အဆိပ်ရည် အပြည့်နဲ့ ပုံး

by Hla Soewai - Dec 22 2025

ရွေးကောက်ပွဲ ဆိုသည်ကား ပြည်သူတို့ ပေးအပ်သော အခွင့်အာဏာ ဖြင့် နိုင်ငံ ကို အုပ်ချုပ်ပိုင်ခွင့် ရယူခြင်းမျိုး ဖြစ်သည်။

 

ဗြိတိသျှ ဝန်ကြီးချုပ် ဝင်စတန် ချာချီက ယခုလို ပြောခဲ့ဖူးပေသည်။

 

"ဒီမိုကရေစီကို အမျိုးမျိုး ထောပနာပြုနေမှုများထဲတွင် အသေးငယ်ဆုံး ပြယုဒ် တခုအဖြစ် ခန္ဓာကိုယ် ပုပုညက်ညက် လူတဦး မဲရုံခပ်သေးသေး ထဲ ဝင်သွားပြီး သူ့တွင် ပါလာသည့် ခဲတံ တိုလေးဖြင့် စာရွက် လေး တခုပေါ်တွင် ကြက်ခြေခတ် ခြစ်သွားခဲ့ခြင်းသည် ဒီမိုကရေစီအား အာပေါက်မတတ် အရေးပေး ပြောဆို နေမှုများအားလုံးကို သေးသိမ်သွားစေခဲ့သည်"

 

ဆိုလိုသည်က လူတ‌‌ ယောက်သည် ထိုခဲတံ တို လေး ဖြင့် ခြစ် ပေး လိုက်ခြင်းသည် မိမိနှင့် မိမိတိုင်းပြည်၏ ကံကြမ္မာ ကို ပြောင်းလဲ ပေးပါရန် အခွင့် အာဏာ အပ်နှင်းလိုက်ခြင်းသာ ဖြစ်သည်။

 

ထိုသို့သော အခွင့် အာဏာ မျိုးကို စစ်အုပ်စု နှင့် ၎င်းတို့၏ လက်ဝေခံ များအား တကယ်တမ်း ယုံယုံကြည်ကြည် နှင့် အပ်နှင်းရဲသူ ရှိပါမည်လား၊ ၎င်းတို့ အား ထောက်ခံနေသူများတွင်လည်း ထိုသို့ ယုံကြည်ရဲသူ ရှိမည် မဟုတ်၊ ငါတို့ ထောက်ခံနေတဲ့ စစ်တပ်က လုပ်တာ၊ ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ ထောက်ခံရမည်ဟူသော ခံယူချက် မျိုးသာ ရှိသည်။

 

၎င်းတို့ ငါးနှစ် သက်တမ်း အတွင်း တိုင်းပြည် အခြေအနေသည် ဆိုးဝါးသည်ထက် ဆိုးဝါးလာနေပြီး လူထုသည်လည်း ဒဏ်ရာဗလပွ နှင့် ကုန်းရုန်းခါးစီး ခံနေကြရချိန်တွင် ခင်ရီ ကဲ့သို့ လူမျိုးများအား နိုင်ငံရေး တန်ခိုး အာဏာ အပ်နှင်း ခိုင်းပြီး ဆက်၍ အုပ်ချုပ်ရန် ရွေးချယ်ကြဟု မဲပုံးထောင် ချပြလာခြင်းထက် အခြား အဘယ်သို့များ ယူဆ၍ ရပေဦးမည်နည်း။

 

သို့သော် တရုတ် နှင့် ရုရှား တိုကို မှီခို အသက်ဆက်နေရသောမြန်မာပြည်ရှိ စစ်ဗိုလ်ချုပ်များကတော့ ထို အခွင့်အာဏာ ကို ၎င်းတို့ကို မြင်ပင် မမြင်ချင် မည်သို့မျှလည်း မလိုလား မနှစ်မြို့ ဖြစ်နေသော လူထုထံမှ အတင်းအဓမ္မ ခြိမ်းခြောက် ညှစ်ယူ လာနေပြီ ဖြစ်သည်။

 

ရွေးကောက်ပွဲ အား အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆီ ဦးတည်မည်ဟု ကြွေးကြော်နေသော်လည်း ထိုရွေးကောက်ပွဲ ဆန့်ကျင်ပြောဆို၊ ဆိုရှယ် မီဒီယာ တွင် ကွန်မင့် လေး ရေးယုံမျှ နှင့် ဖမ်းဆီး ခံခဲ့ရသူ အမျိုးသား ၂၀၁ ဦး၊ အမျိုးသမီး ၂၈ ဦး အား ရုံးတင်တရားစွဲ မည်ဟု စစ်အုပ်စု ပြည်ထဲရေး ဝန်ကြီးက ထုတ်ဖေါ်ပြော‌ဆိုလာခဲ့သည်။

