စစ်အုပ်စုသည် ၎င်းတို့ အပေါ် စွဲဆိုထားသော ရိုဟင်ဂျာ များ အပေါ် လူမျိုး တုံး သတ်ဖြတ်ခဲ့သည့် ဆိုသော စွပ်စွဲချက်အား ၎င်းတို့ဖာသာ မြန်မာ ပြည်သူ များ အပေါ် ထပ်မံ ကျူးလွန်နေခြင်း ဖြင့် သက်သေ အထောက်အထား များ တင်သွင်း နေပြီး ဖြစ်သည်။
တကမ္ဘာလုံးကလည်း ၎င်းတို့အား serial killer များ အဖြစ် သတ်မှတ်နေကြချိန်တွင် ယခုလို အမှု ကို တရားဝင် စတင် စစ်ဆေး ကြတော့မည် ဖြစ်၍ ထွက်ပေါ်လာမည့် စီရင်ချက်သည်ကား ဘယ်သူမပြု မိမိမှု ဟု ပြောရလောက်အောင် သံသယ ဖြစ်စရာပင် မလိုတော့ပေ။
ယခုလာမည့် ကြားနာပွဲသည် အမှု၏ အရှည်ကြာဆုံးနှင့် အရေးအကြီးဆုံး အဆင့်ဖြစ်သည်။
ဂမ်ဘီယာဘက်က ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) နှင့် IIMM တို့မှ စုဆောင်းထားသည့် သက်သေများ၊ ဂြိုဟ်တုဓာတ်ပုံများနှင့် သက်ရှင်ကျန်ရစ်သူများ၏ ထွက်ဆိုချက်များကို တင်ပြလာဖို့ ရှိနေသည်။
ယခုအမှုတွင် ယူကေ၊ ကနေဒါ၊ ဂျာမဏီ၊ ပြင်သစ် စသည့် နိုင်ငံပေါင်း ၁၁ နိုင်ငံက ဂမ်ဘီယာဘက်မှ ကြားဖြတ် ပါဝင်လာခြင်းကြောင့် ဥပဒေကျွမ်းကျင်သူ အမြောက်အမြားက ဂမ်ဘီယာကို ကူညီမည်ဖြစ်သဖြင့် စစ်အုပ်စု အတွက် ခုခံချေပရန် ပိုမို ခက်ခဲလာမည် ဖြစ်သည်။
အမှုရင်ဆိုင်ရန် လိုအပ်သည့် ကုန်ကျစရိတ်နှင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များ နှင့် ပတ်သက်၍လည်း ဂမ်ဘီယာ သည် စိုးရိမ်ပူပန်စရာ မလိုတော့။
ICJ ၏ ဆုံးဖြတ်ချက်သည် နောက်ဆုံးအဆင့် ဖြစ်၍ အယူခံဝင် နိုင်ခွင့် မရှိ။ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရလျှင် မြန်မာနိုင်ငံအနေဖြင့် နစ်နာကြေးပေးလျော်ရခြင်း၊ ဥပဒေများ ပြင်ဆင်ရခြင်းနှင့် ရိုဟင်ဂျာများ ဘေးကင်းစွာ ပြန်လာနိုင်ရေး အာမခံချက်ပေးရခြင်းများ ဆောင်ရွက်ပေးရတော့မည် ဖြစ်သည်။
လိုက်နာရန် ပျက်ကွက်ပါက ဂမ်ဘီယာသည် လုံခြုံရေးကောင်စီသို့ တင်ပြပြီး အရေးယူဆောင်ရွက်ရန် တောင်းဆိုမည်သာ ဖြစ်သည်။ သို့သော် ထိုနေရာတွင် တရုတ် နှင့် ရုရှား တို့၏ အခန်းကဏ္ဍမှာ အဆုံးအဖြတ် ဖြစ်နေပါလိမ့်မည်။ ထို့အတွက်လည်း စစ်အုပ်စုသည် ဧရာဝတီကို တရုတ်အား ရောင်းချရန် မက်လုံးပေးလာရခြင်းလည်း ဖြစ်သည်။
