ပြောက်ကျား တော်လှန်ရေးသမား တဦးသည် ပန်းကန်၊ ဓါး၊ ခက်ရင်းတို့သည်လည်း အခြေအနေ အမျိုးမျိုး တွင် အသုံးတည့်၍ ယူဆောင်လာသင့်သည်။ ပန်းကန်ပြားသည် စခန်းချထွက်ရာတွင် သုံးသည့် သို့မဟုတ် စစ်ဘက်သုံး အမျိုးအစားကို ဆိုလိုသည်၊ အသားတစ်ဖဲ့မှသည် မာလန်ဂါဥ၊ အာလူးအထိ မည်သည့်အရာကိုမဆို ချက်ပြုတ်နိုင်သည့် အိုး အဖြစ်၎င်း၊ သို့မဟုတ် လက်ဖက်ရည်နှင့် ကော်ဖီ ဖျော်ရာတွင် အသုံးပြုနိုင်သည့် အရာမျိုး ဖြစ်သည်။
ချောဆီများကိုလည်း ရိုင်ဖယ်များ ပြုပြင် ထိန်းသိမ်းရန် အတွက် လိုအပ်သည်။ အထူး သတိထား၍ သုံးရပေမည်။ အခြား ဆီ တမျိုး မျိုး အလွယ်တကူ မရနိုင်လျှင်အပ်ချုပ်စက်မျိုးတွင် ထည့်သည့် ဆီသည် အလွန် အသုံးတည့်သည်။ လက်နက်များ သန့်ရှင်းစင်ကြယ်နေဖို့ အဝတ်စလည်း လိုအပ်သည်။ သေနတ် ပြောင်းဝ အတွင်းထိ ထည့်၍ ရသည့် သံချောင်းရှည်မျိုးလည်း ရှိထားရမည်။ ဤသည်က မကြာခဏ သုံးရမည့် ပစ္စည်းမျိုးလည်း ဖြစ်သည်။
ကျည်ခါးပတ် များ အတွက် ဝယ်၍ မရက အခြေအနေ ပေါ် မူတည်၍ ကိုယ့်ဖာသာ လုပ်နိုင်သည်။ သို့သော် ကျည်တတောင့်မျှ ထွက်ကျ မသွားအောင်တော့ လုပ်ရပေမည်။ ခဲယမ်းများသည် တိုက်ပွဲ အတွက် အဓိက ကျသည်။ ခဲယမ်းများ မရှိက အချည်းနှီးသာ ဖြစ်၍ ရွှေလို ဥ ထားရမည့် အရာမျိုး လည်း ဖြစ်ပေသည်။
ရေအလွယ်တကူ မရသည့် နေရာများ ရှိတတ်၍ ရေဗူးသည်လည်း မရှိမဖြစ် လိုအပ်သည်။ ပင်နီဆလင်၊ antibiotics ပဋိဇီဝ ဆေး၊ အက်စ်ပရင်ကဲ့သို့ အဖျားပျောက်ဆေး အစရှိသည့် အထွေထွေ သုံးဆေးဝါးများကို ဗူး နှင့် အလုံပိတ်ပြီး သယ်သင့်သည်။ ငှက်ဖျား ပျောက်ဆေး၊ ဝမ်းလျှော ရောဂါ အတွက် ဆာလ်ဖာ ပြား၊ အစရှိသည့် ဆေးဝါးများလည်း ရှိထားသင့်သည်။ အဆိပ်ရှိသော သတ္တဝါများ ရန်မှ ကာကွယ်နိုင်သည့် အဆိပ်ဖြေဆေးမျိုးလည်း ရှာထားရမည်။ အပရိက ဒဏ်ရာ များ အား ကုသ နိုင်မည့် တကိုယ်ရေသုံး ပစ္စည်းများလည်း ယူသင့်သည်။
