ယိုယွင်းလာနေသော အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး ၏ နောက်ဆုံးပြယုဒ်သည်ကား ကာချုပ် မင်းအောင်လှိုင်မှ “သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ညှိနှိုင်း တိုင်ပင်ခြင်း မရှိပဲ လူတဦးတည်း မှ ဆုံးဖြတ်နေခြင်းသည် လွန်စွာ အန္တရာယ်များကြောင်း ရုရှား မဂ္ဂဇင်း တစောင်သို့ ထုတ်ဖေါ်ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။ ဤသည်က နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်းလိုက်ခြင်းပင် ဖြစ်သည်။
ဒီချုပ်သည် ၂၀၁၆ တွင် ဖွဲ့စည်းပုံအား ဒီမိုကရေစီ စံနှုန်းများနှင့် အညီ ဖြစ်အောင် ပြုပြင် ပြောင်းလဲမည် ဆိုသော ပလက်ဖောင်း ဖြင့် ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရရှိလာခဲ့သည်။ ထိုနေရာတွင် မေးစရာ ဖြစ်လာရသည်က စစ်တပ် ၏ အကျိုးစီးပွားကို မည်မျှ အတိုင်းအတာ အထိ လိုက်လျော ပေးနိုင်မည်လဲ ဆိုသည်ပင် ဖြစ်သည်။ ဒီချုပ် အာဏာရရှိလာခြင်းဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ၏ အသက်သွေးကြောဖြစ်သော စစ်တပ်နှင့် အာဏာ ခွဲဝေကာ အုပ်ချုပ်ရေး အလုပ် ဖြစ်မဖြစ် စမ်းသပ်သည့် ပွဲလည်း ဖြစ်လာခဲ့ရသည်။
ယခုနှစ်တွင် နိုင်ငံရေး အရ ပြုပြင်ပြောင်းလဲမှုများ လုပ်ပြီး တတိယ အကြိမ်မြောက် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်လာနေချိန်တွင် ပြီးခဲ့သည့် ငါးနှစ် အတွင်း စစ်တပ် နှင့် အရပ်သား အစိုးရအကြား ကွဲလွဲမှုများ ကို ပွင့်ပွင့်လင်းလင်း ရန်စောင်လာသည့် အဖြစ် မရောက်အောင် ဖုံးဖုံးဖိဖိ လုပ်ထားနိုင်ခဲ့မှု ကို သုံးသပ်နိုင်ရန် မဖြစ်မနေ လိုအပ်လာခဲ့သည်။
ထိုကာလများက အရပ်သား အစိုးရ နှင့် ဗိုလ်ချုပ်ကြီး များသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကို လမ်းချော်သွားသည်အထိ မဖြစ်အောင် တဦး၏ အကျိုးစီးပွားကို တဦးက တွန်းဖယ်ပြစ်သည့် အဆင့် မရောက်အောင် သတိကြီးစွာ ထားခဲ့ကြသည်။ ထို့အတွက် အရပ်ဖက်-စစ်ဖက် ဆက်ဆံရေးသည် လက်ရှိ အလုပ်ဖြစ်ရေး သဘောတရား အပေါ် အခြေပြု လည်ပတ်နေခြင်းသာ ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။
ဒီချုပ်၏ ပင်မ နိုင်ငံရေး သဘောတရားသည် ဒီမိုကရေစီ ဖွဲ့စည်းပုံ တရပ် ပေါ်ပေါက်ရေးကို ဦးတည်ခဲ့သော်လည်း ထိုသို့ ဖြစ်ပေါ်လာရေးကို မနှစ်ကမှ အလေးအနက်ထား ကြိုးပမ်းလာခဲ့သည်။ ၂၀၁၉ ဇန်နဝါရီ လ မှစ၍ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွှတ်တော် ကော်မတီ တရပ်ကို ဖွဲ့စည်းပြီး မနားမနေ အားထုတ်လာခဲ့သော်လည်း အကောင်အထည် ပေါ်လာခဲ့ခြင်း မရှိပေ။
အလားတူပင် ကာချုပ် မှ နိုင်ငံတော် ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီ (ကာလုံ) ကို ခေါ်ရန် မကြာမီ က ပြောဆိုလာခဲ့သည်။ အဆိုပါ ကောင်စီသည် အခြားနိုင်ငံများလို သမ္မတ၏ ဆုံးဖြတ်ချက်သည်သာ အတည် မဟုတ်ပဲ ကိစ္စများကို မဲခွဲဆုံးဖြတ်ရန် ရှိနေပြီး စစ်တပ်ဖက်မှ အဖွဲ့ဝင် ၁၁ ဦးပါ ကော်မတီ တွင် ခြောက်မဲ ဖြင့် အသာစီးနေရာမှ ရှိနေပြန်သည်။ ထို့အတွက် ဒီချုပ်သည် ၎င်းတို့ တာဝန်ယူလာသည့် အချိန်မှစ၍ တကြိမ်တခါမျှ ခေါ်ယူ ခဲ့ခြင်း မရှိသည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။
