ဗမာတို့၏ ကတုတ်ကျင်းများ တူးတိုက်သည့် စစ်ပွဲ သည် ပထမ ကမ္ဘာစစ် အတွင်း သုံးခဲ့သည့် ဗျူဟာ နှင့် နှိုင်းယှဉ်၍ရပြီး ဗီယက်နမ် စစ်တွင် အမေရိကန် တို့ နှင့် အတိုင်းအတာ တခုထိ တူညီနေပေသည်။ ဗမာတို့၏ အထွေထွေ ဗျူဟာ သည် အလယ်ခေတ် ဥရောပ စစ်တပ်ကြီးများ အတိုင်း ဖြစ်သည်ဟု ဆို၍ ရပေသည်။
ဗမာ လက်နက်ကိုင် တပ်များတွင် လေးနှင့် မြှား များ အသုံးပြုသော ဒုံးပစ် တိုက်ခိုက်ရေး သမားများ၊ ဓါး၊ လှံ နှင့် စူးလှံရှည်များ တပ်ဆင်ပေးထားသော ထိုးစစ်ဆင်မည့် တပ်များ ဟူ၍လည်း ခွဲခြားထားသည်။ မီးကျောက် သေနတ် နှင့် ဒုံးပစ် တိုက်ခိုက် ရေး တပ်များသည် အနီးကပ် တိုက်ခိုက်မည့် တပ်များ ချဉ်းကပ် မလာမခြင်း မဝေးလှသော အကွာအ ဝေး မှနေ၍ ရန်သူ ကို တပ်နိုင်သ လောက် အမှည့် ချွေ ခဲ့ကြသည်။ အနီးကပ် တိုက်ပွဲများ ဖြစ်ပွားလာစဉ်တွင် ဓါး နှင့် လှံ သမားများသာမက မီးကျောက် သေနတ်သမားများလည်း ၎င်းတို့ သေနတ် တွင် တပ်ဆင်ထားသော လှံစွပ်များ နှင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။
ကာကွယ်ရေး အပိုင်းတွင် ဗမာတို့သည် သစ်သား၊ ဝါးတိုင်များဖြင့် ကာရံထားသည့် ခံတပ်များ၊ ကတုတ်ကျင်းများ ကို အားထားခဲ့ကြသည်။ သို့သော်လည်း ၁၈၂၄ ခုနှစ် အစောပိုင်းတွင် ဗြိတိသျှတို့ စစ်ပွဲကို တိုက်ခိုက်ရန် အကောင်းဆုံးနည်းလမ်းကို စဉ်းစားခဲ့ကြရာတွင် ထိုကတုတ်ကျင်းများကို အောင်မြင် ကျော်လွှားနိုင်ကြောင်း တွေ့ရှိလာခဲ့သည်။
ထိုခံတပ်များကို ဆယ့်ခုနှစ် ပေအထိရှည်သော ခိုင်ခံ လှသည့် ကျွန်းသစ်တုံးကြီးများ ဖြင့်ဖြစ်စေ၊ သို့မဟုတ် ပိုမိုလျင်မြန်စွာ ဆောက်လုပ်နိုင်ရန် ဝါးများဖြင့်ဖြစ်စေ တည်ဆောက်ထားသည်။ ထိုခံတပ်များ၏ ရှေ့တွင် ရှစ်ပေခန့်နက်၍ တစ်ဆယ့်ငါးပေခန့်ကျယ်သော ကျုံးများ ကိုပြုလုပ်ကာ အထဲတွင် ဝါးလုံးချွန်များ စိုက်ထားလေ့ရှိသည်။ အချို့သော သစ်လုံး ခံတပ် များတွင် ကျုံး၏ရှေ့၌ မြင့်မားသော သစ်သားခြံစည်းရိုးတစ်ခုရှိပြီး၊ ၎င်းနောက် တနေရာတွင် ဝါးချွန်များ စိုက်ထားသည်။ ခံတပ် ကိုယ်ထည်တွင် သေနတ်ပစ် ရန် အပေါက်များ ဖောက်ထားပြီး နောက်တွင် သေနတ်အပေါ့စားများနှင့် လက်ဖြောင့်တပ်သား များအတွက် ပလက်ဖောင်းများ တပ်ဆင် ပေးထားသည်။
