ရွေးကောက်ပွဲ တွင် အုပ်စု သုံးစု ထွက်ပေါ်လာဟု ဧရာဝတီ သုံးသပ်

by Hla Soewai - Dec 22 2025

ထိုအုပ်စု ကြီး သုံးစုသည်ကာ တိတ်ဆိပ်မှု ထဲ နစ်‌ မျော နေကြသော ပြည်သူလုထု၊ စိုးရိမ်ပူပန်မှု များ ဖုံးလွှမ်းလာနေသော ပါတီများ၊ ရွေးကောက်ပွဲ အပြီး မည်သို့ မည်ပုံ စိတ်ကြိုက် ဖန်တီးရမည် ဆိုသည်ကို အေးဆေး တည်ငြိမ်စွာ အကွက်ချနေသော စစ်အုပ်စု ဟူ၍ ဖြစ်သည်ဟု ဆိုသည်။

 

#တိတ်ဆိတ်မှုထဲနစ်မျောနေကြသောလူထု ဆိုသည်ကား ရွေးကောက်ပွဲ အပေါ် မည်သို့မျှ စိတ်ဝင်စားမှု မရှိယုံမက တိတ်ဆိတ်စွာ ဆန့်ကျင်နေခြင်း ကို ဆိုလိုသည်။ ၎င်းတို့သာ လွတ်လွတ်လပ်လပ် ပြောခွင့်ရမည် ဆိုက "ဒါရွေးကောက်ပွဲမှ မဟုတ်တာ၊ လုပ်ပွဲ ကြီးပဲ" ဟု ပြောကြမည်သာ ဖြစ်သည်။

 

၎င်းတို့ အဖို့က တခါမက အကြိမ်ကြိမ်သေခဲ့ဖူး၍ ပျဉ် ဖိုး နားလည် ပြီးသူ များလည်း ဖြစ်သည်။ ၁၉၉၀, ၂၀၁၀, ၂၀၂၀ ရွေးကောက်ပွဲ များ တွင် ထည့်ခဲ့သော မဲများက အခိုးခံရ၊ ပယ်ဖျက်ခံခဲ့ရ၍ စိတ်တွင် ဒဏ်ရာဒဏ်ချက်များ ရခဲ့သည်သာ အဖတ်တင်ခဲ့သည်။

 

ယခုတကြိမ်လည်း အလိမ်ခံရဖို့က ကြိမ်းသေနေသည်။ စစ်အုပ်စုသည် ဒီမိုကရေစီ ဗန်းပြပြီး ၎င်းတို့ အာဏာကို အင်္ဂတေ လောင်းမည့် နိုင်ငံရေး ဗန်းပြ လိမ်လည်မှု ကြီးသာ ဖြစ်သည်။

 

ထွက်ပေါ်လာမည့် ရလဒ်ကလည်း ကြံ့ဖွတ်သာ သေချာပေါက် အနိုင်ရလာမည် ဖြစ်သည်။ လက်ရှိ ဗိုလ်ချုပ်များ၊ ဗိုလ်ချုပ်ဟောင်းများ အား စင်တင်ပေးမည့် ပွဲလည်း ဖြစ်သည်။ ထို့အတွက်လည်း စစ်မှန်သော နိုင်ငံရေး ပြောင်းလဲမှု များ ထွက်ပေါ်လာနိုင်သည်ဟု ယုံကြည်သူ တဦးတလေမျှ မရှိသည်မှာလည်း အံ့ဩစရာတော့ မဟုတ်ပေ။ သို့သော် မသိချင်ယောင် ဆောင်နေကြသူများလည်း မရှိမဟုတ် ရှိနေကြသည်သာ ဖြစ်သည်။

 

#စိုးရိမ်ပူပန်လာနေသောပါတီများ ဆိုသည်က ရွေးကောက်ပွဲ ဝင်ကြမည့် အဖွဲ့များ ဖြစ်ပြီး၊ ၎င်းတို့ စိတ်ထဲတွင် ရှိနေကြသည်များက "ဘယ်သူ နိုင်မလဲ"၊ "ငါတို့ လွှတ်တော်ထဲ ဘယ်နှစ်နေရာ ရနိုင်မလဲ"၊ "ဘယ်လို ရာထူးမျိုးတွေ ရလာမလဲ" ဆိုသည်တို့ပင် ဖြစ်သည်။ ရွေးကောက်ပွဲ ဆိုသည်ကို လက်မခံသော မဲဆန္ဒရှင်များထံမှ မဲ ရလာလိမ့်မည်ဟု အဘယ်သို့များ မျှော်လင့်၍ ရနိုင်အံ့ပေမည်နည်း။

 

