International Crisis Group (ICG) ၏ မြန်မာ နိုင်ငံ ဆိုင်ရာ အကြီးတန်း အကြံပေး ရစ်ချတ် ဟော်ဆေး၏ သုံးသပ်ချက်သည် လေ့လာသိရှိထားသင့်သည့် အကြောင်းများ ဖြစ်၍ ကောက်နှုပ် တင်ပြထားပါသည်။
#ဘာတွေဖြစ်နေလဲ
#ရွေးကောက်ပွဲဘာကြောင့်လုပ်
#ရွေးကောက်ပွဲလုပ်ပုံလုပ်နည်း
#ဖြစ်လာနိုင်သည့်အကြမ်းဖက်မှုများ
#မင်းအောင်လှိုင်
#ခင်ရီ
#နိုင်ငံတကာတုန့်ပြန်မှု
#ဘာတွေဖြစ်နေလဲ
မြန်မာ စစ်အုပ်စုသည် အာဏာသိမ်းပြီး ငါးနှစ်နီးပါး အကြာတွင် ၎င်းတို့အား လူထုက ထောက်ခံနေကြောင်း ပြသရန် တဖက်သတ် နိုင်လွန်းသည့် ရွေး ကောက်ပွဲ ဆိုသည်ကို လုပ်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။
လက်ရှိတွင် ၎င်းတို့အား ဖြုတ်ချရန် ပြည်သူ့တော်လှန်ရေး တပ်များ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ က ဝိုင်းဝန်း တိုက်ခိုက်နေကြချိန်တွင် လုပ်မည့် ပွဲ မျိုးလည်း ဖြစ်သည်။
သို့သော် အာဆီယံ အပါအဝင် ကမ္ဘာနိုင်ငံ အများ အပြား က ပြစ်တင် ရှုတ်ချလာကြ၍ ၎င်းတို့အား တရားဝင် အဖြစ် အသိအမှတ် ပြုခံရရေးသည် ထိခိုက် ပျက်စီးလာခဲ့ရပြီ ဖြစ်သည်။
#ရွေးကောက်ပွဲဘာကြောင့်လုပ်
၎င်းတို့လုပ်မည့် ရွေးကောက်ပွဲ သည် တကယ်တမ်း တွင် လူထု ၏ သဘောထား သိနိုင်ရန် လုပ်ခြင်းမျိုး မဟုတ်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအရ အရေးပေါ် အုပ်ချုပ်ရေး မှ အရပ်သား အစိုးရ အဖွဲ့သို့ အာဏာလွှဲပြောင်းပေးရန် လိုအပ်နေ၍ လုပ်ရသည့် လုပ်ထုံးလုပ်နည်း ဆိုင်ရာ ယန္တရား သာ ဖြစ်သည်။ ၎င်းတို့ အား ထောက်ခံမည့် ပါတီ အနိုင်ရအောင် ရည်ရွယ်လုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။
ပြည်ပ တွင်လည်း အနည်းဆုံး အာဆီယံ နိုင်ငံများ နှင့် ပုံမှန် ဆက်ဆံရေး ပြန်လည် တည်ဆောက်ရန် ရည်ရွယ်ခဲ့သည်။ တရုတ်သည်လည်း စစ်အာဏာရှင်များထက် အရပ်သား ပုံစံ အစိုးရ ပုံစံမျိုး နှင့်သာ ရှေ့လျောက် ဆက်ဆံသွားလို၍ ၎င်းတို့ အား အချိန်ထပ် မဆွဲဘဲ အမြန်ဆုံး လုပ်ရန် တွန်းအားပေးလာခဲ့သည်။
#ရွေးကောက်ပွဲလုပ်ပုံလုပ်နည်း
ရွေးကောက်ပွဲ ကို မြို့နယ်ပေါင်း ၃၃၀ အနက်ဒီဇင်ဘာ ၂၈ တွင် ၁၀၂ မြို့နယ်၊ ဇန်နဝါရီ ၁၁ တွင် ၁၀၀ မြို့နယ်၊ ဇန်နဝါရီ ၂၅ တွင် ၇၂ မြို့နယ် ဟူ၍ သုံးကြိမ် ခွဲလုပ်မည်ဟု ဆိုသည်။ ၅၆ မြို့နယ်တွင် ရွေးကောက်ပွဲ မလုပ်နိုင်ဟု ကြေညာထားပြီး ဖြစ်သော်လည်း လုပ်မည့် ရက် နီးကပ်လာသည် နှင့် အမျှ ထပ်တိုးဖို့ ရှိနေသည်။
