နိုင်ငံတွင် စစ်အုပ်ချုပ်ရေးကို ကဏ္ဍသစ် ဖွင့်ရန် အတုအယောင် ရွေးကောက်ပွဲ ကို အန္တရာယ်များ ကြား မှ သက်စွန့်ဆံဖျား ဦးဆောင်ကန့်ကွက်ခဲ့ခြင်း ကြောင့် ဒေါက်တာ တေဇာဆန်း အား စစ်အုပ်စု မှ တွေ့ရာသင်္ချိုင်း ဓါးမဆိုင်း ဟု ကြိမ်းဝါးကာ အလိုရှိဆုံး ပုဂ္ဂိုလ် အဖြစ် ဆုငွေ ပင် ထုတ်လိုက်သေးသည်။
ထိုသို့ ငြိမ်းချမ်းစွာ ဆန္ဒပြသူကိုပင် ရာဇဝတ်သား အလား ဆုငွေထုတ်ရဲသည့် အဖြစ်ကို ကြည့်ကာ နိုင်ငံအတွင်း လူ့အခွင့်အရေး ဆိုသည်ကို ဖုတ်လေသည့် ငပိမရှိသည့် အလား ၎င်းတို့ အလေးထားစရာ မဟုတ်ဆိုသည်ကို ထင်ရှားစွာ ပြဆိုလိုက်ခြင်းလည်း ဖြစ်သည်။
ဆန္ဒပြရာ လမ်းတလျောက်သည် စစ်ဌာနချုပ် နှင့် မနီးမဝေးလည်း ဖြစ်၍ အနီးအနားရှိ ဆိုင်တန်းများကို ရိုက်ချိုး ဖျက်ဆီးသွားကြသည့် အပြင်ဒေါက်တာ တေဇာဆန်း နှင့် အတူ ပါဝင်ခဲ့သူ တဦးအားလည်း လူမဆန်စွာ ဖမ်းဆီးရိုက်နှက် ခေါ်ဆောင်သွားကြသည်ဟုလည်း သိရသည်။ လက်ခုပ်လက်ဝါးတီး အားပေးခဲ့သူများ၊ ဓါတ်ပုံ မှတ်တမ်း တင်ခဲ့သူများကိုလည်း ဖမ်းဆီးခဲ့ကြပြန်သည်။
ထိုလုပ်ရပ်များက ပြည်သူတို့အား မည်သည့်နည်း နှင့် မျှ ခေါင်းထောင်လာရဲခြင်း မရှိအောင်၊ ကြောက်သည်ထက် ကြောက်လာအောင် နိုင်လိုမင်းထက် ပြုကျင့်နေကြခြင်းသာ ဖြစ်သည်၊
မိမိတို့ အနာဂတ် အတွက် လူအများ မလုပ်ရဲသည်ကို ရှေ့ဆောင်ရှေ့ရွက် ပြုလာသူများကို မနက်ဖန် မဲသွားထည့်မှ ဖြစ်မည် ဆိုကာ အိမ်က ထွက်လာကြမည့် ပြည်သူများ မျက်စိထဲ ပြေးမြင်ကြပါ၊ အနည်းဆုံး မဲပေးရမည် ဆိုလျင်ပင် ကြံ့ဖွတ်မှ လွဲ၍ တွေ့ရာ ပါတီကိုသာ မဲထည့်ခြင်းဖြင့် တိုင်းပြည် အပေါ် ရက်စက် ယုတ်မာစွာ ပြုကျင့်နေသူများကို လက်စားချေကြပါဟု တိုက်တွန်းလိုပေသည်။
စစ်ဗိုလ်ချုပ်များကတော့ မဲဆန္ဒနယ်မြေ တခု တွင် မဲရုံတရုံပင် ဖွင့် နိုင်သည် ဆိုစေဦး လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် အတည်ပြု၍ ရပြီဟု ပြောဆိုနေကြောင်း အီကောနော်မစ် မဂ္ဂဇင်း တွင် ရေးသားထားသည်။
နိုင်ငံတကာ က ၎င်းတို့ နှင့် ပြန်ဆက်ဆံရဲလာအောင် လမ်းဖွင့် နိုင်မည်ဟု ယူဆထားသည့် အပြင် တပ်တွင်း ရှိ ထိတ်တန်း စစ်အရာရှိကြီး အချို့ကိုလည်း နှစ်သိမ့်နိုင်မည် ဖြစ်သည်။ ၎င်းတို့က ၂၀၂၄ အတွင်း အရှက်တကွဲ အရေးနိမ့်ခဲ့ရမှု တွင် မင်းအောင်လှိုင် ကို အပြစ်ဖို့ခဲ့ကြပြီး ၎င်း၏ ထုံထိုင်းမှု၊ အရည်အချင်း မရှိမှု တို့ကြောင့် ဖြစ်ရသည်ဟု မှတ်ယူနေကြသည်။ နိုင်ငံခြား သံတမန် အချို့ကလည်း ရွေးကောက်ပွဲ ပြီးလျင် ၎င်း အနေဖြင့် သမ္မတ လော၊ ကာကွယ်ရေး ဦးစီးချုပ် လော တခု မဟုတ် တခု စွန့်လွှတ်ရတော့မည်ဟု ခန့်မှန်းနေကြသည်ဟု ရေးသားထားသည်။