ပြောက်ကျား တယောက်၏ ဘဝ တွင် အမြဲလို အရေးပါသည့် တခုတည်းသော ဇိမ်ခံ ပစ္စည်းက ဆေးလိပ်ပင် ဖြစ်သည်။ ဆေးပြင်းလိပ်၊ စီးကရက်၊ ဆေးတံ၊ ဆေးရွက်ကြီး တို့သည် တကိုယ်တည်း အနားယူနေချိန်မျိုး တွင် အဖေါ်ကောင်းများ ဖြစ်ကြသည်။ ဆေးတံသည်ကား ပို၍ အသုံးတည့်သည်၊ ရှားပါးချိန်မျိုး တွင် ဆေးပြင်းလိပ် နှင့် စီးကရက် အတိုအစ များမှ ဆေးများကို့ ထည့်၍ သောက်လို့ရသော ကြောင့် ဖြစ်သည်။ မီးခြစ် ရှိထားဖို့ကလည်း လွန်စွာမှာ အရေး ပါလှသည်။ ဆေးလိပ်မီးညှိဖို့ အတွက်သာ မက မီး ဖို ရန် အတွက်လည်း သုံးနိုင်သောကြောင့် ဖြစ်သည်။ မိုးရာသီ အတွင်း တောထဲတွင် မီး ဖို ဖို့က အမြဲလို ပြဿနာ ရှိနေတတ်သည်။ မီးခြစ်ဆံဗူး နှင့် မီးခြစ် နှစ်ခုစလုံး ရှိထားသင့်သည်၊ မီးခြစ် လောင်စာကုန်သွားလျင် မီးခြစ်ဆံ နှင့် ညှိ၍ ရသောကြောင့် ဖြစ်သည်။
ဆပ်ပြာကိုလည်း တကိုယ်ရေ သန့်ရှင်းမှု အတွက်သာ မဟုတ် ဇွန်း၊ ခက်ရင်း ပန်းကန်များကိုလည်း ဆေးကြောဖို့ ယူသွားရမည်။ မဆေးမကြောပဲ ဆက်သုံးရမည် ဆိုက အူလမ်းကြောင်း ပိုးဝင်ခြင်း သို့မဟုတ် အူရောင်ရမ်းခြင်းများ ဖြစ်တတ်သည်။
ယခု ဖော်ပြခဲ့သည့် အသုံးအဆောင်ပစ္စည်းများရှိနေလျှင် ပြောက်ကျားစစ်သည်တစ်ဦးအနေဖြင့် မည်မျှပင် ဆိုးဝါးသည့် ဘေးကျပ်နံကျပ်အခြေအနေမျိုးကို မဆို ကျော်လွှားနိုင်ရန် လိုအပ်သလောက် အချိန်အတိုင်းအတာတစ်ခုအထိ တောတွင်း၌ ရှင်သန်နေထိုင်နိုင်မည် ဖြစ်ကြောင်း စိတ်ချယုံကြည် ထား၍ ရသည်။
အချို့အတွက် အသုံးတည့်ပြီး အချို့အတွက် ကသိကအောက် ဖြစ်စရာ အသုံး အဆောင်များလည်း ရှိပေသေးသည်၊ ကသိကအောက် ဖြစ်စရာ ဟု ဆိုသော်လည်း အသုံးဝင်သည့်ဖက် က များပေသည်။ ထိုအထဲတွင် တခု အပါအဝင် ဖြစ်သည်က လမ်းပြ အိမ်မြှောင်ပင် ဖြစ်သည်။ တပ်သားသစ်များ အတွက် ပတ်ဝန်းကျင် နှင့် ဆက်စပ်မိအောင် သင်ကြား ပြသရာတွင် သုံးသော်လည်း တဖြေးဖြေး နှင့် နယ်မြေ နှင့် ယဉ်ပါးလာသည့် အခါတွင်တော့ မရှိမဖြစ် မလိုအပ်တော့။
အထူးသဖြင့်တောင်တန်းများရှိရာ ဒေသများ ဖက်တွင် ပြထားသော လမ်းအတိုင်း သွားရန် ခက်ခဲနေတတ်သော ကြောင့် ဖြစ်သည်။ နောက်ထပ် ပစ္စည်းတခုက နိုင်လွန် စ ဖြစ်သည်၊ မိုးရွာသည့် အခါ မိမိပစ္စည်း များ မိုးရေ မစိုဖို့ ထုတ်ပိုး ထားရန် အတွက် ဖြစ်သည်။ အပူပိုင်း ဒေသများတွင် အချို့ လ များ အတွင်း မိုး အမြဲတမ်း ရွာသွန်းတတ်သဖြင့် မိုးရေသည် ပြောက်ကျား တဦး သယ်ဆောင်ရမည့် အစားအသောက်၊ လက်နက်ခဲယမ်း၊ ဆေးဝါး၊ စာရွက်စာတမ်းများ နှင့် အဝတ်အစားများ၏ ရန်သူ ဖြစ်သည်။
