎င်း၏ အခွင့်အာဏာ များ ဆုံးရှုံးရမည့် အရေး ကို စိုးရိမ်စိတ်သက်သက် ဖြင့် မဲမသမာ မှု လုပ်ပါသည်ဟု အကြောင်းပြ အာဏာသိမ်းခဲ့မှု ကြောင့် ငါးနှစ် နီးပါး ကြာသည့် ကာလ အတွင်း နှစ်ဖက်စလုံး လူပေါင်း ၉၀,၀၀၀ နီးပါး သေဆုံးခဲ့ရသည်ဟု ကမ္ဘာတဝှမ်း လက်နက်ကိုင် ပဋိပက္ခ များ နှင့် ဖြစ်ရပ်များ အပေါ် အချက်အလက်များ ပြုစုနေသည့် ACLED အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ထားသည်။ ထိုအရည်အတွက် များတွင် အတင်းအကျပ် စစ်ထဲ ဆွဲသွင်းခံခဲ့ရသော လူငယ် အမြောက်အမြား လည်း ထိပ်ဆုံး က ပါဝင်နေသည်။
လေးနှစ်တာကာလ တလျောက်လုံးလည်း ဥပဒေ ဆိုသည်များကို ၎င်းလက်မှတ် တချက်ထိုးယုံ ဖြင့် ထွက်ပေါ်လာခဲ့သည်ခြည်းသာ ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ တွင် အရေးပေါ် အခြေ အနေ ကို ရုပ်သိမ်းပြီး အာဏာကို ဆိုင်းဘုတ် ပြောင်းတပ်ပြီး ၎င်း ရုံးထိုင်နေသည့် သမ္မတ ရုံးသို့ ပြန်လွှဲပေးခဲ့သည်။
ယခု ရွေးကောက်ပွဲသည်လည်း ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်မှ ဦးမင်းအောင်လှိုင်ထံသို့ အာဏာ လွှဲပြောင်း ပေးမည့် ပွဲလည်း ဖြစ်သည်ဟု လေ့လာသူ အားလုံးက သုံးသပ်နေကြသည်ဟု ရေးသားထားသည်။
ဖြစ်နိုင်ခြေ ရှိသည် တခုက လက်ရှိ ဖွဲ့စည်းထားသော နိုင်ငံတော် လုံခြုံရေး နှင့် ငြိမ်းချမ်းရေး ကော်မရှင် ကို ဖျက်သိမ်းခြင်း မပြုဘဲ ၎င်းမှ သမ္မတ အထက်မှ အုပ်ချုပ်သွားမည့် အလားအလာ ရှိနေသည်။
စစ်အုပ်စု မှ ရွေးကောက်ပွဲ သည် မြန်မာ ပြည်သူများ အတွက် လုပ်သည့် ပွဲ၊ ဘယ်သူ အသိမှတ် ပြုမပြု ဂရုစိုက်စရာ မလို ဟု လူမိုက်ဆန်ဆန် ပြောနေသော်လည်း နိုင်ငံတကာ၏ ဝိုင်းပယ် ပိတ်ဆို့ထားမှု မှ ဖောက်ထွက် နိုင်ပြီး ရင်းနှီးမြုပ်နှံမှု များ ဝင်ရောက်လာအောင် လောင်းကြေး ထပ်လာခြင်း ဖြစ်သည်။ ၎င်းတို့နှင့် ဆက်ဆံလိုသော နိုင်ငံများ အားလည်း မျက်နှာကောင်း ရလာစေရန်လည်း ရည်ရွယ်သည်။
ပြည်ပ မှ လာရောက် ရင်းနှီး မြုပ်နှံမှု သည်လည်း ၉၂ ရာနှုန်း ကျဆင်းသွားပြီး ပြီးခဲ့သည့် နှစ်အတွင်း ဒေါ်လာ သန်း ၆၉၀ သာ ရှိတော့သည်။
နိုင်ငံတကာ ကုမ္ပဏီ ကြီး များ အစုလိုက်အပြုံလိုက် ထွက်ခွာသွားခြင်း၊ ငွေတန်ဖိုး ပြိုလဲခြင်းနှင့် နာတာရှည် လျှပ်စစ်မီး ပြတ်တောက်မှုများ ကြောင့် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ရရှိခဲ့သည့် စီးပွားရေး တိုးတက်မှု အများစုကို ပျက်စီးဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။
ထို့အတွက် စစ်အုပ်စု အဖို့ ၎င်းတို့၏ ဝိညာဉ် နှင့် တိုင်းပြည်ကို တရုတ်ထံ ချ ရောင်းဖို့ ဖြစ်လာခဲ့ရသည်ဟု နိုင်ငံတကာ အကျပ်အတည်း များ လေ့လာရေး အဖွဲ့ မြန်မာ အရေး တာဝန်ခံ ရစ်ချတ် ဟော်ဆေး က ထောက်ပြခဲ့သည်။ ထို အနေအထားထိ ရောက်သွားရမည့် အရေး ကို စစ်တပ်က လုံးဝ မလိုလားခဲ့၊ ဘယ်လိုပုံစံမျိုးနဲ့၊ ဘယ်လိုနည်းနဲ့မှ တရုတ်၏ လက်အောက်ခံ အလိုတော်ရိ မဖြစ်ချင်ကြဟု ဆိုသည်။
တရုတ် လက် အောက်ခံ ဘဝ ရောက်သွားရပြီကို မကြာမီက တိုင်ဝမ် အရေး နှင့် ပတ်သက်၍ တရုတ် နှင့် ဂျပန်တို့ စကားစစ်ထိုးပွဲတွင် တရုတ်ဖက်က ပြောင်ပြောင်တင်းတင်း ရပ်တည်ပြီး ၎င်းတို့ သစ္စာရှိမှု ကို ပြသပေးခဲ့ရခြင်း ကပင် သိသာထင်ရှား စေခဲ့သည်၊ ဂျပန် နှင့်လည်း ပတ်သက် နေ၍ လေ့လာသူများက တစ်ချိန်ကဆိုလျှင် စိတ်ကူးကြည့်ဖို့တောင် မဖြစ်နိုင်သည့် အပြောင်းအလဲမျိုး ဟု ပြောလာကြသည်။
မည်သို့ပင် ဖြစ်စေ နိုင်ငံတကာ နှင့် ကစားမည့် မင်းအောင်လှိုင်၏ တချပ်မှောက် ပိုကာ ပွဲ တွင် အောက်ဖဲ က မည်သို့ ရှိနေမည်ကို မကြာမီ တွေ့မြင်ကြရတော့မည် ဖြစ်သည်။
ပြည်သူ့အားဖြင့် တရားသော စစ် မုချ အောင်ရမည်!!!