မတ်လကုန်ပိုင်း လောက်တွင် နိုင်ငံတွင်း၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ အတည်ပြု လူနာ ထွက်ပေါ်လာချိန်တွင် စစ်တပ်၏ လက်ဝေခံ ပါတီ ဖြစ်သော ကြံ့ခိုင်ရေး မှ တစခန်းထလာပြန်ပြီး ၎င်းတို့၏ အဖွဲ့ဝင် တဦးတလေမျှ ပါဝင်ခွင့် မရသော ကာလုံ ခေါ်ရန် အဆိုပြုလာခဲ့ပြန်သည်။ အစိုးရမှ ၎င်းတို့၏ အဆိုပြုချက်ကို ပယ်ချခဲ့ပြီး ယင်းအစား ကပ်ရောဂါ ပျံ့နှံ့မှုကို တုန့်ပြန်နိုင်ရန် အရပ်ဖက်-စစ်ဖက် ပူးတွဲ ကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။ ဤသို့ဖြင့် အစိုးရသည် ကာလုံကို ချောင်ထိုးလိုက်သည့် အဖြစ်သည် ထင်ရှားလာခဲ့ရသည်။
စစ်တပ်သည် ရွေးကောက်ပွဲ အပေါ် အာရုံစိုက်လာကြသည်နှင့် အမျှ လူထု ၏ အထင်ကြီးမှု ရစေရန် အစိုးရနှင့် အပြိုင်ကြိုးပမ်းလာခဲ့သည်။ ကပ်ရောဂါကြီး တိုက်ဖျက်ရေးတွင် အစိုးရအား ပူးပေါင်းကူညီနေသည်ဟု ထပ်တလဲလဲ ပြောလာသော်လည်း အုပ်စု အသီးသီးသို့သာ အကူအညီများ ပေးပြီး ၎င်းတို့ အဖွဲ့အစည်းသည်သာ ကိုဗစ်-၁၉ ရန်မှ ပြည်သူများကို ကာကွယ်ပေးနိုင်သည် ဆိုသော ပုံရိပ် ကို အမိအရ ဖမ်းယူလာခဲ့ကြသည်။
မကြာမီက ကာချုပ် သည် NLD အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပျက်ယွင်းလာနေပြီဟု ပြောဆိုလာပြီး ၂၀၁၉ အတွင်း ၎င်းတို့ ကြေငြာထားသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ကိုးလကြာ အပြစ်အခတ် ရပ်စဲရေးကို အင်တိုက်အားတိုက် မလုပ်နိုင်သည်ကို မကျေနပ်ကြောင်း ဖေါ်ပြလာခဲ့ကြသည်။ သို့သော် ထိုသို့ ပြောဆိုပြီး နှစ်ရက်အကြာတွင်ပင် ဒေါ်အောင်ဆန်းစုကြည်မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လမ်းကြောင်းအတိုင်း ဆက်လက်အကောင်အထည် ဖေါ်နေဆဲဖြစ်ပြီး စတုတ္ထ အကြိမ် ပင်လုံညီလာခံကို ယခုလအတွင်း ကျင်းပမည့် ရက်ကို ကြေငြာလိုက်သည်။
ဇွန်လ အတွင်း စစ်တပ်၏ လက်ဝေခံ ကြံခိုင်ရေး ပါတီ နှင့် ၂၉ ပါတီ မဟာမိတ် အဖွဲ့သည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံများကို ရွေးကောက်ပွဲ မဲဆွယ်ရာတွင် အသုံးမပြုရန် တောင်းဆိုလာကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဖြစ်နေသည့် အတွက် NLD အား အလေးသာနိုင်သည်ဟု အကြောင်းပြခဲ့သော်လည်း ရွေးကောက်ပွဲ ကော်မရှင်က လက်မခံပဲ ပယ်ချခဲ့သည်။
ယခုအခါ လာမည့် ရွေးကောက်ပွဲ အတွက် စစ်တပ် မှ NLD အား အတိုက်အခံ လုပ်နေသော လက်ဝေခံ ပါတီများနှင့် တကြိတ်တည်း တဉာဏ်တည်း ဗြောင်ကျကျ လုပ်လာနေပြီ ဖြစ်သဖြင့် ပြီးခဲ့သည့် ငါးနှစ်အတွင်း တည်ဆောက်ထားခဲ့သည့် အရပ်သား အစိုးရနှင့် စစ်တပ် ဆက်ဆံရေး သည် အလုပ်ဖြစ်ရေး ဆိုသည့် မူ အပေါ် အခြေပြု ဆက်ဆံ လာနေခြင်းသည် တနေ့ထက် တနေ့ ပို၍ ခက်ခဲလာနေပြီ ဖြစ်သည်။
ရွေးကောက်ပွဲ ပြီးနောက် ၎င်းတို့ အကြား ဆက်ဆံရေးသည် တည်ငြိမ်လာဖွယ်ရှိသည်ဟု မျှော်လင့်ရသော်လည်း မည်သည့် ပုံစံမျိုး ဖြစ်လာမည် ဆိုသည်ကား ရွေးကောက်ပွဲ ရလဒ်အပေါ် တည်မှီနေသလို၊ တပ်မတော်အတွင်း အပြောင်းအလဲများ ဖြစ်လာနိုင်မှု သို့မဟုတ် လက်ရှိ ကာချုပ် စိတ်ပြောင်းလာနိုင်မှု အပေါ်လည်း မူတည်နေပြန်သည်။
(ပြည်သူ အများ မျှော်လင့်တောင့်တနေသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်လာရေးသည် ကာချုပ်တဦးတည်း၏ ဆုံးဖြတ်ချက်နှင့် ပြင်ဆင်၍ ရသော ဖွဲ့စည်းပုံအခြေခံ ဉပဒေ အပေါ် တည်မှီနေသဖြင့် မည်မျှ အထိ အန္တရာယ် ကြီးလာနေပြီ ဆိုသည်ကို သတိချပ်သင့်လှပေသည်....မိမိ၏ စကားချပ်)
HLA SOEWAI
(နယူးဒေလီ အခြေစိုက် Observer Research Foundation (ORF) မှ Mr. K.Yhome ရေးသားသည့် “Elections and civil-military relations” ဆောင်းပါးအား ကိုးကားသည်)