အဝတ်အစား လဲဖို့ သယ်နိုင်သည် ဆိုသော်လည်း အတွေ့အကြုံ မရှိ ဆိုသည်ကို ပြသရာ ရောက်သည်။ ပုံမှန် အားဖြင့် ဘောင်းဘီ အပိုတစုံထက် ပိုယူလေ့ မရှိ၊ အောက်ခံဘောင်းဘီ နှင့် မျက်နှာသုတ်ပုဝါ ကဲ့သို့ ပစ္စည်းမျိုး ယူလေ့ယူထ မရှိကြ၊ ပြောက်ကျား တယောက်အဖို့ တနေရာမှ တနေရာသို့ ကျောပိုး အိတ်ကို လွယ်ရမည် ဖြစ်၍ မိမိ ခွန်အားကို ထိန်းသိမ်းထားရမည် ဖြစ်၍ အချိန်ကြာလာသည် နှင့် အမျှ နဲနဲခြင်း မလိုအပ်သည်များကို စွန့်ထုတ်ပစ်ရပေမည်။
ဆပ်ပြာ အပြင် သွားတိုက်ဆေး နှင့် သပွတ်တံကိုလည်း ယူရမည် ဖြစ်သည်။ အားသည့် အချိန် မိမိတို့ အချင်းချင်း အလဲအလှယ် လုပ် ဖတ်နိုင်ဖို့ စာအုပ်တအုပ်လောက်လည်း ပါသင့်သည်။
ထိုစာအုပ် များသည် အတိတ်က သူရဲကောင်းများ၏ အတ္ထုပ္ပတ္တိများ၊ သမိုင်းကြောင်းများ၊ သို့မဟုတ် မိမိနိုင်ငံ၏ စီးပွားရေးပထဝီဝင် အကြောင်းအရာများ ဖြစ်သင့်သည်။ ထို့အပြင် စစ်သည်များ၏ ယဉ်ကျေးမှု အဆင့်အတန်းကို မြှင့်တင်ပေးနိုင်ပြီး လောင်းကစားပြုလုပ်ခြင်းမျိုး နှင့် တခြားမသင့်တော်သည့် အပျော်အပါးများဘက် စိတ်မရောက်အောင် တားဆီးပေးနိုင်မယ့် အထွေထွေ ဗဟုသုတဆိုင်ရာ စာပေမျိုးတွေလည်း ဖြစ်ရမည်။ ပြောက်ကျား တဦး၏ ဘဝတွင် ပျင်းရိငြည်းငွေ့ ဖွယ် အချိန်များလည်း ရှိတတ်ပေသည်။
ကျောပိုးအိတ်ထဲတွင် နေရာလွတ် ရှိနေသည့် အခါတိုင်း အစားအသောက် လွယ်လင့်တကူ ရနိုင်သည့် နေရာမျိုး မှ လွဲ၍ စားဖို့သောက်ဖို့ အတွက်သာ ထည့်ယူသင့်သည်။ ချိုချဉ်ကဲ့သို့ ဖြည့်စွက် အစားအစာ များ ယူရမည် ဖြစ်သည်။ မုန့်ကြွပ်များကို ယူ၍ရသော်လည်း အလွယ်တကူ ကျိုးပဲ့ကြေမွသွားနိုင်သည်။
ထူထပ်သော တောနက်ပိုင်းတွင် ဓါးမ တချောင်းရှိကလည်း အဆင်ပြေသည်၊ လွန်စွာ စွတ်စို ထိုင်းမှိုင်းသော ဒေသတွင် ဆိုက ဓါတ်ဆီကို ပုလင်းလေး နှင့် ထည့်ယူပြီး မီးမွှေးရန် အတွက် ပေါ့ပေါ့ ပါးပါး ရှိမည့် ထင်းခြောက် အပိုင်းအစများ လည်း ဆောင်ထားသင့်သည်။ ဥပမာ ထင်းရူးသားမျိုး ဖြစ်သည်၊ ထို အသားမျိုး နှင့် အလွယ်တကူ မီးဖို၍ ရပေသည်။