မိခင် ကွယ်လွန် တာ ဖြစ်နိုင်ဟု ကိုထိန်လင်း ပြော

by Hla Soewai - Dec 22 2025

မိခင်၏ ကျန်းမာရေး ချို့ယွင်းလာနေမှု နှင့် သတင်း အစအန တခုတလေမျှ မရရှိ ဖြစ်နေသည် မှာ နှစ် နှစ်ခန့် ရှိလာနေပြီ ဖြစ်သည့် အတွက် သေဆုံးကောင်း သေဆုံးသွား နိုင်သည်ဟု စိုးရိမ်စရာ ဖြစ်လာနေရသည်ဟု သားဖြစ်သူ ကိုထိန်လင်းမှ တိုကျို တွင် ရှိနေစဉ် ရိုက်တာ သတင်းဌာန ကို ယခုလို ထုတ်ဖေါ် ပြောကြားခဲ့သည်။

 

"မေမေမှာ လက်ရှိ ခံစားနေရတဲ့ ကျန်းမာရေး ပြဿနာတွေ ရှိနေပါတယ်။ နှစ်နှစ်ကျော်ပြီ ဘယ်သူမှ တွေ့ခွင့် မရဘူး။ မိသားစုနဲ့ ထိတွေ့ခွင့်ရဖို့ဆိုတာ ဝေးရော၊ ရှေ့နေ အဖွဲ့နဲ့တောင် ဆက်သွယ်ခွင့် မရပါဘူး၊ ကျွန်တော့်စိတ်ထင် ပြောရရင် မေမေဟာ သေဆုံးကောင်း သေဆုံးနေလောက်ပြီ။"

 

၂၀၂၁ အာဏာသိမ်းခံရပြီး နောက်ပိုင်း မိခင်သည် နှလုံး၊ အရိုး နှင့် သွားဖုံး ရောဂါများ ခံစားနေရသည် ဟု တဆင့် စကားများ ကွက်ကျား ကွက်ကျား ကြားခဲ့ရသည်က လွဲ၍ အခြား ဘာမျှ မသိခဲ့ရသည်ဟု ဆိုသည်။

 

ကိုထိန်လင်းသည် စစ်အုပ်စု လုပ်မည့် ရွေးကောက်ပွဲကို အလိမ်အညာသာ ဖြစ်သည်ဟု အခြား ပြည်ပ အစိုးရ များ နှင့် အတူ ဆန့်ကျင် ကန့်ကွက်နေသော်လည်း တဖက်တွင် မိခင်ကြီး အတွက် သက်သာရာ သက်သာကြောင်း ဖြစ်လာနိုင်သည်ဟု ယူဆနေသည်။

 

"ကျွန်တော် တွေးကြည့်လို့ ရသလောက်ကတော့ မင်းအောင်လှိုင်က မေမေ နဲ့ ပတ်သက်ပြီး အကြံတခု ရှိထားပြီးပြီ၊ မေမေကို တကယ်ပဲ အသုံးချပြီး လူထု ကို ကျေနပ်သွား‌ အောင်ရွေးကောက်ပွဲ မတိုင်မီ နဲ့ ရွေးကောက်ပွဲ အပြီး လွှတ်ပေးတာ ဒါမှမဟုတ် အကျယ်ချုပ် နဲ့ ထားတာ တို့ ဘာတို့ လုပ်လာခဲ့တာမျိုး အနည်းဆုံး တခုခုတော့ ဖြစ်လာ လိမ့်မယ်"

 

နေပြည်တော်တွင် ချုပ်နှောင်ထားသည်ဟု ယုံကြည်ကြောင်း၊ ပြီးခဲ့သည့် နှစ် နှစ်ကျော်က သူမ ထံမှ နောက်ဆုံး ရရှိခဲ့သည့် စာထဲတွင် နွေရာသီ နှင့် ဆောင်းရာသီများ တွင် နေနေရသည့် အချုပ်ခန်းထဲ အလွန် ပူပြင်းကြောင်း ပါရှိခဲ့သည်ဟု ဆိုသည်။

 

ကမ္ဘာတဝှမ်း ပဋိပက္ခများ ဖြစ်ပွားလာနေ၍ သူမ အား လူများ မေ့လျောနေကြမည်ကို ပူပန်မိသည်ဟု ကိုထိန်လင်းက ပြောခဲ့သည်။

 

ကိုထိန်လင်းသည် လာမည့် ရွေးကောက်ပွဲကို အသုံးချနိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်ပြီး ဂျပန်ကဲ့သို့ပြည်ပ အစိုးရများက စစ်အုပ်စု အပေါ် ဖိအားပိုပေးပြီး ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးဖို့ တောင်းဆိုလာကြရန် အတွက်လည်း ဖြစ်သည်။

 

"စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲဟာ လုံးဝ မမျှတ တဲ့ အပြင် လွတ်လပ်မှု ဆိုတာနဲ့လည်း အလှမ်းဝေးလွန်း နေတာကြောင့် ဝမ်းနည်းစရာ မကောင်းဘူး ဆိုရင်တောင်မှ ရယ်စရာ ကောင်းလောက်အောင် ဖြစ်နေတယ် ဆိုတာ အားလုံး သိနေကြပါတယ်၊ ကျွန်တော်က တော့ ဒီလို သေးငယ်တဲ့ အခွင့်အရေး ပြတင်းပေါက်လေးကိုပဲ အသုံးချရပါလိမ့်မယ်။