 

မည်သို့မျှ မပြောပလောက်သည့် ဝေဖန်မှု မျိုးကိုပင် လက်မခံ နိုင် ဖြစ်နေကြသည်ကို ကြည့်ခြင်းဖြင့် မည်မျှအထိ စိုးရိမ်ထိတ်လန့် ‌နေကြသည် ဆိုသည်က သိသာနေသည်။

 

မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စု သည် အာရှတွင် ကမ္ဘောဒီယား ရှိ ပိုပေ့ါ၏ ခမာနီ အဖွဲ့ ၏ အကြမ်းဖက် အုပ်ချုပ်မှု မျိုး ကို အမှီလိုက်နိုင်သူ များ ဖြစ်သည်ဟု အားလုံးက အမှထ်ပြည့် ပေးထားခံရသူ များလည်း ဖြစ်သည်။

 

နောက်ဆုံး ထွက်ပေါ်လာသော ခန့်မှန်းချက်များအရ လက်ရှိတွင် စစ်အုပ်စုသည် နိုင်ငံ၏ ၃၉ ရာနှန်းကို သာ ပိုင်ပိုင် နိုင်နိုင် ထိန်းချုပ် ထားနိုင်ပြီး တော်လှန်ရေး အဖွဲ့များ၏ လက်ဝယ်တွင် ၁၆ ရာခိုင် နှုန်း ရှိနေပြီး ကျန် ၄၅ ရာနှုန်းသည် မည်သည့်ဖက်ကမှ အသာစီး မရသေးဘဲ တိုက်ပွဲ များ ဖြစ်ပွားနေရာ ဒေသများ ဖြစ်သည်။

 

သို့သော် လက်ရှိတွင် မင်းအောင်လှိုင်သည် တိုင်း နှင့် ပြည်နယ် ၁၄ ခု ရှိသည့် အနက် သွားလို့ရနေသည်က ၆ ခု သာ ရှ်ိတော့သည်၊ ထို ၆ ခု ဆိုသည်ကား ပြည်နယ် တိုင်း မြို့တော် ကွက်ကွက်လေး မျှသာ ဖြစ်နေသည်။

 

၎င်းတို့ အာဏာ သိမ်းပြီးနောက်တွင် တိုင်းပြည် လူဦးရေ၏ တဝက်ခန့်သည် ဆင်းရဲ ကျပ်တည်းစွာ နေထိုင်နေကြရပြီး သုံးပုံ တပုံခန့်သည် ဝမ်းဝအောင်ပင် စားသောက် နိုင်ခြင်း မရှိကြတော့၊ ပြည်ပ ကို ကြည့်မည် ‌ဆိုပါကလည်း အွန်လိုင်း ငွေလိမ်ဂိုဏ်းများ မှိုလိုပေါက်နေပြီး နိုင်ငံပေါင်း ၁၉၃ နိုင်ငံ အနက် သုံးပုံတခန့် ရှိ နိုင်ငံသားများ၏ စုဆောင်းငွေများ စုစု‌ ပေါင်း ဒေါ်လာ ဘီလီယံ များစွာ လိမ်လည်ခံခဲ့ရသည်၊ အိမ်နီးချင်းနိုင်ငံများသည်လည်း ဝင်ရောက်ခိုလှုံ လာကြသော ဒုက္ခသည် များ သန်းချီ ၍ လက်ခံခဲ့ကြရသည့် အပြင် မူးယစ်ဆေးဝါးများလည်း စီးဝင်လာနေသည့် ဒဏ်ကို ခံနေကြရပြီ ဖြစ်သည်။

 

၎င်း ကိုယ်တိုင်ပင် ပြည်တွင်း တွင် သွားချင်တိုင်း သွားခွင့်မရ ဖြစ်နေချိန်တွင် အတင်းအကျပ် လုပ်လာသည့် ရွေးကောက်ပွဲသည်ကား ၎င်းတို့ ပြောသလို ပြုပြင်ပြောင်းလဲရေး၊ အမျိုးသား ရင်ကြားစေ့ရေး များ ဖြစ်လာမည် မဟုတ်‌သော်လည်း တဖက်တွင် တော်လှန်ရေး အဖွဲ့များကို မူ စည်းလုံးညီညွတ် အောင်၊ ရင်ကြားစေ့လာအောင် ဖန်တီးပေးနိုင်ခဲ့ပြီ ဖြစ်သည်။

