တရုတ်သည် ဒေါ်လာ ဘီလီယံ နှင့်ချီပြီး ရင်းနှီးမြုပ်နှံထားပြီးသော မြစ်ဆုံဆည် စီမံကိန်းကို ပြန်လည် စတင်ဖို့ ၎င်းတို့၏ လက်ဝေခံ စစ်အုပ်စု အား ဖိအား ပြန်ပေးလာပြီ ဖြစ်သည်။
မြစ်ဆုံ စီမံကိန်း မှ ထုတ်လုပ်မည့် လျပ်စစ်ဓါတ်အား ၉၀ ရာနှုန်းကို တရုတ်ပြည်က ရရှိမှာ ဖြစ်ပြီး မြန်မာ ကတော့ ၁၀ ရာနှုန်းသာ အလကား ရရှိမည်၊ လိုအပ်ပါက ၉၀ ရာနှုန်းထဲမှ ပြန်လည် ရောင်းချပေးမည်ဟု သဘောတူညီချက် ဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။
မြစ်ဆုံ စတင်လိုခြင်းကို လေ့လာကြည့်မည်ဆို က အချက် သုံးချက်ကို တွေ့လာရသည်။
ပထမ အချက်သည် လက်ရှိ ယူနန် ပြည်နယ်တွင် လျပ်စစ်ဓါတ်အား ဖူလုံနေပြီး ကွမ်တုံကဲ့သို့ အရှေ့ဖက် ကမ်းရိုးတန်းရှိ စက်မှု မြို့ကြီးများဆီ ပင် တင်ပို့ ပေးနေရသည်။ သို့သော် လိုရမယ်ရ စွမ်းအင် ပြဿနာ ရှိလာက မြန်မာဖက်မှ နှိုက်ထုတ်နိုင်အောင် နှင့် မြန်မာ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ပေါ် ခွစီးထားနိုင်ခြင်းဖြင့် တိုင်းပြည်၏ နိုင်ငံရေးနှင့် စီးပွားရေးအပေါ် ရေရှည်ဩဇာလွှမ်းမိုးနိုင်မယ့် အခွင့်အရေးတစ်ခု လက်လွှတ်မခံလိုခြင်း ဖြစ်သည်။
ဒုတိယ အချက်သည်ကား လတ်တလော ဒေါ်လာ သန်း ၈၀၀ မြုပ်နှံထားပြီး ဖြစ်၍ ပြန်မစ နိုင်က sunk cost ပလုံသွားမည့် အရေး ကြောင့်ဖြစ်သည်။ လက်နက် ဝယ်ဖို့လောက်သာ ခြစ်ခြုပ် စုဆောင်းနေရသည့် စစ်အုပ်စု ထံမှ လျော်ကြေး ပြန်ရဖို့ လည်း မဖြစ်နိုင်၍ သန်း ၈၀၀ ကို အဆုံးရှုံး မခံလိုခြင်းကြောင့်လည်း ဖြစ်သည်။
တတိယ အချက်ကား ဦးသိန်းစိန် အစိုးရ မှ ၎င်းတို့အား အသိပေးခြင်း မရှိပဲ ရုတ်ခြည်း ရပ်ဆိုင်းလိုက်သည့် အတွက် ရှီ ကျင့်ပင် အဖို့ ကိုယ်မွေးသည့် မြောက် ကိုယ့် ပြန်ချောက်ခံလိုက်ရသလို ကမ္ဘာအလယ်တွင် အရှက်တကွဲ ဖြစ်သွားခဲ့ရမှု ကို ရန်ညိုး မပြေ လက်စားချေလိုသော ကြောင့်လည်း ဖြစ်သည်။
စစ်အုပ်စု အား ထိုစီမံကိန်း ပြန်စရန် ကာလ ကြာမြင့်စွာ ကတည်းက ဖိအားပေးနေခဲ့သော်လည်း နိုင်ငံကို အရင် ပြန်၍ တည်ငြိမ်အောင် လုပ်ခွင့်ပြုပါ ဆိုသည့် အကြောင်းပြချက်ဖြင့် အချိန်ဆွဲထားခြင်းသာ ဖြစ်သည်။
သို့သော် တရုတ်ဖက်က စစ်အုပ်စု အဆင်ပြေအောင် ၎င်းတို့၏ လက်ဝေခံဘဝ နှင့် ထိုင်ဆိုထိုင် ထဆိုထ ရပ်တည်နေရရှာသော ကိုးကန့်၊ တအာင်း ၊ ဝ တို့အား မလှုပ်နိုင်အောင် လုပ်ပေးခဲ့သည်။ ၎င်းတို့ လိုအပ်နေသော ဒရုန်းများအားလည်း ဗုံးဘောလအော ထောက်ပံ့ပေးခဲ့သည်။
လူထု ၏ တုန့်ပြန်မှု အပိုင်းတွင်လည်း ၎င်းတို့၏ ရင်သွေး များကို အိမ်ပေါ်မှ ဆွဲချကာ သေမင်းခံတွင်းဝ သို့ ပို့နေခြင်းကိုပင် တုတ်တုတ်မျှ မလုပ်၊ ၎င်းတို့ အား နိုင့်ထက် စီးနင်း လုပ်ကာ မဲရုံထဲ မောင်းသွင်းနေသည်ကိုလည်း လမ်းပေါ် ထွက်လာခြင်း မရှိကြ၊ သို့ဆိုက မြစ်ဆုံအရေး အတွက် မည်သူမျှ ခေါင်းထဲ ထည့် နိုင်ကြတော့မည် မဟုတ်ဟု တွက်ဆလာကြသည်။