တိုက်နေခိုက်နေကျ ဖြစ်သည့် အားလျှော်စွာ ဗမာ စစ် ဗိုလ်ချုပ်များသည် ၎င်းတို့ တိုက်ပွဲဝင်ရမည့် မြေပြင် အနေအထား ကို ဖုံးလွှမ်းနေသည့် ကြီးမားလှသော သစ်ပင်ကြီးများ ပေါ်တွင် စောင့်ကြည့်စခန်း နှင့် အမြှောက်စင်များကို တည်ဆောက်ခဲ့ကြသည်။ အာရှတိုက်ရှိ စစ်တပ်များတွင် မကြာခဏတွေ့ရလေ့ရှိသည့် "ဂျင်ဂယ်" (Jingal) ဟုခေါ်သော အမြောက်အသေးစား ကို အများဆုံး အသုံးပြုခဲ့ကြသည်။ အဆ်ိုပါ လက်နက်သည် နှစ်ယောက်တည်းဖြင့် လွယ်ကူစွာ ကိုင်တွယ်လှုပ်ရှားနိုင် ပြီး၊ တစ်အောင်စ ဝက်မှ လေးပုံ သုံးပုံ ခန့် အထိ အလေးချိန်ရှိသော ကျည်လုံး ကို ထည့်သွင်း ပစ်ခတ်နိုင်သည်။
လက်နက်ကြီးများ၊ ဗိုလ်ချုပ်ကြီးများ၊ ၎င်းတို့၏ အခြွေအရံ လက်ထောက်များ၊ ပစ္စည်းပစ္စယာများကို သယ်ယူရန် ဆင်များကို အသုံးပြုခဲ့ကြသည်။ ဘုရင့်ကိုယ်ရံတော်အဖွဲ့တွင် ပါဝင်သော မြင်းတပ်ဖွဲ့ငယ် တစ်ခုလည်း ရှိပြီး၊ အင်အားအားဖြင့် တစ်ထောင်ခန့် ရှိသည်။ မြင်းတပ်သားများသည် ရှစ်ပေရှည်သော လှံ ကို ကိုင်ဆောင်ကြပြီး၊ မြင်းစီးရာတွင် ကြိုးတိုတို၊ ကုန်းနှီးကို မာမာမြင့်မြင့် ဖြစ်အောင် လုပ်ပြီး စီးနင်းကြသည်။ ၎င်းကုန်းနှီးများတွင် ရွှေချထားသော သို့မဟုတ် ဆေးခြယ်ထားသော စက်ဝိုင်းပုံ သားရေပြားများ ကို မြင်းဘေးနှစ်ဖက်သို့ တွဲလောင်းချထားလေ့ရှိသည်။
ဗြိတိသျှ တို့ ရင်ဆိုင်ရမည့် ကြောက်မက်ဖွယ်ရာ အင်အားတောင့်တင်းလှသည့် ရန်သူတပ်များ အပြင် မြန်မာ ဘုရင်တွင် ရေတပ်သား များ ကွပ်ကဲနေသည့် တိုက်လှေကြီး များလည်း ပိုင်ဆိုင်ထားသည်။ ဆိုင်းမ်သည် မြန်မာ ပြည်တွင် ရှိနေစဉ် ငြိမ်သက်နေသူ မဟုတ်ရကာ လေ့လာစုံစမ်း နေခဲ့ရာမှ ရေတပ် ကို မြန်မာ စစ်တပ်၏ အလေးစား ခံရဆုံး အစိတ်အပိုင်း အဖြစ် ဖေါ်ပြခဲ့သည်။ ဗြိတိသျှ ရေတပ်၏ ကျုးကျော် တိုက်ခိုက်မှု ကို ကောင်းစွာ တုန့်ပြန်နိုင်စွမ်း ရှိသည်ဟု ဆိုသည်။