 

ဤကဲ့သို့သော ညီညွတ်မှုကြောင့် ၎င်းတို့အနေဖြင့် မိမိတို့၏ အင်အား ချိန်ခွင်လျှာ မမျှ ဖြစ်လာနေသော စစ်ဆင်ရေးဗျူဟာများကို လိုအပ်သလို ပြောင်းလဲကျင့်သုံးနိုင်မည်ဖြစ်ပြီး၊ ထိုမှတစ်ဆင့် မိမိတို့တွင် ရှိသည့် အရင်းအမြစ် များ စီမံခန့်ခွဲမှုနှင့် စစ်ဆင်ရေးစွမ်းဆောင်ရည်များကို ပိုမိုကောင်းမွန်လာစေနိုင်မည်ဖြစ်သည်။ ရလဒ်အနေဖြင့် စစ်ကောင်စီထံမှ မဟာဗျူဟာကျသော နယ်မြေအချို့ကို သိမ်းပိုက်ရရှိနိုင်ပြီး ပဋိပက္ခ၏ အလှည့်အပြောင်းကို ဖန်တီးနိုင်မည့် အလားအလာရှိလာသည်။

 

တိုင်းရင်းသား တပ်များ နှင့် ပူးပေါင်း ဖွဲ့စည်းလာ‌ သော မဟာမိတ် တပ််‌ ပေါင်းစု ကြီး ထွက်ပေါ်လာခဲ့သည့် အပြင် ပြည်သူ့ ကာကွယ်ရေး တပ်များသည်လည်း ဩဂုတ်လ နောက်ဆုံးပတ် သုံးရက်တွင် ကျင်းပခဲ့သည့် တပ်မှုး ကြီးများ ညီလာခံမှ တပြည်လုံး အတိုင်း အတာ နှင့် ကွပ်ကဲမှု တခုတည်းအောက်တွင် စုစည်းလာနိုင်ခဲ့ပြီး အမျိုးသား ကာကွယ်ရေး မဟာဗျူဟာ ကို ချမှတ်နိုင်ခဲ့ သည်ဟု သိရသည်။

 

ထို့အတွက် စစ်‌အုပ်စု သည် အာရက္ခ တပ်တော် အပါအဝင် နောက်ထပ် အင်အား တောင့်တင်းလာနေပြီ ဖြစ်သည့် အဖွဲ့ကြီး နှစ်ဖွဲ့၊ ကချင် နှင့် ကရင် တော်လှန်ရေး တပ်များ နှင့်ပါ ရင်ဆိုင်ကြရတော့မည် ဖြစ်သည်။

 

တိုင်းပြည်သည် ၎င်းတို့ လက်ဝယ် တ္ငင် ရှိနေသမျှ နေ့စဉ် နှင့် အမျှ မည်မျှအထိ ဆုံးရှူံး နစ်နာလာ‌ နေသည်ကို ထမင်းစား ကြီးသူ မှန်သမျှ သိနေကြပြီး ၎င်းတို့ ကိုယ်နှိုက်လည်း ရိပ်စား မိလာနေ၍ ထိုအနေအထားမှ လွတ်မြောက်လို လွတ်မြောက်ငြား တိုင်းပြည်၏ နိုင်ငံရေးဘဝ နှင့် ဆိုးရွားလာနေသော အခြေအနေကို မည်သို့မျှ ပြောင်းလဲပေးနိုင်စွမ်း မရှိမှန်း သိသိကြီး နှင့် တိုင်းပြည် ဘဏ္ဍာငွေများကို ဖြန်းတီး ကာ ရွေး‌ ကောက်ပွဲ လုပ်နေခြင်းမျှသာ ဖြစ်သည်။ 

 

မိမိတို့ ရင်သွေး များကို အိမ်ထဲ မှ ဆွဲထုတ်ကာ သေမင်း ခံတွင်းဝ သို့ ပို့ဆောင်ပေးနေသူများ အား ဆက်၍ အုပ်ချုပ်ပါ၊ ဒီ အတိုင်းပဲ ဆက်၍ လုပ်ကြပါ ဟု အာဏာအပ်နှင်းရဖို့ ဖြစ်လာ‌ နေသည်က မည်မျှ ရင်နာဖွယ် ကောင်းလှပေသနည်း။

 

ပြည်သူ အားဖြင့် တရားသော စစ် မုချ အောင်ရမည်!!!