မြန်မာနိုင်ငံတွင် ဗေဒင်ယုံကြည်မှုနှင့် ပတ်သက်၍ လူအများအပြား ယုံကြည်သော ယဉ်ကျေးမှုဓလေ့တစ်ခု ရှိနေပြီး၊ နောင်လာမည့် အနာဂတ်ကို ထူးခြားဆန်းကြယ်သည့် အကြားအမြင်ရပုဂ္ဂိုလ်များက ကြိုတင်သိမြင်နိုင်သည်ဟု လက်ခံထားကြသည်။
မကြာမီ ကျင်းပတော့မည့် စစ်အုပ်စု ရွေးကောက်ပွဲများအပြီးတွင် မည်သို့သောအခြေအနေများ ဆက်လက်ဖြစ်ပေါ်လာမည်နည်း။
အကယ်၍ စာဖတ်သူသည် နိုင်ငံအတွင်းရှိ အကြားအမြင်ရ ဗေဒင်ဆရာများ၏ စကားကို ယုံကြည်သူဖြစ်ပါက ယင်းအဖြေမှာ နက္ခတ်တာရာများ၏ အစီအစဉ်များ၊ အောက်လမ်းပညာသုံး ဖယောင်းတိုင်များ၏ ထူးခြားသော မီးတောက်များနှင့် 'တတိယမျက်စိ' ဟု ခေါ်သည့် အကြားအမြင် ဖြင့်သာ မြင်နိုင်သည့် လျှို့ဝှက်အင်းအိုင် သင်္ကေတများအတွင်း၌ ကိန်းအောင်းနေပေလိမ့်မည် ဟု အစချီကာ လန်ဒန် တွင် ထုတ်ဝေသော ဒေးလီး မေးလ် သတင်းစာ ကြီးက AFP သတင်းကို ဖေါ်ပြထားခဲ့သည်။
ပြည်သူ အများစု အသိခြင်ဆုံး မေးခွန်းကား မြန်မာသည် မည်သည့် အချိန်တွင် သာယာဝပြောလာမည်နည်း ဆိုသည်ပင် ဖြစ်သည်ဟု ဝေဒပညာရှင် လင်းညို့တာယာ က ဆိုသည်။
လွန်ခဲ့သည့် ငါးနှစ် က ထိုကဲ့သို့ မေးခွန်းမျိုး က မေးစရာ မလိုအောင် သေချာနေပြီ ဖြစ်သည်။ ထိုအချိန်က ပြင်ပ နှင့် အဆက်ဖြတ်ပြီး အလုံပိတ်ထားသည့် စစ်အုပ်ချုပ်ရေး အောက်တွင် ဆယ်စုနှစ်ပေါင်း များစွာ နေလာကြရပြီးနောက် ဒီမိုကရေစီ အသီးအပွင့်များ စတင်ခံစားလာနေရသော အချိန်လည်း ဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဒီမိုက ရေစီအစိုးရ ပြုတ်ကျသွားခဲ့ပြီးနောက်၊ အင်တာနက် ဖြတ်တောက် ခံရမှု များမှသည် အသက်အန္တရာယ်စိုးရိမ်ရသည့် စစ်မီးများ တဟုန်းဟုန်း တောက်လောင်လာသော ပြည်တွင်းစစ် ကြီး နှင့် အတူ ပြည်သူများ အကျပ်အတည်း များ ဖြစ် ပေါ် လာပြီး မရေရာ မသေချာသည့် အနာဂတ် နှင့် ရင်ဆိုင်လာခဲ့ရသည်။
လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့သည်ကား နောက်ထပ် မရေရာ မသေချာမှု များ ထပ်ဆောင်းလာခဲ့ပြန်သည်။ ထိုရွေးကောက်ပွဲ ရလဒ် ကို တိမ်းစောင်းသွားအောင် "ယတြာ" ဖြင့် ကြုံလာရမည့် ကံကြမ္မာ ကို တည့်မတ်ပေး နိုင်သည်ဟု အချို့က ယုံကြည်နေကြသည်။
လူထု က တကယ်တမ်းတွင် ၎င်းတို့၏ ဘဝ နှင့် အနာဂတ် လုံခြုံမှု ရရှိရေးကိုသာ လိုလားနေကြခြင်း ဖြစ်သည်ဟု လင်းညို့တာယာက AFP သတင်းဌာန အား ပြောပြခဲ့သည်။
လင်းညို့တာယာ အဖို့က ၎င်း၏ အတတ်ပညာ ကြောင့် လုံခြုံစိတ်ချရသည့် ဘဝမျိုး နှင့် နေထိုင်ခဲ့ရခြင်း မရှိခဲ့ပေ။
အာဏာသိမ်းအပြီး နိုင်ငံ အနှံ့ ဆန္ဒပြပွဲများ ဖြစ်ပေါ်လာချိန်တွင် ၎င်းက ကြိုတင် မြင်ခဲ့သည်ဟု ဆိုကာ မင်းအောင်လှိုင်အား "ကိုးဓါး၊ ကိုးအပ်" အစီအရင် ဖြင့် ကျိန်စာတိုက်ခဲ့ပြီး အခြားသော အကြားအမြင်ရ ပုဂ္ဂိုလ်များ အားလည်း အလားတူ လိုက်လုပ်ကြဖို့ တိုက်တွန်းခဲ့သည်။