အကြီးဆုံး တိုက်လှေ ကြီး များသည် အလျား ပေရှစ်ဆယ်မှ တစ်ရာအထိနှင့် အနံ ရှစ်ပေခန့် ရှိကြသည်။ ထို လှေကြီးများ ကို လှော်ခတ်သူ ငါးဆယ်မှ ခြောက်ဆယ် တို့က အုပ်ချုပ်ကြပြီး ၎င်းတို့၏ ဓားများနှင့် လှံများ ကို အသင့် အသုံးပြုနိုင်ရန် ဘေးတွင် ချထားသည်။ ထို့အပြင် မီးပစ်လက်နက် များ တပ်ဆင်ထားသော စစ်သည်တော် သုံးဆယ် နှင့် ထပ်၍ အားဖြည့်ထားသည်။ ခြောက်ပေါင်၊ ကိုးပေါင် သို့မဟုတ် တစ်ဆယ့်နှစ်ပေါင် အမြောက်တစ်လက် ကို ရေယာဉ်၏ ဦးပိုင်းတွင် တပ်ဆင်ထားသည်။
တိုက်ခိုက်မှုသည် လွန်စွာ မြန်ဆန်လှသည်ဟု ဆိုင်းမ်၏ မှတ်တမ်းက ဆိုသည်။စစ်ချီ သီချင်းများကို ဟစ်ကြွေးရင်း လျင်မြန်သော နှုန်း ဖြင့် ရွေ့လျားနိုင်သည်။ များသော အားဖြင့် ကိုယ်ချင်း ဝင်လုံးရန် ကြိုးစားကြသည်။ ထိုသို့ ဖြစ်လာက တိုက်ပွဲသည် အလွန် ပြင်းထန်လာသည်။ နကိုယ်ကတည်းက ထိုလူမျိုးများသည် ကြီးမားသော သတ္တိ၊ ခွန်အားနှင့် လျင်မြန်သွက်လက်မှုတို့ဖြင့် ပြည့်စုံသောကြောင့် ဖြစ်သည်။ ရေယာဉ်များသည် ရေပြင်အောက် နိမ့်နေတတ်၍ အကြီးမားဆုံးသော အန္တရာယ်သည် ပိုကြီးသော လှေတစ်စင်းမှ ဘေးတိုက် ဝင်ရောက်တိုက်ခိုက်ခြင်းပါက နစ်မြုပ်သွားတတ်ခြင်းပင် ဖြစ်သည်။
လှေလှော်သားများသည် လည်း နောက်ပြန် လှော်ခတ်ရန် လေ့ကျင့်ထားကြသူများ ဖြစ်ကြ၍ နောက်ပြန် မောင်းနှင် နိုင်စွမ်း ရှိသည်။ ထို့အတွက် ဆုတ်ခွာသည့် ပုံစံဖြင့် အမြှောက်တပ်ဖွဲ့များသည် ရန်သူကို ဆက်လက်ပစ်ခတ်နိုင်ဆဲ ဖြစ်သည်။
အကြီးဆုံးသော စစ်လှေများသည်ပင် ရေအနက် သုံးပေထက် ပို၍ နစ်မြုပ်ခြင်း မရှိ။ ၎င်းတို့၏ ဘေးဘက်များသည် ရေစပ်အထိ ရွှေချထားခြင်း (သို့မဟုတ်) အမိန့်ပေးအရာရှိ၏ ရာထူးအဆင့်အတန်းအလိုက် အရောင်အသွေးမပါဘဲ သာမန်အတိုင်း ထားရှိသည်။ ရွှေချထားသော စစ်လှေများကို ဘုရင် နှင့် သွေးသားတော်စပ်သော မင်းသားများ သို့မဟုတ် နယ်စား ဘုရင်ခံ နှင့် မူးမတ်ဝန်ကြီး ကဲ့သို့သော အမြင့်ဆုံး ရာထူးများကို ရယူထားသူများသာ အသုံးပြုခွင့်ရှိသည် အစရှိသဖြင့် ဆိုင်းမ်က မှတ်တမ်းတင်ထားသည်။