သို့သော် စစ်အုပ်စုသည် ၎င်းတို့ထက် ဆယ်ချိုး တချိုး ရှိသော ပြည်သူများကို အမြဲလို ထိတ်လန့် ကြောက်ရွံ့နေ၍ လက်နက်အားကိုး ဖြင့် ဟန်ကို့ နေကြရပြီး၊ ၎င်းတို့ ကြောက်သည်ထက် လူထုက ၎င်းတို့အား ပို၍ ကြောက်နေအောင် လုပ်ထားနိုင်မှ ဖြစ်မည်ဟု ဆိုကာ အတင်းအဓမ္မ ဖိနှိပ်နေရဆဲ ဖြစ်သည်။ ထို့အတွက် လက်ရှိ အနေအထားကို ယိမ်းယိုင်သွားစေမည့် မည်သည့် အဖြစ်မျိုး မှ အဖြစ် မခံလိုကြခြင်းလည်း ဖြစ်သည်။ မြစ်ဆုံကို အကြောင်းပြု၍ ကန့်ကွက် ဆန္ဒပြပွဲ များ ဖြစ်လာက မည်သို့ နှိမ်နှင်းရပေမည်နည်း၊ ယင်းကိစ္စသည် ၎င်းတို့အား ဆန့်ကျင်ခြင်းလည်း မဟုတ်၊ ပြည်သူတို့၏ တရားမျှတသော စိုးရိမ်မကင်း ဖြစ်နေမှု ကို ထုတ်ဖေါ်ခြင်း သက်သက်ဖြစ်၍ အမှိုက်ကစ ပြဿဒ် မီးလောင် နိုင်စရာ ဖြစ်လာနိုင်သည်ဆိုကာ စိုးရွံ့နေကြခြင်းလည်း ဖြစ်သည်။
လက်ရှိတွင် ထိုစီမံကိန်း ပြန်လည် စတင်ဖို့ အဆုံးအဖြတ် ပေးရမည့် နေရာတွင် ရှိနေသော ကချင်လွတ်လပ်ရေး တပ်တော်က မြစ်ကြီးနား လေဆိပ်ကို စတင် တိုက်ခိုက်လာ၍ ရဟတ်ယာဉ် တစီး နှင့် တိုက် လေယာဉ် တစီး ထိခိုက် ပျက်စီးသွားရပြီး ဗန်းမော် မြို့သိမ်း တိုက်ပွဲ ကို ပြန်လည် စတင်နေပြီ ဖြစ်သည်။
တော်လှန်ရေး အင်အားစု များကလည်း စလင်း နှင့် ဆင်ဖြူကျွန်း မြို့များကို အပြီးအပိုင် သိမ်းပိုက်နိုင်ရန် ထိုးစစ် များ စတင်နေပြီး တရုတ် အကူအညီ ဖြင့် ပြန်ရထား သော မိုးကုတ် တွင်လည်း တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်ဟု သိရသည်။
မြစ်ဆုံဆည် အပြင်ဖက်တွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပေါ်လာနေပြီး တနိုင်ငံလုံး ဝိုင်းဝန်း ဆန့်ကျင်ကြဖို့ တောင်းဆို နေကြပြီ ဖြစ်သည်။
ထိုသို တောင်းဆိုလာကြသည်မှာလည်း သဘာဝ ကျပေသည်။
မြစ်ဆုံသည် ကချင်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် သမိုင်းကြောင်းအရ အလွန်တန်ဖိုးထားသည့် နေရာဖြစ်သည်။ ယင်းကို ဖျက်လို ဖျက်ဆီး လုပ်ခြင်းသည် ကချင်လူထု၏ နှလုံးသားကို စော်ကားလိုက်ခြင်းပင် ဖြစ်သည်။
ကချင် လွတ်လပ်ရေး တပ်တော်သည်လည်း လုံးဝ လက်ခံမည် မဟုတ်ဟု အတိအလင်း ပြောဆိုထားပြီး ဖြစ်သည်။
ကချင်လူမျိုး များသာမက ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မှီတင်းနေထိုင်ကြသည့် ပြည်သူသန်းပေါင်းများစွာအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိလာနိုင်ပေသည်။