ဓားမြှောင်များအပေါ်တွင် ဖယောင်းတိုင်များကို ကြယ်ပုံသဏ္ဌာန် စီမံထားသည့် ထိုအစီအရင်ကြောင့် ၎င်းသည် ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်တွင် ထောင်ဒဏ် (၂) နှစ် ကျခံခဲ့ရသည်။ 'အများပြည်သူ ကြောက်ရွံ့ထိတ်လန့်စေရန် ပြုလုပ်မှု' နှင့် နိုင်ငံတော်အား တိုက်ခိုက်ရန် အခြားသူများကို လှုံ့ဆော်မှုတို့ဖြင့် အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။
ထောင်မှ လွတ်လာပြီးနောက် ဘန်ကောက်တွင် သွားရောက် နေထိုင်ပြီး အွန်လိုင်းမှ တဆင့် ပြန်လည် ဆက်သွယ်လာနိုင်ခဲ့သည်။
မြန်မာ တို့၏ ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာအဆုံးအမများ ရောယှက်လွှမ်းမိုးနေသည့် ထူးခြားဆန်းကြယ်သော နာမ်လောကဆိုင်ရာ ယုံကြည်မှုများ၏ နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးခြင်းကို ခံထားရသည်။
ဗေဒင်ဆရာများက နိုင်ငံတော်၏ ဇာတာခွင်ကို တွက်ချက်စစ်ဆေးကြသည်၊ လက္ခဏာဆရာများက ဘုရားရင်ပြင်များတွင် နေရာယူထားကြသည်၊ ဝိဇ္ဇာအတတ် လိုက်စားသူများက ပြဒါးကို ရွှေဖြစ်အောင် အဂ္ဂိရတ်ထိုးရန် ကြိုးပမ်းကြသည်၊ ထို့အပြင် ဆင်းမ်ကတ်ကုမ္ပဏီများကပင် ဖုန်းဆက်၍ ဗေဒင်မေးမြန်းနိုင်သည့် ဝန်ဆောင်မှုများကို ကြော်ငြာနေကြပါသည်။
လောကီပညာရှင်များ သည် ရောဂါဝေဒနာမျိုးစုံကို ကုသပေးကြသည်ဟု မြန်မာ့အကြားအမြင်ရ ပုဂ္ဂိုလ်များအကြောင်းကို လေ့လာခဲ့သည့် နယူးယောက်ပြည်နယ်၊ ယူနီယံကောလိပ် က ပါမောက္ခ သောမတ်စ် ပက်တန် က ဆိုသည်။
ထိုကဲ့သို့ ယုံကြည်မှုများသည် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေခြင်း နှင့် ဆက်စပ်နေသည်ဟု ထင်ကြောင်း၊ လူထု အနေဖြင့် အားကိုးအားထားပြုစရာ တခြားအရာများလည်း များများစားစားမရှိလို့ ဟုမှတ်ချက်ချခဲ့သည်။
မရေရာမှု များ နှင့် အတူ အကာအကွယ်မဲ့မှုများ ပြည့်နှက်နေသည့် အခြေအနေ များ ရင်ဆိုင်လာရသည့် မြန်မာတို့၏ စိတ်အစဉ် တွင် နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိ ဂါထာမန္တန်များ၊ ဆေးဝါးကုထုံးများနှင့် လျှို့ဝှက်ဆန်းကြယ်သည့် လောကီပညာရပ်များ အခိုင်အမာ ရပ်တည် နေရာယူနိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ပြောခဲ့သည်။
လောကီပညာရပ်များနှင့် အကြားအမြင် ယုံကြည်မှုများသည် တံခါးပိတ်ထားသော နိုင်ငံရေးလောက၏ နောက်ကွယ်တွင်လည်း အလွန်လွှမ်းမိုးမှု ရှိနေပါသည်။
ယခင်စစ်အာဏာရှင်ဟောင်း ဗိုလ် နေဝင်းသည် ယာဉ်ကြောကိုပင် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ကားများကို လမ်းပြောင်းမောင်းနှင်ရန် ညွှန်ကြားခဲ့သည်။ ယင်းမှာ သူ၏ လက်ဝဲယိမ်း အုပ်ချုပ်ရေးစနစ်ကို နိုင်ငံရေးအရ လက်ယာဘက်သို့ ပြောင်းလဲရန် ဗေဒင်အကြံပေးချက်ကို မှားယွင်းစွာ အကောင်အထည် ဖော်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ယူဆကြသည်။