ဤအမှုသည် မြန်မာ၏ ပုံရိပ်အပေါ် ကမ္ဘာ့အဆင့်တွင် ကြီးမားသော သက်ရောက်မှုရှိနေပါသည်။ ထို့အတွက်လည်း နိုင်ငံတော် အတိုင်ပင်ခံ အနေဖြင့် သူမ၏ ဂုဏ်သိက္ခာ နှင့် အလဲအလှယ် လုပ်ကာ သွားရောက် ခုခံ ချေပခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ICJ က "လူမျိုးတုံးသတ်ဖြတ်မှု မြောက်သည်" ဟု ဆုံးဖြတ်ပါက မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများ ပိုမိုပြင်းထန်လာနိုင်ပြီး ၎င်းတို့ တောင့်တနေသည့် တရားဝင်မှု legitimacy အပိုင်းတွင်လည်း ဝေးသည်ထက် ဝေးလာတော့မည် ဖြစ်သည်။
ICJ သည် အခြားနိုင်ငံများအား ကြားဖြတ်ပါဝင်ခြင်း intervene လုပ်ခွင့် ပေးလိုက်ခြင်းသည်ကပင် အမှု၏ ရလဒ်ကို အဆုံးအဖြတ်ပေးနိုင်သည့် အလွန်အရေးကြီးသော အလှည့်အပြောင်းတစ်ခု ဖြစ်သွားခဲ့သည်။
ကြားဖြတ်ပါဝင်ရန် တရားရုံးက ခွင့်ပြုထားသည့် နိုင်ငံများ သည် ယူကေ (UK)၊ ဂျာမဏီ၊ ပြင်သစ်၊ နယ်သာလန်၊ ဒိန်းမတ်၊ ကနေဒါ နှင့် မော်လ်ဒိုက် တို့ ဖြစ်ပြီး အခြား အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ဝင် နိုင်ငံတွေကလည်း နောက်ကွယ်ကနေ ထောက်ပံ့နေကြသည်။
ထိုနိုင်ငံများသည် တရားလို (ဂမ်ဘီယာ) နှင့် တရားခံ (မြန်မာ) တို့ကြား အမှု တွင် "တတိယအဖွဲ့အစည်း" အနေနှင့် ဝင်ရောက်လာမှာ ဖြစ်သည်။
အဆိုပါ တတိယ အဖွဲ့အစည်းများသည် လူမျိုးတုံးသတ်ဖြတ်မှု" ဆိုသည် စကားလုံး၏ အဓိပ္ပာယ်ကို နိုင်ငံတကာစံနှုန်းနဲ့အညီ ပိုမိုကျယ်ပြန့်အောင် အဓိပ္ပာယ်ဖွင့်ဆိုချက်များ တင်ပြကြမည် ဖြစ်ပြီး ဥပဒေကြောင်းအရ အထောက်အထားများ ဖြင့် မည်သည့် အချက်များအား ချိုးဖောက်နေသည် ဆိုသည်ကို အခိုင်အမာ စောဒကတက်ကြမည် ဖြစ်သည်။
ထို့အပြင် ၎င်းတို့တွင် ရှိထားပြီး ဖြစ်သည့် ဂြိုဟ်တုမှတ်တမ်းများ၊ ထောက်လှမ်းရေးသတင်းအချက်အလက်များ ကို သက်သေအဖြစ် တရားရုံးကို တင်ပြလာကြဦးမည်လည်း ဖြစ်သည်။
မင်းအောင်လှိုင် မှ ဖွဲ့ ပေးထားသော ဝါးလုံးခေါင်း တွင် သာ လသာ နေသည့် အတွေးအခေါ်သာ ရှိသည့် ကိုကိုလှိုင် နှင့် သီတာဦး တို့ အဖွဲ့ အဖို့ အင်အားကြီး နိုင်ငံများ၏ ထိပ်ထိပ်ကျဲ ဥပဒေ ပညာ ရှင်များ နှင့် ရင်ဆိုင်ကြရပေတော့မည်။