မြို့နယ် တခုတွင် မဲရုံတရုံတည်း ဖွင့် နိုင်သည် ဆိုစေဦး ဥပဒေအရ အထမြောက်နေ၍ တပ်ရင်း တပ်ဖွဲ့ စခန်း တခုထဲတွင် ဖွင့်ထားခဲ့လျင်ပင် အကျုံးဝင်နေပြီ ဖြစ်သည်။ ထို့ကဲ့သို့သော နေရာမျိုး တွင် မဲလာထဲ့ချင်သည် ဆိုစေဦး ထဲ့စရာ မဲရုံ မရှိ ဖြစ်နေသည်။
မြန်မာ သမိုင်းတွင် ပထမဆုံးအကြိမ် အဖြစ် မတူညီသော စနစ် နှစ်မျိုးကို ရှုပ်ထွေးစွာ ပေါင်းစပ် အသုံးပြုသွားဖို့ ရှိနေသည်။ ယခင် အသုံးပြုနေကျ အများဆုံး မဲရသူ အနိုင်ရသည့် first-past-the-post စနစ် နှင့် အချိုးကျ ကိုယ်စားပြုစနစ် PR (proportional representation) တို့ ဖြစ်သည်။
PR စနစ် ဖြင့် ပါတီငယ်များအား ၎င်းတို့ရရှိသည့် မဲအရေအတွက်အပေါ် အခြေခံ၍ ကိုယ်စားလှယ်နေရာများကို ခွဲတမ်းနှင့် ဖော်မြူလာကို အသုံးပြု၍ ခွဲဝေချထားပေးမည်ဖြစ်သည်။ ထိုသို့ ရှုပ်ရှုပ်ထွေးထွေး လုပ်လာ၍ ပွင့်လင်း မြင်သာမှု မရှိတော့ပဲ လိုသလို လှည့်စားနိုင်သည့် အတွက် စိုးရိမ်ပူပန်စရာ ဖြစ်လာရသည်။
၁၆၈ နေရာ ရှိသည့် အမျိုးသားလွှတ်တော် ၏ တဝက်ကို PR စနစ် ဖြင့် ဖြည့်တင်းပေးမည်၊ ၃၅၀ နေရာ ရှိသည့် ပြည်ထောင်စု လွှတ်တော် အတွက် မဲအများဆုံး ရသူ အနိုင်ရသည့် first-past-the-post စနစ် သုံးမည်၊ ပြည်နယ် တိုင်း လွှတ်တော်များ အတွက် စနစ် နှစ်မျိုး ရောသုံးမည်ဟူ၍ သတ်မှတ်ထားသည်။ ၂၅ ရာနှုန်း ကိုယ်ကာ စစ်အုပ်စု ကိုယ်စားလှယ်များ အတွက် ချန်လှပ်ထားသည်။
ပါတီပေါင်း ၅၇ ပါတီ ယှဉ်ပြိုင်မည် ဖြစ်သော်လည်း စစ်တပ်ကို ဆန့်ကျင်သည့် သဘောထားမျိုး တစွန်းတစ ပင် ထုတ် ဖေါ် ပြောဆိုဖူးသည့် ပါတီဟူ၍ မတွေ့ရ၊ ၆ ပါတီ သာ နိုင်ငံ အနှံ့ ပြိုင်ဖို့ ရှိနေသည်။ ထိုအထဲတွင် ကိုယ်စားလှယ် ပေါင်း တထောင်ကျော် ပြိုင်မည့် USDP သည် အကြီးဆုံး ဖြစ်နေသည်။ USDP သည် ၂၈ နေရာတွင် ပြိုင်ဖက် မရှိ၍ တဦးတည်း ဗိုလ်စွဲတော့မည် ဖြစ်သည်။
USDP သည်သာ သေချာပေါက် အနိုင်ရဖို့ ရှိနေသည့် ကြားမှ စစ်အုပ်စုသည် လွှတ်ပေးထား၍ မဖြစ် ဆိုကာ USDP မှ အကြိတ်အနယ် ယှဉ်ပြိုင်ရမည် ဟု ယူဆထားသော အမျိုးသား ဒီမိုကရက် အင်အားစု (NDF) အား သတ်မှတ်ချက်များ နှင့် မကိုက်ညီဟု ဆိုကာ စစ်အုပ်စု၏ ရွေးကော်က ပယ်ဖျက်ပစ်လိုက်သည်၊ အလားတူ ပြည်သူ့ဦးဆောင်ပါတီ(PPP) ခေါင်းဆောင် သက်သက်ခိုင် အားလည်း နိုင်ငံတော် အား ပေးစရာ အကြွေးရှိသည် ဆိုကာ ကိုယ်စားလှယ် အဖြစ်မှ ပယ်ဖျက်လိုက်ပြန်သည်။ ထိုသို့ လုပ်နိုင်ရန်လည်း ရှိပြီးသား ဥပဒေတွင် နောက်ထပ် တပိုဒ် ထပ်တိုး လိုက်ခြင်းသာ ဖြစ်သည်။
