နိုင်ငံတကာ တရားရုံးတော်မှ နိုင်ငံတွင်းရှိ ရိုဟင်ဂျာ လူနည်းစု မူဆလင် များကို လူမျိုးတုံး သတ်ဖြတ်မှု ဖြင့် ဂမ်ဘီယာမှ စွပ်စွဲထားသော အမှု ကို ကြားနာပွဲကို ဇန်နဝါရီ ၁၂ မှ ၂၉ အထိ ပြုလုပ်သွားမည် ဖြစ်သည်။
ဂမ်ဘီယာ သည် ပထမဆုံး အဖြစ် ဇန်နဝါရီ ၁၂-၁၅ အတွင်း အမှု ကို လျှောက်လှဲချက် ပေးရမည် ဖြစ်သည်။ မြန်မာ ဖက်မှ ဇန်နဝါရီ ၁၆-၂၀ အတွင်း ခုခံ ချေပခွင့်ရရှိမည် ဖြစ်သည်။
အထူးခြားဆုံး အဖြစ် ထည့်သွင်းလာသည်က သက်သေများ ခေါ်ယူလိုက်ခြင်း ဖြစ်ပြီး ၎င်းတို့၏ ထွက်ဆိုချက်ကို သုံးရက်ခန့် တံခါးပိတ် ကြားနာ ဖို့ ရှိနေခြင်းပင် ဖြစ်သည်။
နာဇီ တို့မှ ဂျူးများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုကြောင့် ၁၉၄၈ တွင် ပြဋ္ဌာန်းခဲ့ သော ဂျီနီဗာ ကွန်ဗင်းရှင်း ဖြင့် ဂမ်ဘီယာမှ တရားစွဲဆိုလာခဲ့ခြင်း ဖြစ်သည်။
လေ့လာသိရှိရသမျှ ၂၀၂၀ ဒီဇင်ဘာလ တွင် ပြုလုပ်ခဲ့သည် ကြားနာပွဲ သည် "ကြားဖြတ်စီမံဆောင်ရွက်ချက်" (Provisional Measures) အတွက် ဖြစ််သည်။ ဆိုလိုသည်က အမှုတစ်ခုလုံးကို စစ်ဆေးခြင်းမဟုတ်ဘဲ၊ အမှုစစ်ဆေးနေစဉ်အတွင်း ရိုဟင်ဂျာတွေ ထပ်မံအန္တရာယ်မဖြစ်အောင် အရေးပေါ် ကာကွယ်ပေးဖို့ လို၊ မလိုကိုပဲ ဆုံးဖြတ်ခြင်း ဖြစ်သည်။
ယခု ကျင်းပမည့် ကြားနာပွဲသည် အမှု၏ "ပင်မအချက်အလက်များ" Merits of the case ကို စစ်ဆေးမှာ ဖြစ်သည်။ မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိ ဆိုတဲ့ အဓိက စွပ်စွဲချက်ကို အမှန်တကယ် စတင်စစ်ဆေးမည့် အဆင့် ဖြစ်သည်။
ယခုအခါ ကနေဒါ၊ ယူကေ၊ ဂျာမဏီ၊ နယ်သာလန်၊ ပြင်သစ်၊ ဒိန်းမတ်၊ မော်လ်ဒိုက် အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံ က ဂမ်ဘီယာဘက်ကနေ ကြားဖြတ်ပါဝင် ပေး ဖို့ တရားရုံးက ခွင့်ပြုထားပြီး ဖြစ်သည့် အတွက် အမှုသည် ပိုမိုကျယ်ပြန့်လာဖို့ ရှိနေပြီး နိုင်ငံတကာ၏ ဖိအား ပိုမိုများပြားလာသည့် အခြေအနေ နှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
တောင်အာဖရိက မှ ဂါဇာ စစ်ပွဲ အတွင်း အစ္စရေး အား အလားတူ စွပ်စွဲထားသည့် အမှု လည်း ရှိနေ၍ မြန်မာ ကိစ္စ အပေါ် မည်သို့ ဆုံးဖြတ်မည် ဆိုသည်က တောင်အာဖရိက-အစ္စရေး အမှု အပေါ် သက်ရောက်မှု ရှိလာနိုင်၍ အားလုံး က စိတ်ဝင်စားလာကြသည်။