ပြိုင်ဖို့ စာရင်းပေးထားသည့် ၅၇ ပါတီအနက် ၆ ပါတီသာ တနိုင်ငံလုံး အတိုင်းအတာ ဖြင့် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ၂၉ ဖွဲ့က တိုင်းရင်းသား ပါတီများ ဖြစ်ကြသည်။ အားလုံးလိုလိုက လူထု ထောက်ခံမှု မရကြသော်လည်း ပြည်သူ့ဆန္ဒကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ကာ ရေးဆွဲထားသော စစ်အုပ်စု၏ နိုင်ငံရေး လမ်းပြမြေပုံ ဖြင့် လျှောက်လှမ်းလာကြသူ များသာ ဖြစ်သည်။

 

၆ ပါတီ ဆိုသည်ကလည်း စစ်ဗိုလ်ချုပ်များ ဦးဆောင်နေသော ကြံ့ဖွတ်၊ ကိုကိုကြီး၏ ပြည်သူ့ ပါတီ၊ သက်သက်ခိုင်၏ ပြည်သူ့ ရှေ့ဆောင်ပါတီ၊ စိုင်းအိုက်ပေါင်း၏ ရှမ်း နှင့် တိုင်းရင်းသားများ ဒီမိုကရက် ပါတီ၊ ဒေါက်တာ အေးမောင် (တရိစ္ဆာန်ဆေးကု) ၏ အာရကန် တပ်ဦး ပါတီ၊ ဒေါက်တာ တူးဂျာ ၏ ကချင်ပြည်နယ် ပြည်သူ့ ပါတီတို့ ဖြစ်သည်။

 

၎င်းတို့၏ အမည်များက သိထားကြပြီး ဖြစ်သော်လည်း လူကြိုက်များသူ များ မဟုတ်ကြ၊ စစ်တပ် နှင့် ကာလကြာမြင့်စွာကတည်းက နီးစပ်ကြသူများချည်း ဖြစ်သည်။ တကယ်တမ်းဆိုရက စစ်အုပ်စု အတွက် ပါတီများစွာ ယှဉ်ပြိုင်သည်ဟု ပြော၍ ရအောင် အဖြည့်ခံ ပါတီများ အဖြစ် ဝင်ရောက်ပေးခဲ့ကြရသည့် အဆင့်သာ ရှိသည်။

 

၎င်းတို့အားလုံးက ပြည်သူများ မည်သို့ ရှူမြင်နေသည်ကို သိနေ ကြားနေပါလျက် လျစ်လျုရှုကာ စစ်အုပ်စု ၏ အဆို "နိုင်ငံရေး အခြေအနေ သစ် တရပ် ပေါ်ထွက်လာမည်" ဆိုသည့်နောက် နိုင်ငံရေးတွင် ထားရှိရမည့် စံတန်ဖိုးများ၊ ကိုယ်ကျင့်တရား ပိုင်းအရ သင့်တော်၏ မတော်၏ ဆိုသည်ကို မစဉ်းစားပဲ လက်တွေ့ကျကျ ကိုယ်ပိုင်အကျိုးစီးပွားရှုထောင့်မှ ချဉ်းကပ်ကြည့်ရှုသော realpolitik mindset သဘောထားကို စွဲကိုင်လာကြသူများသာ ဖြစ်သည်။ ထိုအထဲတွင် နိုင်ငံရေးအရ ရှင်သန်ရပ်တည် နိုင်ဖို့၊ အာဏာ ရလာနိုင်မှု၊ ချမ်းသာ ကြွယ်ဝလာနိုင် မှု တို့ ပါဝင်သည်။

 

ပြည်သူလူထု အစစ်အမှန် ယုံကြည်အားထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် တိုင်းရင်းသား ပါတီများ ဖျက်သိမ်းခံထားရ၍ လည်း ဒီတကြိမ် ၎င်းတို့ အနိုင်ရမည့် အခွင့်အလန်းက များလာနေပြီလည်း ဖြစ်သည်။ သို့သော် လူထုကို နေ့စဉ်နှင့် အမျှ ဗုံးကြဲ သတ်ဖြတ်နေသည့် စစ်အုပ်စုက လုပ်မည့် ရွေးကောက်ပွဲ ကို ပါဝင်လာခြင်းကပင် နိုင်ငံရေး အရ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်လိုက်ခြင်းသာ ဖြစ်သည်။

 

#ဉာဏ်များနေသောဗိုလ်ချုပ်များ ကတော့ မည်သူ့ကို မည်သည့် မဲဆန္ဒနယ်က ဝင်ပြိုင်၊ ဆိုရှယ် မီဒီယာ များကနေ ဘယ်လို ပြော မဲဆွယ် အစရှိသဖြင့် အကွက်ချ နေကြသည်။ နောက်ကွယ်က ကြိုးကိုင်သူ ဆရာကြီး ခေါ် မှုန်ကြီးသည်က မင်းအောင်လှိုင်ပင် ဖြစ်သည်။