ဗိုလ်နေဝင်း သည် ဂဏန်းဗေဒကို အလွန်အမင်း ဝါသနာပါသူဖြစ်သည့် အတိုင်း ၁၉၈၇ ခုနှစ်တွင် (၉) ဂဏန်းကို အခြေခံသော ငွေစက္ကူအသစ်များကို ထုတ်ဝေခဲ့သည်။ (၉) ဂဏန်းကို မင်္ဂလာရှိသော ဂဏန်းဟု ယူဆခဲ့သော်လည်း ဈေးဝယ်သူများအဖို့မူ စိတ်တွက် တွက်ချက်ရာတွင် ဦးနှောက်ခြောက်မတတ် ဗျာများခဲ့ကြရသည်။
အလားတူ မင်းအောင်လှိုင်သည်လည်း ယတြာနှင့် ဗေဒင်ယုံကြည်မှုများ အပေါ် အခြေခံ၍ လုပ်ဆောင်လေ့ရှိသည်ဟု ကောလာဟလများ ထွက်ပေါ်လာခဲ့သည်။
ယခု တလနီးပါး ကြာအောင် ပြုလုပ်မည့် ရွေးကောက်ပွဲ သည်လည်း အရပ်သား အလံထောင်ပြီး ၎င်း၏ အုပ်ချုပ်ရေး သက်ဆိုးရှည်အောင် ပြုလုပ်မည့် ပွဲလည်း ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တစ်နိုင်ငံလုံးရှိ လမ်းဘေးဈေးသည်များထံတွင် ရောင်းချလျက်ရှိသော ၂၀၂၆ ခုနှစ်အစောပိုင်းတွင် ကျရောက်မည့် ဗုဒ္ဓဘာသာနှစ်သစ်ကူး သင်္ကြန် အတွက် ဟောကိန်းထုတ်ထားသည့် လူကြိုက်အများဆုံး ဟောစာတမ်းများတွင် ရှေ့နောက်မညီဘဲ အချင်းချင်းဆန့်ကျင်နေသည့် နိမိတ်ဖတ်ချက်များ ပါဝင်နေသည်။
မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ဝင်များ၏ ဟောကိန်းထုတ်ချက်အရ မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကဲ့သို့ပင် — အင်္ဂါနေ့ဖွား ခြင်္သေ့ရာသီဖွားများသည် 'အတိုက်အခံ ပြိုင်ဆိုင်မှုများနှင့် ရင်ဆိုင်ရလေလေ၊ ပို၍ အောင်မြင်မှုရရှိလေလေ ဖြစ်လိမ့်မည်' ဟု ဆိုသည်။
ထိုဇာတာရှင် များသည် ရောက်ရာအရပ်တွင် ကျန်းမာချမ်းသာကြမည့်အပြင် အထူးအခွင့်အရေးများကိုလည်း ရရှိကြလိမ့်မည်ဟု ဟောစာတမ်းတွင် ဖော်ပြထားပြီး၊ ယတြာချေလိုသူများအနေဖြင့် မိမိတို့အိမ်ရှိ ဘုရားစင်တွင် ထောပတ်ထမင်း လှူဒါန်းပူဇော်ရန် အကြံပြုထားသည်။
"မြန်မာသည် လာမည့် နှစ်အတွက် အလားအလာကောင်းတွေ ရှိနေပါတယ်" လို့ အသက် ၇၃ နှစ်အရွယ် ဗေဒင်ဆရာ ဦးမင်းသိန်းကျော် က ဟောကိန်းထုတ်ခဲ့သည်။ "ဒါပေမဲ့ ဘယ်ဟောကိန်းပဲဖြစ်ဖြစ် အပြည့်အဝ အောင်မြင်ဖြစ်ထွန်းဖို့ဆိုရင် အချက် ၃ ချက် တထပ်တည်း ကျနေဖို့ လိုအပ်ပါတယ်...၊ အဲ့တာတွေကတော့ အချိန်အခါ၊ နေရာဒေသ နှင့် လူပုဂ္ဂိုလ်တို့ပဲ ဖြစ်ပါတယ်"
သို့သော်လည်း မတည်မငြိမ်ဖြစ်နေသော မြန်မာနိုင်ငံတွင် အကြားအမြင်ရပုဂ္ဂိုလ်များကပင် သတိထားကြရန် တိုက်တွန်းနေကြသည်။ 'သတိထား စောင့်ကြည့်ရမယ့် အချက်တွေလည်း အများကြီး ရှိနေပါသေးတယ်။ သတိရှိဖို့က အဓိကပါပဲ' ဟု ဦးမင်းသိန်းကျော်က ပြောကြားခဲ့သည်။
"လူပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်းမှာ သီလ၊ သမာဓိ၊ ပညာ တွေ ရှိဖို့လိုအပ်သလိုပဲ၊ အာဏာရှိတဲ့သူတွေမှာလည်း ဒီအရည်အချင်းတွေ ရှိနေရပါမယ် ဟု လည်း ပြောသွားခဲ့သည်။
ပြည်သူ့ အင်အားဖြင့် တရားသော စစ် မုချ အောင်ရမည်!!!