ထိုသို့ ဆုံးဖြတ်လုပ်ကိုင်လာခြင်းသည် USDP လွှတ်တော်အတွင်း ကြီးစိုးနိုင်ရေး ကို အမှန်အကန် ခြိမ်းခြောက်လာနိုင်သည် ဆိုသော စစ်အုပ်စု၏ စိုးရိမ် ကြောင့်ကြမှု ကို ပြသလိုက်ခြင်းပင် ဖြစ်သည်။
#ဖြစ်လာနိုင်သည့်အကြမ်းဖက်မှုများ
အကြမ်းဖက်မှုများသည် စတင်ဖြစ်ပွားနေပြီး ပိုမိုပြင်းထန်လာဖို့လည်း ရှိနေသည်။ ယင်းအန္တရာယ်များသည် အပြန်အလှန် ဆက်စပ်နေသော အကြောင်းအရင်း သုံးမျိုးမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ စစ်အုပ်စုမှ ရွေးကောက်ပွဲများကို အတင်းအကျပ် လုပ်လာခြင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် ဆန့်ကျင်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက် ပေါ် လာနေခြင်း နှင့် စစ်ပွဲဖြစ်ပွား နေ၍ ရွေးကောက်ပွဲဆိုင်ရာ အခြေခံအဆောက်အအုံများ အလွန်အမင်း ထိခိုက်လွယ်မှုတို့ကြောင့် ဖြစ်ပါသည်။
ပထမအချက်အနေဖြင့်၊ စစ်တပ်သည် အပျော့စား ကန့်ကွက်မှုမျိုးကိုပင် ပြင်းထန်သော နည်းလမ်းများကို အသုံးပြု၍ နှိမ်နှင်းလာ၍ ၎င်းတို့ အပေါ် လူထု၏ ဒေါသ သည် ပို၍ နက်ရှိုင်းလာသည်။ ဒုတိယ ကား တော်လှန်ရေး အင်အားစု အားလုံးသည် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်နေပြီး ပူးပေါင်းနေသူများကို ပစ်မှတ်ထား တိုက်ခိုက်လာသည်။ တတိယ အချက်ကား မဲရုံများ အား ကျောင်းများ နှင့် ရုံးများတွင် ဖွင့်လှစ်ထားပြီး လုံခြုံရေးလည်း မည်ကာမတ္တာမျှသာ ပေးနိုင်သည့် အခြေအနေတွင် ကျောင်းဆရာဆရာမများ၊ အစိုးရ ဝန်ထမ်းများအား မဲရုံစောင့် အဖြစ် အတင်းအကျပ် လုပ်ခိုင်းထားသည်။ ထိုမဲရုံများ အလွယ်တကူ တိုက်ခိုက်ခံရဖို့ ရှိနေသည်၊ နီးရာဓါးကို ကြောက်၍ မဲလာထဲ့သူများပင် ပူးပေါင်းသူများဟု ယူဆခံရပြီး တိုက်ခိုက်ခံရနိုင်သည်။ ထို့အတွက် အရပ်သားများ နှင့် ဝန်ထမ်း များ အတွက် အန္တရာယ်များ ရောပြွမ်းနေသည်။
ထွက်ပေါ်လာမည့် ရလဒ်ကား USDP သည်သာ သေချာပေါက် အနိုင်ရမည်ဆိုသည်ကား သံသယ ဖြစ်ဖွယ် မရှိ၊ စစ်အုပ်စု အဖို့ကား အောင်ပွဲဟု ယူဆ နိုင်သော်လည်း နိုင်ငံရေး အကျပ်အတည်းကိုကား မည်သို့မျှ ဖြေရှင်းနိုင်ခြင်း မရှိသည့်အပြင် တော်လှန်ရေး အင်အားစု များ၏ စိတ်ဓါတ် ခွန်အားကိုလည်း ရိုက်ချိုး နိုင်မည် မဟုတ်ပေ။
၂၀၂၆ ခုနှစ် ဧပြီလတွင် အာဏာရလာမည့် အဖွဲ့သစ်သည် ဖြေရှင်း နိုင်မည့် ရွေးချယ်စရာများ နည်းပါး နေမည်ဖြစ်ပြီး၊ ယုံကြည်ကိုးစားခံရခြင်းလည်း ရှိမည် မဟုတ်၍ နိုင်ငံကို အပြုသဘောဆောင်သော ဦးတည်ရာသို့ ရွှေ့လျားနိုင်မည့် မဟာဗျူဟာလည်း ရှိမည်မဟုတ်ပေ။