 

ပြီးခဲ့သည့် လ ကပင် အတွင်းလူများ ဖြစ်သော ညိုစော နှင့် အောင်လင်းဒွေး တို့ကို ယူနီဖောင်း ချွတ်ခိုင်းပြီး ကြံ့ဖွတ် ကိုယ်စားလှယ် လောင်းများ အဖြစ် အသွင် ပြောင်းခိုင်းခဲ့သည်။ ဗိုလ်ချုပ် ငါးဦး အပါအဝင် ဝန်ကြီး ဆယ်ဦးသည်လည်း ရွေးကောက်ပွဲ ဝင်ကြပေဦးမည်။ ထိုလူများ အားလုံးသည် မင်းအောင်လှိုင်၏ ယုံကြည်အားအထားရဆုံး သူများ ဖြစ်ပြီး ထိတ်တန်းရာထူးများတွင် နေရာယူကြတော့မည် ဖြစ်သည်။

 

ထိုသို့ ဖြစ်လာအောင်လည်း ၂၀၂၂ ကတည်းက စတင် ပြင်ဆင်လာပြီး ကြံ့ဖွတ်ဥက္ကဌ သန်းဌေးနေရာတွင် ၎င်း၏ သစ္စာခံ ခင်ရီနှင့် အစားထိုးလာခဲ့သည်။ လက်ရုံး ဖြစ်သူ မျိုးဇော်သိမ်းအားလည်း ဒုဥက္ကဌ အဖြစ် ခန့်အပ်စေခဲ့သည်။

 

အောင်လင်းဒွေးအား အမျိုးသား လွှတ်တော် ဥက္ကဌ အဖြစ် ထားမည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ဖွဲ့စည်းပုံအရ ပထမ သက်တမ်း အတွက်ပြည်ထောင်စု လွှတ်တော် ဥက္ကဌ လည်း ဖြစ်လာပြီး မင်းအောင်လှိုင်အား သမ္မတ အဖြစ် အတည်ပြု ပေးရပေလိမ့်မည်။ ညိုစော၊ မြတ်ထွန်းဦး တို့သည်လည်း ဝန်ကြီးများ အဖြစ် အသုံးတော် ခံလာကြဖို့ ရှိနေသည်။ ကာကွယ်ရေး၊ ပြည်ထဲရေး နှင့် နယ်လုံဝန်ကြီး များကိုလည်း "သမ္မတ" လုပ်မည့် မင်းအောင်လှိုင်ကပင် စိတ်ကြိုက်ရွေးချယ် ခန့်အပ်ပေဦးမည်။

 

၂၀၁၀ နှင့် အဓိက ခြားနားချက်က မင်းအောင်လှိုင်သည် ဗိုလ်သန်းရွှေ ကဲ့သို့ အနားယူရန် လားလားမျှပင် စိတ်ကူး မရှိဘဲ သမ္မတ တက်လုပ်ရန် ကြံနေသူ ဖြစ်သည် ဆိုသော အချက်ပင် ဖြစ်သည်။

 

သမ္မတ အဖြစ် နောက်ထပ် ဆယ်နှစ် လုပ်သွားဖို့ ရှိနေသည်။ ပထမ သက်တမ်း အတွင်းမှာပင် ဖွဲ့စည်းပုံ ကို ပြင်ပြီး အာဏာများ သူ့လက်ဝယ် ယခင်ကထက် ပို၍ စုစည်းလာအောင် လုပ်ပေတော့မည်။ ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းအားလည်း ကာချုပ် အဖြစ် ခန့်ထားဖို့ မွေးထားပြီးဖြစ်သည်။

 

မင်းအောင်လှိုင်သည် သိန်းစိန် ဖြစ်လာမည် မဟုတ်၊ ထို့အတွက် ယခု ရွေးကောက်ပွဲ မှ လူထု ရွေးချယ်တင်မြှောက်သည့် တိုင်းပြုပြည်ပြု အစိုးရ ထွက်ပေါ်လာမည်ကား မဟုတ်၊ မကောင်းဆိုးဝါး စစ်ဗိုလ်ချုပ်တ‌ ယောက် ဆက်လက် ရှင်သန်နိုင်ရေး ကို ဝိုင်းဝန်း ပံ့ပိုးပေးကြမည့် အစိုးရ မျိုးသာ ထွက်ပေါ်လာဖို့ ရှိနေသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!