မဂ္ဂဇင်းက ဆက်လက် ရေးသားရာတွင် ၎င်း အနေဖြင့် အာဏာများ အလွန်အကျွံ လက်လွှတ်စရာမလိုဘဲ ပြိုင်ဘက်များကို ချော့နိုင်မည့် နည်းလမ်းတစ်ခုအဖြစ် မြင်ကောင်းမြင်နိုင်သည်။ သို့သော်လည်း အချို့သော လေ့လာဆန်းစစ်သူများကမူ ပိုမို၍ အများသဘောဆန္ဒ ပါဝင်သော ဦးဆောင်မှုပုံစံမျိုး ဖြစ်လာစေနိုင်သည်ဟု ထင်မြင်ကြသည်။ တရုတ်သံတမန်များ (မင်းအောင်လှိုင်နှင့် လက်တွဲလုပ်ဆောင်ရန် ခက်ခဲသည်ဟု ဆိုကြသူများ) က ရွေးကောက်ပွဲကျင်းပရန် ဖိအားပေးနေရခြင်း၏ အကြောင်းရင်းမှာလည်း ထိုအချက်ကြောင့်ဖြစ်သည်ဟု အများက ယူဆထားကြသည်။
ထိုကဲ့သို့ ဖြစ်လာသည် ဆိုစေဦး မြန်မာ လူထု၏ ဘဝ တိုးတက်ကောင်းမွန်လာလိမ့်မည် မဟုတ်ဟု ဆိုသည်။ ဒေါက်တာ တေဇာဆန်း နှင့် တော်လှန်ရေး အဖွဲ့များက အတုအယောင် ရွေးကောက်ပွဲ ကြောင့် တခုခု ဖြစ်လာနိုင်သည် ဆိုသော အယူအဆကို ပယ်ချ ခဲ့ကြပြီး ဖြစ်သည်။ အစစ်အမှန် ရွေးကောက်ပွဲ ထွက်ပေါ်လာသည် အထိ ဆက်လက်တိုက်ပွဲ ဝင်သွားမည်သာ ဖြစ်သည်ဟု ရေးသားထားသည်။
၎င်းတို့ ပြောနေသည် ရွေးကောက်ပွဲ ပြီးလျင် ငြိမ်းချမ်း တည်ငြိမ်မှု ရှိလာမည် ဆိုသည်က လူထု ရွေးချယ်ထားသည့် အစိုးရ နှင့် လွှတ်တော် ဆိုသည် ထွက်ပေါ်လာ၍ တော်လှန်ရေး ဆက်ဆင်နွှဲနေမှု ကို သောင်းကျန်းမှု သက်သက်သာ ဟု ယူဆလာပြီး လူထု က ထောက်ခံကြတော့မဟုတ်သဖြင့် တော်လှန်ရေးသည် အားပျော့သွားမည်၊ ဤသည်ကို အခွင့်ကောင်းယူ၍ စစ် အနိုင်တိုက်ရမည် ဆိုသော အတွေးအခေါ် မျိုးသာ ဖြစ်သည်။
ယခုအထိလည်း မည်သူတဦးတယောက်ကမျှ နိုင်ငံ၏ အကျပ်အတည်းကို စေ့ဆပ်ဆွေးနွေး အဖြေရှာသွားမည်ဟု ပြောဆိုခဲ့ကြခြင်းမျိုးလည်း မကြားရသေးပေ။
မင်းအောင်လှိုင် ကိုယ်တိုင်ပင် စစ်တပ်သည် နိုင်ငံရေး ဦးဆောင်မှု အခန်းမှ ဆက်၍ ပါဝင်သွားမည်ဟု မကြာခင်ကမှ အတိအလင်း ထုတ်ပြောသွားပြီး ဖြစ်၍ ဒီပုပ်ထဲက ဒီပဲ မျိုးများထံမှ ဘာကိုများ မျှော်လင့်၍ ရနိုင်ပေဦးမည်နည်း။
၎င်းတို့၏ ဦးဆောင်မှု အခန်းကဏ္ဍ ကြောင့် တိုင်းပြည်၏ အချုပ်အခြာ အာဏာ ဆိုသည်က လည်း တရုတ်လက် ထိုးအပ်ရသည် အထိ ပြောင်မြောက်ခဲ့သည် ဆိုသည်ကိုလည်း ပြည်သူများ မျက်မြင် ကိုယ်တွေ့ပင် မဟုတ်ပါ လော။
အတိုချုပ် ဆိုရလျင် ၎င်းတို့ စိတ်ကြိုက်ခြယ်လှယ်နိုင်သော "အရပ်သားအစိုးရ" ပုံစံသို့ ကူးပြောင်းကာ နိုင်ငံတကာ တရားဝင်မှု (Legitimacy) ပြန်လည်ရရှိရန်သာ ဖြစ်သည်။
ဗုံးပေါက်ကွဲ မှုများက နေရာ အနှံ့တွင် ဆက်တိုက် ဖြစ်ပေါ်နေသည်ဟု သတင်းများက ဆိုသည်။ ရန်ကုန်တွင် လုံခြုံရေး များ အထူး တင်းကျပ်စွာ ချထားပြီး စစ်အုပ်စု သစ္စာခံ တပ်များက ကင်းလှည့်နေကြသည်။
မြန်မာ နောင်း သတင်းကမူ ပြည်သူတို့၏ စစ်မှန်သော ဆန္ဒမဲများသည် လွန်ခဲ့သည့် ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲတွင် အဆုံးအဖြတ်အဖြေကိုပေးပြီးသားဖြစ်သည်။ ယခု ရွေးကောက်ပွဲသည်မူ 'မ-သာကနေ အသုဘ"ဖြစ်သွားသည့် ပုံစံမျိုးသာ' ဖြစ်ပြီး မည်သည့်အပြောင်းအလဲမျှ ရှိလာမည်မဟုတ်ဟု ရေးသားထားသည်။
ပြည်သူ့ အားဖြင့် တရားသော စစ် မုချ အောင်ရမည်!!!