အဆိုပါ ကြားနာပွဲသည် တနိုင်ငံလုံး ဗုံးကြဲ နေ သော စစ်အုပ်စုမှ ၎င်းတို့ လုပ်မည့် ရွေးကောက်ပွဲ ရလဒ်များကို နိုင်ငံတကာမှ အသိအမှတ် ပြုလာမည့် အရေး အမျှော်လင့်ကြီး မျှော်လင့် နေချိန် နှင့် ကံဆိုးမိုးမှောင်ကျစွာ တိုက်ဆိုင်နေပြီ ဖြစ်သည်။
ထိုသို့ ရွေးကောက်ပွဲအား နိုင်ငံတကာ က အသိအမှတ် ပြုခံရဖို့ တပိုင်းသေ မတတ် လိုလားနေချိန်တွင် မြောက်ဦး ဆေးရုံ ကို ဗုံးကြဲ ချ ခဲ့ခြင်း အတွက် ကြားရသူ အပေါင်း အံ့ဩခြင်းမက အံ့ဩ သွားခဲ့ရသည်ဟု ဟောင်ကောင်ရှိ South China Morning Post သတင်းစာကြီးမှ ယခုလို ရေးသားလာခဲ့သည်။
ထိုသို့ အဆင်ခြင်မဲ့ ရဲတင်းစွာ တိုက်ခိုက်လာခြင်းသည် တရုတ်၊ ရုရှား၊ အမေရိကန်တို့မှ ကိုယ်ကျိုးစီးပွား အတွက် မျက်နှာလွှဲ ခဲပစ် လုပ်နေခြင်းကို
အခွင့် ကောင်း ယူကာ ရွေးကောက်ပွဲမတိုင်မီ နယ်မြေများ မရမက ပြန်ရယူလို မှု နှင့် ၎င်းတို့ မည်မျှ ရက်စက်ကြမ်းကြုပ်ဖို့ ဝန်မလေး ဆိုသည်ကို ပြပြီး မဲဆန္ဒရှင် လူထု အား ခြိမ်းခြောက်လို၍ ဖြစ်သည်ဟု သုံးသပ်လာကြသည်။
ဩစတေးလျှ ရှိ Curtin university မှ နိုင်ငံတကာ စီးပွားရေး ပါမောက္ခ ဒေါ်ထွေးထွေးသိန်း မှ ထိုလုပ်ရပ်သည် ပြည်သူတို့၏ ဆန္ဒကို လုံးဝ အရေးထားစရာ မလိုဟု သဘောထားနေသည်ကို ပြသလိုက်ခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။
စစ်အုပ်စု အနေဖြင့် ၎င်းတို့ မျှော်မှန်းထားသလို ရွေးကောက်ပွဲ မတိုင်မီ နယ်မြေများ တိုး၍ ရလာခဲ့ခြင်းလည်း မရှိဟု Adelaide University နိုင်ငံတကာ ဆက်ဆံရေး ဌာန၏ အကြီးတန်း ကထိက အဒမ် ဆင်ပဆန် က ထောက်ပြခဲ့သည်။
စစ်အုပ်စု သည် “နားလည်ရခက်သော သို့မဟုတ် ကျိုးကြောင်းဆီလျော်မှုမရှိသော ဆုံးဖြတ်ချက်များ” ကို မကြာခဏ ချမှတ်လေ့ရှိကြောင်း မှတ်ချက်ပြုရင်း၊ မြောက်ဦးမြို့သည် ရခိုင်ပြည်နယ်၏ ဝေးလံခေါင်ဖျားပြီး သွားလာရခက်ခဲသော ဒေသတွင် တည်ရှိနေခြင်းကြောင့် ယခုကဲ့သို့ “နိုင်ငံတကာ၏ ပြင်းထန်သော တုံ့ပြန်ကန့်ကွက်မှုများ” ထွက်ပေါ်လာလိမ့်မည်ဟု ၎င်းတို့ ကြိုတင်တွက်ဆထားခြင်း မရှိခဲ့ကြောင်း လည်း ပြောခဲ့သည်။
ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ကုလသမဂ္ဂမှ စစ်ရာဇဝတ်မှု အဖြစ် စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး၏ မြန်မာ အရေး သုတေသီ ဂျိုး ဖရီးမင်းက ကမ္ဘာလူ့အခွင့်အရေး နေ့လို တကမ္ဘာလုံး က အထိမ်းအမှတ် လုပ်နေကြသည့် နေ့ကို ရွေး၍ ကျူးလွန်ခဲ့ကြခြင်းသည် အရပ်သား ပြည်သူများကို လုံးဝ ဂရုစိုက်စရာ မလိုဟု ပြသလိုက်ခြင်းလည်း ဖြစ်သည်ဟု မှတ်ချက်ချခဲ့သည်။
ထိုသို့ တိုက်ခိုက်မှုများ များသည်ထက် များလာနေခြင်းကြောင့် လေယာဉ်ဆီများ၊ လက်နက်များ၊ အရပ်ဖက် စစ်ဖက် နှစ်ဖက်ခွ သုံး၍ ရသော ပစ္စည်းများ ရောင်းချပေးနေခြင်းကို အရေးတကြီး ရပ်ဆိုင်းပစ်ဖို့ လိုလာပြီဟုလည်း ထောက်ပြခဲ့သည်။
တရုတ်နှင့် ရုရှား တို့က စစ်တပ်၏ ဦးဆောင်မှု ဖြင့် "တည်ငြိမ်မှု" ရရှိခြင်းသည်သာ ၎င်းတို့ ရင်းနှီးမြုပ်နှံမှု များ နှင့် ဒေသတွင်း ဩဇာလွှမ်းမိုး နိုင်ရေး ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်နေကြ၍ ထောက်ခံနေကြခြင်းသာ ဖြစ်သည်။
အမေရိကန် မှ လွတ်လပ်ပြီး တရားမျှတသော” ဆိုသည့် အသုံးအနှုန်းသည် “မရယ်ရ သော ဟာသ တခုထက်ပင် ဆိုးနေသည်” ဟု ဆင်ပဆမ် က ဖော်ပြခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးကို ကူညီပံ့ပိုးပေးရန် အမေရိကန်ပြည်ထောင်စုအနေဖြင့် “စွမ်းဆောင်နိုင်စွမ်း မရှိသယောင် သို့မဟုတ် စိတ်ဝင်စားမှု မရှိသယောင်” ဖြစ်နေခြင်းမှာ “စိုးရိမ်ဖွယ်ရာ” ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အတွက် တော်လှန်ရေး အင်အားစုများ အနေဖြင့် အမေရိကန်ဖက်မှ အဖြစ်သဘော ထောက်ခံမှု ရဖို့ပင် မျှော်လင့်၍ မရတော့သည့် အနေအထား ဖြစ်လာသည်ဟု ဆိုသည်။
“ပြီးစလွယ်” ကျင်းပမည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ပြည်သူများက ၎င်းတို့၏ ဆန္ဒကို “ဖော်ထုတ်” ခဲ့ကြပြီး အစိုးရသစ်ကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်ဟူသော သက်သေအဖြစ် အသုံးချရန် စစ်အုပ်စုက မျှော်လင့်ခဲ့သော်လည်း၊ “လက်တွေ့အခြေအနေမှာမူ ထိုပြောဆိုချက်နှင့် လုံးဝဆန့်ကျင်ဘက်ပင်ဖြစ်သည်” ဟု ဝေဖန်ခဲ့သည်။
အိမ်နီးခြင်း နိုင်ငံများက ၎င်းတို့နယ်ခြားဒေသ လုံခြုံရေး၊ ဒုက္ခသည်များ ပြဿနာ နှင့် မူးယစ်ဆေးဝါး များကြောင့် ရွေးကောက်ပွဲ ဖြင့် "ဖွဲ့စည်းပုံ နှင့် အညီ အစိုးရ တရပ်" ထွက်ပေါ်လာပြီ ဟု အကြောင်းပြကာ ၎င်းတို့ နှင့် ပြန်ဆက်ဆံလာကြလိမ့်မည်ဟု စစ်အုပ်စုက မျှော်လင့်နေသည်ဟု ဒေါ်ထွေးထွေးသိန်းက ဆိုသည်။