ကျွန်းလုံးကြီးများ နှင့် အခိုင်အခန့် တည်ဆောက်ထားသော တိုက်လှေကြီး ငါးရာ အား အချိန်တို အတွင်း အဆင်သင့် ဖြစ်နေအောင် စီမံထားသည်။ မြစ်တလျောက်ရှိ မြို့ နှင့် ရွာများကလည်း သတ်မှတ်ပေးထားသည့် လူ အရည်အတွက် နှင့် လှေ များကို ပံ့ပိုးပေးကြရသည်။
မြန်မာ လက်နက်ကိုင် တပ်များ အတွင်း စစ်စည်းကမ်းက လွန်စွာ တင်းကျပ်သည်။ ဘုရင်အပေါ် ရိုသေကိုင်းရှိုင်းမှုသည်လည်း တစိတ်တပိုင်း ပါဝင်နေသည်။ သို့သော် စစ်သည် တဦးအဖို့ တပ်ကို စွန့်ခွာထွက်ပြေးခဲ့လျင်၊ ရန်သူနှင့် ရင်ဆိုင်သည့်အခါ သူရဲဘော ကြောင်ခဲ့လျင် ၎င်းကိုယ်တိုင်သာမက ဇနီး၊ သားသမီး နှင့် မိဘများကို ပါ ကွပ်မျက် အပြစ်ပေးခံရမည် ကို ကြောက်ရွံစိတ်ကြောင့် တိုက်ရင်း အသေခံ ဖို့သာ ရွေးစရာ ကျန်တော့သည်။
ထိုအကြောင်း နှင့် ပတ်သက်၍ မြန်မာတွင် နှစ်ပေါင်း ငါးဆယ်ခန့် နေထိုင်ခဲ့သည့် အီတာလျှံ ဘုန်းတော်ကြီး ဖာသား ဆမ် ဂါမာနိုက ယခုလို ရေးသားခဲ့သည်။
"စစ်သားတယောက်၏ ဦးခေါင်းထက်တွင် ဓါးသည် အမြဲတမ်း ရစ်ဝဲလျက် ရှိနေသည်။ ရန်သူကို တိုက်ခိုက်ရန် အနည်းငယ်မျှ နှောင့်နှေးစိတ် ပေါ်သွားခဲ့လျင်၊ သို့မဟုတ် ရှေ့သို့တက်ရန် စိတ်ပါလက်ပါ မရှိခဲ့ပါက အဆိုပါ ဓါးသည် ထိုသူ၏ ဦးခေါင်းထက်သို့ ကျလာတော့မည် ဖြစ်သည်။ ထိုအရာထက် ၎င်းတို့ ပို၍ ထိတ်လန့်နေရသည်က ဇနီးသားသမီးများ ကွပ်မျက်ခံရမည့် အရေးပင် ဖြစ်သည်။ တပ်မှ ထွက်ပြေးခဲ့သူများ ဆိုက ၎င်းတို့၏ ခြေလက်များကို သားရဲတရိစ္ဆာန် ကြီး တကောင်ကို မိလာသည့် အလား တုတ် နှောင်၍ ဝါး လှောင်အိမ်ကြီးထဲတွင် ပိတ်ထားပြီး လောင်စာများ ပက်ဖျန်းကာ သေနတ်နှင့် ပစ် ဖေါက်၍ မီးလောင်တိုက်သွင်းခဲ့ကြသည်။"
သာမန် စစ်သည် တဦး နှင့် ၎င်း၏ မိသားစု အသက်သည် အရာရှိ လုပ်သူများ၏ လက်ဝယ် ရှိနေပြီး အလားတူပင် ထို အရာရှိများ နှင့် မိသားစု တို့၏ အသက်သည်လည်း ဘုရင် လက်တွင် ရှိနေပြန်သည်။ အရေးနိမ့်လာသော ဗိုလ်ချုပ်တဦးသည် အနည်းဆုံး သူ၏ ဘွဲ့ထူးဂုဏ်ထူးများ၊ ဂုဏ်သိက္ခာ အဆင့်အတန်းများ လျောကျသွားခဲ့ပြီး အများအားဖြင့် ခေါင်းဖြတ် ကွပ်မျက်ခံရတတ်သည်။