#မင်းအောင်လှိုင်
မင်းအောင်လှိုင် ကိုယ်တိုင်လည်း ရှေ့လျောက် အနာဂတ်က မရေမရာ အဖြစ်နှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ အာဏာသိမ်းပြီးကတည်းက စိတ်ထင်ရာ လုပ်ပိုင်ခွင့် အာဏာများ ရှိလာခဲ့သည်။ ထိုအာဏာ များထဲမှ အနည်းငယ်မျှ စွန့်လွှတ်ခဲ့ယုံ မျှ နှင့်ပင် ၎င်းအတွက် အန္တရာယ် ရှိလာနေသည်။ ဖွဲ့စည်းပုံ က သမ္မတ၊ ကာချုပ်၊ လွှတ်တော်ဥက္ကဌ တို့အား အာဏာများ ခွဲဝေပေးထား၍ မင်းအောင်လှိုင် အဖို့ တခုခု ရွေးရဖို့ ဖြစ်လာသည်။ သို့မဟုတ်ကလည်း တိန့်ရှောင်ဖိန်ကဲ့သို့ ဗဟိုစစ်ကော်မရှင် ဥက္ကဌ ရာထူးမျိုး ဖန်တီးလာရဖို့သာ ရှိသည်။
မည်သို့ပင် ဆိုစေ နေရာတိုင်းတွင် ၎င်းအား သစ္စာခံမည့် လူများ ရှိဖို့ လိုလာသည်။ ထိုလူများကလည်း သူ့အလို အတိုင်း လိုက်လုပ်ကြမည်ဟု အာမ မခံနိုင်၊ ယခင်ကလို ရာထူးခန့်ခြင်း၊ ထုတ်ခြင်းတို့ လုပ်ချင်တိုင်း လုပ်၍ မရတော့သောကြောင့် ဖြစ်သည်။ စစ်ဗိုလ်ချုပ် များလည်း ယခုမှ စိတ်အေးရတော့မည်ဟု တွက်ဆလာကာ အစိုးရအသစ် ထံမှ အခွင့်အရေး ရအောင် ဝင်ပူးကြတော့မည် ဖြစ်သည်။
#ခင်ရီ
USDP အနိုင်ရရှိသွားမှု နှင့် အတူ ခင်ရီအား အာဏာများ လွှဲပြောင်းပေးရတော့မည် ဖြစ်သည်။ ခင်ရီသည် မင်းအောင်လှိုင်ထက် အသက်အားဖြင့်ကော၊ စစ်သက်အရပါ ကြီးသူ ဖြစ်သည်။ စစ်တပ်တွင် လျစ်လျူရှုထား၍ မရသည့် ဝါစဉ် မျိုး ဖြစ်သည်။
#နိုင်ငံတကာတုန့်ပြန်မှု
နိုင်ငံခြား အစိုးရများကလည်း ထိုကဲ့သို့ တဖက်သတ် ရွေးကောက်ပွဲ မျိုး ဖြင့် ထွက်ပေါ်လာမည့် အစိုးရမျိုးကို ယခင်လိုပင် အသိအမှတ်ပြုဖို့ ရှောင်ရှားနေကြဦးမည်သာ ဖြစ်သည်။
နိုင်ငံခြားအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တောင်းဆိုချက်များ အတွက် ဖြည့်ဆည်းပေးရဖို့ ရှိနေသည်။ တဖက်ကလည်း နိုင်ငံရေး တည်ငြိမ်မှုကို မဖန်တီးနိုင်သော ချို့ယွင်းချက်ရှိသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ သို့မဟုတ် စီးပွားရေး စီမံခန့်ခွဲမှုကို တိုးတက်ကောင်းမွန်စေရန်အတွက် အထောက်အကူပြုမည် မဟုတ်ဆိုသည်ကို သိနေကြသည်။
မြန်မာ ပြည်သူ များ အဖို့က နိုင်ငံကို အုပ်ချုပ်နေသူများ၏။ ပျက်ကွက်မှုနှင့် ၎င်းတို့ ဖန်တီးခဲ့ သောပဋိပက္ခအတွက် ကြီးမားသော တန်ဖိုးကို ဆက်လက်ပေးဆပ်နေရဦးမည်သာ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချအောင်ရမည်!!!