ယခုလ အတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲ သည် တည်ငြိမ်မှု ဆောင်ကြဉ်းပေးမည့်အစား ပဋိပက္ခကို ပိုမိုနက်ရှိုင်းသွားစေဖို့သာ ရှိကြောင်း၊ စစ်အုပ်စု အနေနှင့် ဒေသတွင်း မိတ်ဖက်နိုင်ငံများကို ပြသဖို့အတွက်မူ တရားဝင်မှုဆိုသည့် ဟိတ်ဟန် ထုတ်နိုင်မည့်အပေါ်ယံလွှာ လောက်သာ ရရှိမှာဖြစ်ပြီး ပြည်တွင်းစစ်ကတော့ ဆက်လက် အရှိန်ပြင်း နေဦးမည်သာ ဖြစ် ကြောင်းလည်း ပြောသွားခဲ့သည် ဟု သတင်းစာ က ဖေါ်ပြခဲ့သည်။
မြန်မာအကြမ်းဖက် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို လုံး၀ ပယ်ချရန် ကုလသမဂ္ဂအထွေ ထွေ ညီလာခံတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဒီဇင်ဘာ ၁၆ ရက် နေ့တွင် တောင်းဆိုခဲ့သည်ဟု လည်း သိရသည်။
Justice for Myanmar (JFM) ၏ ကန့်ကွက် ပြောဆိုခဲ့မှု ကြောင့် Twitch (Amazon), Facebook, YouTube, MediaFire တို့မှ စစ်အုပ်စု၏ ဝါဒဖြန့် ချန်နယ်များကို အပြီးအပိုင် ဖျက်သိမ်းပစ်ခဲ့ကြပြီ ဖြစ်သည်။ သို့သော် Tiktok, Apple, X, Telegram တို့မှ တုန့်ပြန်ခြင်း မရှိသေးဟု သိရသည်။
မြန်မာ နောင်း၏ စုံစမ်းဖေါ်ထုတ်ချက်အရ စစ်အုပ်စု၏ မီဒီယာ ဖွံ့ဖြိုးမှု ဌာန သည် ဝန်ထမ်း ၅၀ ကျော် ခန့်ဖြင့် ဆိုရှယ် မီဒီယာ အကောင့်တု အများအပြား ဖန်တီး၍ ပို့စ် များ အောက်ရှိ ကွန်မင့် နေရာများ တွင် ဝင်ရောက်နှောက်ယှက်လျက် ရှိသည်ဟု သိရသည်။
မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် နိုင်ငံတွင်းမှ လုပ်ငန်းများ ရုတ်သိမ်းပြီး မထွက်ခွာမီ တယ်လီနော သည် နိုင်ငံတော် အတိုင်ပင်ခံ အပါအဝင် ပုဂ္ဂိုလ် ၁,၃၀၀ ၏ အချက်အလက်များကို စစ်အုပ်စုအား လွှဲပြောင်းပေးခဲ့မှု အပေါ် နော်ဝေး ပါလီမန် မှ စတင် စုံစမ်း စစ်ဆေးနေပြီ ဟု သိရသည်။ တယ်လီနော သည် နော်ဝေး အစိုးရ ထိန်းချုပ်မှု အောက်တွင် ရှိ၍ ထိုကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှု များ အတွက် တာဝန်ရှိသည်ဟု စုံစမ်းရေး ကော်မတီ ဥက္ကဌ မှ ထုတ်ဖေါ်ပြောဆိုခဲ့သည်။
ပြည်သူ့အား ဖြင့် တရားသော စစ် မုချ အောင်ရမည်!!!