ယခင်က "ဂမ္ဘီယာသည် တိုက်ရိုက်ထိခိုက်နစ်နာသူ မဟုတ်သဖြင့် တရားစွဲဆိုပိုင်ခွင့်မရှိ၊ ဤအမှုသည် နိုင်ငံအချင်းချင်း အငြင်းပွားမှုမဟုတ်၊ OIC အဖွဲ့ကိုယ်စား စွဲဆိုခြင်းဖြစ်သဖြင့် ICJ ၏ လုပ်ပိုင်ခွင့်ထဲတွင်မပါ" အစရှိသည့် ကြိုတင် ကန့်ကွက်ချက်များ ဖြင့် အမှု ကို ပလပ်ရန် တင်သွင်းခဲ့ပြီး ဖြစ်သော်လည်း ၂၀၂၂ ဇူလိုင်လ မှာပင် ICJ က စစ်အုပ်စု ၏ ကန့်ကွက်ချက် အားလုံးကို ပယ်ချခဲ့ပြီး အမှု ကို ဆက်လက်စစ်ဆေးရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။
၂၀၂၆ ဇန်နဝါရီလ တွင် အမှုကို ဆက်လက် စစ်ဆေးရန် စစ်အုပ်စု မှ ကြိုတင် သိထားပြီး တန်ပြန် ချေပလွှာ ကို တင်သွင်းထားပြီး ဖြစ်သည်ဟု သိရသည်။ ၎င်းတို့ အဖို့က ယခင် အကြောင်းပြချက်များကို ပယ်ချထားခဲ့ပြီး ဖြစ်၍ စစ်အုပ်စု ကိုယ်စားလှယ်အဖွဲ့ကလည်း ယင်းဖြစ်စဉ်များသည် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက် မရှိဘဲ၊ နယ်မြေရှင်းလင်းရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးသာ ဖြစ်သည်ဟု ဆက်လက်ချေပမည့် အလားအလာရှိ နေသည်။
ယခင်က ဒေါ်အောင်ဆန်းစုကြည်မှ ဝီလျံ ရှေးဗတ်စ် ကဲ့သို့ ဂျီနိုဆိုက်ဥပဒေ ကျွမ်းကျင်သူ နှင့် ဗြိတိန်နိုင်ငံသား ရှေ့နေ များ ငှားရမ်းခဲ့သော်လည်း ယခုအခါ ၎င်းတို့ ပါဝင်ဖို့က မကြိမ်းသေတော့။
ICJ ၏ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး အနာဂတ်အပေါ် ကြီးမားသော သက်ရောက်မှုများ ရှိလာနိုင်ပါသည်။
Genocide" (လူမျိုးတုံးသတ်ဖြတ်မှု) ကျူးလွန်သည့် အစိုးရ သို့မဟုတ် နိုင်ငံအဖြစ် တရားဝင် သတ်မှတ်ခံရခြင်းသည် အဆိုးဝါးဆုံး ဂုဏ်သိက္ခာကျဆင်းမှု ဖြစ်သည်။ ၎င်းတို့၏ အုပ်ချုပ်ရေးတရားဝင်မှုကို ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ပိုမို ငြင်းပယ်ရန် အကြောင်းပြချက် ဖြစ်လာ ပေလိမ့်မည်။
ICJ ဆုံးဖြတ်ချက်ကို အခြေခံပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာ အပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း သို့မဟုတ် အခြားသော တင်းကျပ်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရန် ဖိအားများ ပိုမို ပြင်းထန်လာမည် ဖြစ်သည်။