 

"အရင်တုန်းကဆိုရင် ကျွန်တော့် မိခင်ကို နိုင်ငံတကာ အသိုက်အဝန်းက ပိုပြီး အလေးထား ဂရုစိုက်တဲ့အချိန်မှာ၊ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို လူတွေက လျစ်လျူရှုဖို့ အရမ်းခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ရခိုင်အရေးအခင်းကြောင့် သူမရဲ့ ဂုဏ်သိက္ခာ အနေအထား ယုတ်လျော့သွားပြီးနောက်ပိုင်းမှာတော့ အဲဒီလို မဟုတ်တော့ပါဘူး" 

 

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၀ တွင် ‌ဟိဂ် ၌ ပြုလုပ်သော နိုင်ငံတကာ ခုံရုံးတွင် စစ်ရာဇဝတ်မှု များ ကျုးလွန်ကောင်း ကျုးလွန်နိုင်သည်ဟု ဝန်ခံခဲ့သော်လည်း လူမျိုးတုံး သတ်ဖြတ်မှု အထိ ဖြစ်မလာခဲ့ဟု ငြင်းဆိုသွားခဲ့သည်။

 

ကိုထိန်လင်းသည် ၎င်း၏ ခရီးစဉ် အတွင်း ဂျပန် လွှတ်တော် အမတ်များ၊ အစိုးရ အရာရှိကြီးများ နှင့် တွေ့ဆုံခဲ့ပြီး စစ်အုပ်စု အပေါ် ယခုထက် ပို၍ ပြင်းထန်စွာ ဆန့်ကျင်သွားဖို့ နှင့် ‌၎င်းတို့၏ ရွေးကောက်ပွဲ ဆိုသည်ကိုလည်း အသိအမှတ် မပြုရန် တောင်းဆိုခဲ့သည်။

 

မိခင် ဖြစ်သူက ၎င်း၏ လှုပ်ရှားနေမှု များကို သိပါက မည်သို့ ထင်မြင်မည်နည်း ဆိုသော အမေးကို "မေမေ သိရင်တော့ အတော်ကို စိတ်မကောင်း ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်၊ မေမေဟာ ကျွန်တော်ကို ဘယ်တုန်းကမှ ဝင်ပါစေချင်တဲ့တာ မဟုတ်ဘူး၊ ဒါပေမယ့် အခုကျ အခြား ရွေးချယ်စရာ မရှိတော့ဘူး၊ ဘာပဲဖြစ်ဖြစ် မေမေ့သား ဖြစ်တဲ့ ကျွန်တော် မလုပ်ဖူး ဆိုရင် အခြားဘယ်သူကိုမှ လုပ်ပေးမယ်လို့ မျှော်လင့်လို့ မရဘူး" ဟု ရိုက်တာ သတင်းတွင် ဖေါ်ပြထားသည်။

 

ကိုထိန်လင်း၏ စိုးရိမ် ပူပန်နေမှုက သဘာဝ ကျသည်ဟု ဆိုရမည် ဖြစ်သည်။ စစ်အုပ်စု အနေဖြင့် မည်သူနှင့် မျှ ပေးမ‌ တွေ့ နိုင်လျင်ပင် မိခင် ဖြစ်သူ၏ စာ‌ လေး တစောင်ကို တော့ ယခင်လိုပင် ပို့ပေး၍ ရနိုင်သည် မဟုတ်ပါလား။ ဖက်ဆစ် နာဇီ တို့ နောက်ပိုင်း အဆိုးဝါးဆုံး ပုံစံဖြင့် ထွက်ပေါ်လာသည့် စစ်ဝါဒီ များ ဖြစ်၍ ဘာမဆို ဖြစ်လာနိုင်သည်၊ ရွေးကောက်ပွဲ ပြီးလျင် တခုခု ကြားလာရမည်ဟု မျှော်လင့်မိ ပေသည်။

 

ကိုထိန်လင်း ဦးဆောင်ခဲ့သည့် အားလုံးအတူတကွ ဆိုသည့် All in One Piece လှုပ်ရှားမှု သည် တိုကျို အပါအဝင် ကမ္ဘာပေါ်ရှိ နေရာ ၂၆ နေရာ တွင် အောင်မြင်စွာ ပြုလုပ် ပြှီးစီးသွားခဲ့ပြီ ဖြစ်သည်။ ကိုထိန်လင်းက ကျွန်တော်တို့ မပြိုမကွဲ ညီညွတ်မှု ရှိလာလျင် တော်လှန်ရေးသည် ပို၍ လျင်မြန်စွာ အောင်ပွဲခံလိမ့်မည်ဟု ပြောသွားခဲ့သည်။

 

ပြည်သူ့အားဖြင့် တရားသော စစ် မုချ အောင်ရမည်!!!