သတ္တိဗျတ္တိ ရှိဖို့ ထိုသို့ ထိမ်းသိမ်းထားနိုင်သော်လည်း ဗျူဟာပိုင်းတွင်မူ ထိုသို့ လုပ်နိုင်ခဲ့ခြင်းမျိုး မရှိခဲ့၊ ဖာသား ဆမ် ဂါမာနို က "ဒီနိုင်ငံရှိ တိုက်ပွဲများသည် ဥရောပ တွင် ဖြစ်ခဲ့သည်များနှင့် အနည်းငယ်မျှ ပင် ဆင်တူ ရိုးမှား မရှိခဲ့ဟု ယခုလို ရေးသားခဲ့သည်။
"၎င်းတို့သည် စစ်ပွဲ တခုကို ဆင်နွှဲသည်ဟု မည်သည့် အခါမျှ မဆိုနိုင်။ သို့သော် သစ်ပင်များ သို့မဟုတ် ဝါးထရံများ ကာရံထားသော ခြံစည်းရိုးများ၏ အကာအကွယ်အောက်တွင် ချောင်းမြောင်းတိုက်ခိုက်ခြင်းမျှသာ ဖြစ်သည်။ သို့မဟုတ်လျှင် ၎င်းတို့သည် ရှေ့သို့ ချီတက်နေစဉ် တဖြည်းဖြည်းဖို့လာနေသည့် ကုန်းတန်းများ ကို အကာအကွယ်ယူ၍ ရန်သူမြို့ သို့မဟုတ် စစ်တပ်ထံ ချဉ်းကပ်ကြသည်။
တစ်ခါတစ်ရံတွင် အကာအကွယ် မဲ့သော လွင်ပြင်၌ နှစ်ဖက် ထိပ်တိုက်ရင်ဆိုင် တွေ့ဆုံကောင်း တွေ့ဆုံနိုင်သည်။ထိုအခါတွင်ကား အခြေအနေများက ရှုပ်ရှုပ် ထွေး ထွေး ဖြစ်ကုန်ပြီး၊ မည်သည့် စနစ် သို့မဟုတ် အမိန့်ပေးမှုဟူ၍ တခုမှ မရှိ တော့ဘဲ တစ်ဖက်စီက အခြားတစ်ဖက်ကို ဝိုင်းရံရန် သို့မဟုတ် နောက်ဘက်သို့ ရောက်အောင် ကြိုးပမ်းကာ ရန်သူ ထွက်ပြေး အောင်သာ အားထုတ်ကြလေသည်။"
ထိုကဲ့သို့ အလွန်အကျွံ အနေအထား ရှိသော တပ်များ နှင့် ဗြိတိသျှ တို့ မကြာမီတွင် ရင်ဆိုင်ကြရတော့မည် ဖြစ်သည်။ ရင်ဆိုင် ချင်သည် ဖြစ်စေ၊ မရင်ဆိုင်ချင်သည် ဖြစ်စေ လောင်းကုတ် အနီဝတ် ဗြိတိသျှ စစ်သားများနှင့် အိန္ဒိယ စစ်ဗာရီ များသည် မြန်မာ တို့ကိုသာမက ၎င်းတို့၏ လူနေမှု ဘဝ ပုံစံကိုပါ ဖျက်ဆီးပစ်မည့် "အလုံးစုံသော စစ်" Total War ကို ဆင်နွှဲကြရတော့မည် ဖြစ်သည်။ ထိုအကြောင်းကို အနည်းငယ်မျှ ဖေါ်ပြရန် လိုပေသည်။
မြန်မာ ပဒေသရာဇ် စနစ် နှင့် လူမှု ဖွဲ့စည်းပုံအား ဘုရင်ခံချုပ် လော့ဒ် အမ်ဟတ်စ်က "မြန်မာအစိုးရနှင့် မြန်မာလူမျိုးတို့၏ ထူးခြားသော အခြေအနေနှင့် သဘာဝလက္ခဏာရပ်များ' ဟု သတ်မှတ်ညွှန်းဆိုခဲ့သည်။