အနောက်နိုင်ငံများ သည် စစ်တပ်နှင့် ဆက်နွှယ်သော စီးပွားရေးလုပ်ငန်းများ၊ ဘဏ်များနှင့် ကုန်သွယ်မှု ကဏ္ဍများကို ပိုမို ပြင်းထန်စွာ ပိတ်ဆို့လာနိုင်ပါသည်။ Genocide" အမှုနှင့် ပတ်သက်နေသည့် နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာ ကုမ္ပဏီကြီးများက တွန့်ဆုတ်သွားကြမည် ဖြစ်ပြီး၊ ရှိရင်းစွဲ ကုမ္ပဏီအချို့လည်း နုတ်ထွက်သွားနိုင်ခြေ ရှိနေ၍ မြန်မာ့စီးပွားရေး အကျပ်အတည်းကို ပိုမို နက်ရှိုင်းလာတော့မည် ဖြစ်သည်။
ICJ သည် ထိုမျှ နှင့် ရပ်နေမည် မဟုတ်ဘဲ ကျူးလွန်ခံရသူများအတွက် မြန်မာနိုင်ငံက နစ်နာကြေး ပေးလျော်ရန် အမိန့်ချမှတ်လာနိုင်သည်။ ထိုသို့ ဖြစ်လာက နူရာဝဲစွဲ လဲရာသူခိုးထောင်း ဆိုသလို ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်လာ ပေတော့မည်။
ရိုဟင်ဂျာများ ပြန်လည်လက်ခံရေး: နေရပ်စွန့်ခွာသွားသူများကို ဘေးကင်းလုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည်လက်ခံရန်နှင့် ၎င်းတို့၏ အခွင့်အရေးများကို ဥပဒေကြောင်းအရ အာမခံချက်ပေးရန် တရားရုံးက အတင်းအကျပ် ညွှန်ကြားနိုင်သည်။
ထိုအကြောင်းများကို သိထား၍လည်း ဒေါ်အောင်ဆန်းစုကြည်သည် စိုးရိမ်ကြီးစွာဖြင့် အမှု ပိတ်ပေးရန် ကိုယ်တိုင်ကိုယ်ကျ သွားရောက် လျှောက်လှဲခဲ့ခြင်းလည်း ဖြစ်သည်။
ကျေးဇူး သစ္စာ မဲ့ခဲ့ကြသူ များ အဖို့ ICC တွင် စစ်ဆေးနေသည့် တစ်ဦးချင်းစီ၏ ရာဇဝတ်မှုများ တွင် ၎င်းတို့၏ တာဝန်ရှိမှု အတွက် အလွန်ခိုင်မာသော အထောက်အထားများ ဖြစ်လာပြီး မည်သို့မျှ ရှောင်လွှဲ၍ မရတော့ဘဲ နိုင်ငံတကာ ဖမ်းဝရမ်း ဖြင့် ရင်ဆိုင်ကြရပေတော့မည်။
ဤအမှုသည် ဥပဒေကြောင်းအရသာမက နိုင်ငံ၏ အနာဂတ် ကို အဆုံးအဖြတ်ပေးမည့် အရေးကြီးသော အလှည့်အပြောင်းကြီး ဖြစ်သည်။ တရားရုံး၏ ဆုံးဖြတ်ချက်သည် ချက်ချင်း လက်ငင်း အာဏာသက်ရောက်မှု မရှိနိုင်သော်လည်း၊ ရေရှည်တွင် နိုင်ငံတကာ၏ ဝိုင်းပယ်မှုနှင့် စီးပွားရေး ဖိအားများကို ရှောင်လွှဲ၍ ရမည် မဟုတ်တော့။
ထို့အတွက် စစ်အုပ်စုသည် ၎င်းတို့ အတွက် ထွက်ပေါက် ရလို ရငြား ဘာသာရေး၊ လူမျိုးရေး များ ဖြင့် ၎င်းတို့ အပေါ် လူထု၏ ထောက်ခံမှု ရလာရန် လှုံ့ဆော်လာနိုင်သည့် ထောင်ချောက်များကို ရှောင်ကွင်း နိုင်ဖို့ အထူး သတိထားကြရပေမည်။
ပြည်သူ့အားဖြင့် တရားသော စစ် မုချ အောင်ရမည်!!!