မြစ်ဆုံရေကာတာကြောင့် ငါးများ၏ ရေဆန်ရေစုံ ကူးသန်းသွားလာမှုကို ပိတ်ဆို့သွား စေမည် ဖြစ်သည့် အတွက် ငါးမျိုးစိတ်များ မျိုးတုံးပျောက်ကွယ်ခြင်းနှင့် ငါးဖမ်းဆီးရရှိမှုကို သိသိသာသာ လျော့ကျစေနိုင်သည်။ မြစ်ကြောင်းပြောင်းလဲမှုနှင့် ရေအရည်အသွေး ပြောင်းလဲလာမှုကြောင့် ရှားပါးမျိုးစိတ်ဖြစ်သည့် ဧရာဝတီလင်းပိုင်များ၏ ရှင်သန်မှုကို ခြိမ်းခြောက်နိုင်သည်ဟု ပညာရှင်များက သုံးသပ်ထားကြသည်။
မြန််မာ တို့၏ စပါးကျီ ဖြစ်သည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် အထိပင် ထိခိုက်လာတော့မည် ဖြစ်သည်။ မြစ်ညာမှ နေ၍ စီးဆင်းလာမည့် အာဟာရပြည့်ဝသော အနည်အနှစ်များသည် ရေကာတာ နောက်ကွယ်တွင် ပိတ်မိနေမည် ဖြစ်သည့် အတွက် မြစ်အောက်ပိုင်းရှိ စိုက်ပျိုးမြေများ မြေဩဇာ ညံ့ဖျင်းသွားမည့်အပြင် မြေဆီလွှာ ခမ်းခြောက်သွားမည့် အရေး နှင့် ကြုံရတော့မည် ဖြစ်သည်။ ဓာတ်မြေဩဇာများ ပိုမိုသုံးစွဲရဖို့ ဖြစ်လာ၍ စိုက်ပျိုးစရိတ်များ အဆမတန် တက်လာကာ ဆန်ဈေးများလည်း ခေါင်ခိုက်လာမည် ဖြစ်သည်။
ထိုသို့ အနည်အနှစ် စီးဆင်းမှုနည်းသွားပါက ရေကာတာ မှ လွှတ်လိုက်သည့် ရေကြည်များ အရှိန်အဟုန် ပြင်းစွာ စီးဆင်းလာပြီး မြစ်ဝကျွန်းပေါ်တွင် ကမ်းပါးပြိုမှု ပိုများလာကာ ကုန်းမြေများ တဖြေးဖြေး နိမ့်ဆင်းလာမည် ဖြစ်၍ ပင်လယ်ရေငန်များ မြစ်ထဲကို ပိုမိုတိုးဝင်လာနိုင်သည့် အတွက် ဆန်စပါးစိုက်ပျိုးမှုကို အကြီးအကျယ် ထိခိုက်လာမည်ဟု ပညာရှင်များက ထောက်ပြထားပြီးလည်း ဖြစ်သည်။
မြစ်ဆုံသည် မြန်မာနိုင်ငံရဲ့ အဓိက ငလျင်ကြောကြီးဖြစ်သော စစ်ကိုင်းပြတ်ရွေ့ (Sagaing Fault) နဲ့ မိုင် ၁၀၀ နီးပါးလောက်သာ ဝေးသည်။
ရေကာတာကြောင့် ရေအမြောက်အမြား သိုလှောင်ထားရမည် ဖြစ်သည့်အတွက် ဖြစ်ပေါ်လာမည့် ဖိအားသည် ငလျင်ကို ပိုမိုလှုံ့ဆော်နိုင်ခြေ (Reservoir-Induced Seismicity) ရှိလာသည်ဟု ဆိုသည်။ အကယ်၍ ရေကာတာ ကျိုးပေါက်ခဲ့ပါက မြစ်အောက်ပိုင်းရှိ မြစ်ကြီးနားမြို့ အပါအဝင် မြို့ရွာ အများအပြား ရေလွှမ်းမိုးမှုဒဏ်ကို ဆိုးရွားစွာ ခံကြရတော့မည် ဖြစ်သည်။
ထို့အကြောင်းများကြောင့် ရေကာတာ တည်ဆောက်ခွင့်ပေးလိုက်ပါက မြန်မာဖက်မှ ရမည့် ၁၀% ဖြစ်သော ၆၀၀ မီဂါဝပ် သာ ရဖို့ရှိ၍ လျှပ်စစ်စွမ်းအင်ထက် ဆုံးရှုံးသွားမည့် သဘာဝပတ်ဝန်းကျင်နှင့် စိုက်ပျိုးရေးတန်ဖိုးက အဆမတန် ပိုများနေပြီ ဖြစ်သည်။
ထိုအကြောင်းများကို စစ်ဗိုလ်ချုပ်များလည်း မသိမဟုတ်၊ ကောင်းစွာ သိရှိထားပြီးလည်း ဖြစ်သည်။ သို့သော် ၎င်းတို့ မိသားစုများ နေပြည်တော်တွင် ဘေးမသီ ရန်မခ နေနိုင်ရေးထက် အဘယ်အရာကများ ပို၍ အရေးကြီးပေသနည်း။
ပြည်သူ့အားဖြင့် တရားသော စစ် မုချ အောင်ရမည်!!!
Credit - Facebook original uploader