ဖာသား ဆမ် ဂါမာနို က ဤသို့ လေ့လာမှတ်တမ်းတင်ခဲ့သည် -
"ဤကမ္ဘာတွတွင် မြန်မာဧကရာဇ်လောက် အာဏာရှင်ဆန်သော (အလိုအကျင့်အတိုင်း စိုးမိုးနိုင်သော) ဘုရင်မျိုး ရှိမည်မဟုတ်ဟု ကျွန်ုပ်ထင်မြင်မိသည်။ သူသည် မိမိကိုယ်မိမိရော၊ အခြားသူများကပါ လက်အောက်ခံနိုင်ငံသားများ၏ အသက်၊ အိုးအိမ်စည်းစိမ်နှင့် လုပ်အားတို့အပေါ် လုံးဝဥဿုံ အပိုင်စိုးမိုးသူအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ သူသည် ဂုဏ်ဒြပ်နှင့် ရာထူးအဆင့်အတန်းတို့ကို မြှောက်စားနိုင်သလို၊ နှိမ်ချပစ်နိုင်သည်၊ ပေးသနားနိုင်သလို၊ ပြန်လည်ရုပ်သိမ်းနိုင်သည်၊ ထို့ပြင် သေဒဏ်ထိုက်သော ရာဇဝတ်သားများကိုသာမက မိမိ၏ စိတ်တော်ကို ထိခိုက်စေသူ မည်သူ့ကိုမဆို ဥပဒေလုပ်ထုံးလုပ်နည်း တစ်စုံတစ်ရာမရှိဘဲ သေဒဏ်ပေးနိုင်သည်။
ဤနိုင်ငံတွင် လူတစ်ဦးသည် စည်းစိမ်ဥစ္စာ အလွန်ချမ်းသာကြွယ်ဝလာပါက ဘေးအန္တရာယ်နှင့် နီးစပ်လှသည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူ၏ ပိုင်ဆိုင်မှုများကို သိမ်းယူနိုင်ရန်အတွက် တစ်နေ့နေ့တွင် အခြေအမြစ်မရှိသော ပြစ်မှုတစ်ခုခုဖြင့် စွပ်စွဲကာ သေဒဏ်ပေးခံရနိုင်သောကြောင့် ဖြစ်သည်။ နိုင်ငံသားတိုင်းသည် ဧကရာဇ်မင်း၏ မွေးရာပါ ကျွန်များဖြစ်ကြပြီး၊ မင်းကြီးက တစ်ဦးတစ်ယောက်ကို သူ၏ ‘ကျွန်’ ဟု ခေါ်ဝေါ်ခြင်းကိုပင် ထိုသူအား ဂုဏ်ပြုလိုက်ခြင်းဖြစ်သည်ဟု ယူဆကြသည်။ ထို့ကြောင့်လည်း ဘုရင်သည် မိမိ၏ နိုင်ငံသားများကို မည်သည့်အလုပ် သို့မဟုတ် မည်သည့်ဝန်ဆောင်မှုတွင်မဆို လစာ သို့မဟုတ် အခကြေးငွေမပေးဘဲ ခိုင်းစေပိုင်ခွင့်ရှိသည်ဟု ယူဆထားပြီး၊ အကယ်၍ တစ်စုံတစ်ရာ ပြန်လည်ပေးကမ်းခဲ့လျှင်လည်း ၎င်းမှာ တရားမျှတမှုအရ ပေးခြင်းမျိုးမဟုတ်ဘဲ အထက်က ပေးသနားသော အလှူဒါန (စွန့်ကြဲမှု) အဖြစ်သာ ပြုလုပ်ခြင်းဖြစ်သည်။"
ဤနေရာတွင် ဆမ် ဂါမာနိုသည် ဘကြီးတော် မတိုင်မီ စိုးစံခဲ့သော ဆင်ဖြူရှင် နှင့် ဘိုးတော်ဘုရားတို့ကို ရည်ညွှန်းခဲ့ခြင်း ဖြစ်သည်။