လက်ရှိ တွင် လာမည့် ရွေးကောက်ပွဲ ဖြင့် ပြည်တွင်း ပြည်ပ ကို လိမ်ညာ လှည့်ဖျားပြီး တရားဝင် ဖြစ်လာအောင် လုပ်နေသည့် အကြောင်းများကိုသာ အာရုံထား ပြောဆိုနေကြသော်လည်း မင်းအောင်လှိုင်လို လူမျိုးက ထိုသို့ ရွေးကောက်ပွဲ လုပ်နိုင်သည် အထိ ငါးနှစ် တာ မည်သို့မည်ပုံ ဖြတ်သန်းလာခဲ့ သနည်း ဆိုသည်ကိုကား မျက်စိရှမ်းကြသည်က များသည်။ ယင်း နှင့် ပတ်သက်၍ ဝါရှင်တန် ရှိ Stimson Center မှ မြန်မာ မဟာဗျူဟာ နှင့် မူဝါဒ ရေးရာ အင်စတီကျူ မှ ကိုနိုင်မင်းခန့် ၏ သုတေသန ပြုချက် အား တင်ပြထားသည်မှ ကောက်နှုတ်၍ ပြန်လည် တင်ပြသွားပါမည်။
မင်းအောင်လှိုင် သည် အာဏာတည်မြဲရေးအတွက် အကြီးတန်း အရာရှိပိုင်း စီမံခန့်ခွဲမှု (Elite Management) နည်းဗျူဟာကို တွက်ချက် ကျင့်သုံးနေသည်။ ရည်ရွယ်ချက်မှာ အကြီးတန်းအရာရှိများ၏ မကျေနပ်မှုများကို လျှော့ချရန် နှင့် အာဏာလုပွဲများအား ကြိုတင်ကာကွယ်ရန် ဖြစ်သည်။
အာဏာရှင်စနစ်တွင် အာဏာတည်ငြိမ်ရေးသည် ထိပ်တန်းခေါင်းဆောင်နှင့် ၎င်း၏အသိုင်းအဝိုင်းကို မည်သို့ စီမံခန့်ခွဲသည် အပေါ် မူတည်သည်။ သူသည် နှိမ်နင်းမှုတစ်ခုတည်းကိုသာ အားမပြုဘဲ စည်းရုံးခြင်း၊ အကျိုးခံစားခွင့်ပေးခြင်း၊ သွေးခွဲခြင်းနှင့် လိုအပ်ပါက ဖိအားပေးခြင်း စသည့် နည်းလမ်းများကိုပါ ပေါင်းစပ်အသုံးပြုသည်။
ဗိုလ်နေဝင်းသည်လည်း ထိုသို့ ကျင့်သုံးခဲ့သည်၊ ဗိုလ် စောမောင်ကား ဗိုလ်သန်းရွှေ၊ လက်စောင်းထက်လာသော ဗိုလ်ခင်ညွန့် နှင့် အာဏာများ စုစည်းလာသော တိုင်းမှုး များ အကြား မထိန်းချုပ်နိုင်ခဲ့၍ ကံမကောင်း အကြောင်းမလှ ဖြစ်ခဲ့ရသည်။
ဗိုလ်သန်းရွှေကတော့ ၎င်းကို စိန်ခေါ်လာနိုင်သည့် တိုင်းမှုး များ ဖြစ်သည့် ထွန်းကြည်၊ မြင့်အောင်၊ ကျော်ဘ တို့ကို အကျိုးအမြတ် များစွာ ရရှိနိုင်သည့် ဝန်ကြီးဌာနများကို ရွှေ့ပြောင်းပေးခဲ့သည်။ ထိုပုဂ္ဂိုလ်များ အား ၎င်းတို့၏ လက်အောက်ခံ တပ်များ နှင့် အဆက်ဖြတ်ပေးလိုက်ခြင်းလည်း ဖြစ်သည်။
အဆင့်မြင့် အရာရှိပိုင်း စီမံခန့်ခွဲမှု နည်းလမ်းသည် မက်လုံးပေးခြင်း (Carrots) နှင့် ဖိအားပေးခြင်း (Sticks) တို့ ပေါင်းစပ်ထားသော တွက်ချက် ချဉ်းကပ်မှု ဖြစ်သည်။
မက်လုံးပေးခြင်း အပိုင်းတွင် စီးပွားရေး အကျိုးခံစားခွင့်များနှင့် ဂုဏ်သိက္ခာရှိသော ရာထူးများကို ပေးအပ်ခြင်း ဖြစ်သည်။ စီးပွားရေး မက်လုံးများ အဖြစ် ဗိုလ်ချုပ်ကြီးများကို MEHL နှင့် MEC ကဲ့သို့သော စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းစုများတွင် ပါဝင်ခွင့်ပေးကာ ၎င်းတို့၏ အကျိုးစီးပွားကို အစိုးရ၏ အာဏာတည်မြဲရေးနှင့် ချိတ်ဆက်ထားသည်။
ရာထူး မက်လုံးမျာ အဖြစ် ယုံကြည်ရသူများကို အကျိုးအမြတ်ရှိသော အရပ်ဘက် ရာထူးများ (ဥပမာ- ဗိုလ်ချုပ် ညိုစော ကို FESC အကြီးအကဲ၊ ဗိုလ်ချုပ် မြတ်ထွန်းဦး ကို MIC သို့) ခန့်အပ် ချီးမြှင့်ခြင်းမျိုး ဖြစ်သည်။
ဖိအားပေးမှု အပိုင်းတွင် အတင်းအကျပ် အနားယူခိုင်းခြင်း၊ ရာထူးချ၊ အကျဉ်းချ ခြင်းများ နှင့် သန့်စင် ဖယ်ရှားရှင်းလင်းခြင်းများ ပါဝင်သည်၊ ဖယ်ရှားပစ်ရာတွင် ပုဂ္ဂိုလ် တဦးတယောက်တည်းကိုသာ မကဘဲ ၎င်း ကျောထောက်နောက်ခံပြုထားသည့် အသိုက်အဝန်း တခုလုံးပါဝင်သည်။
ဗိုလ်သန်းရွှေသည် ဗိုလ်ခင်ညွန့်နှင့် ၎င်း၏ ထောက်လှမ်းရေး ယန္တရား တခုလုံးကို ဖယ်ရှားခဲ့သည်၊ ဗိုလ်ကြီး အုန်းကျော်မြင့် အရေးအခင်းတွင် ဗိုလ်ချုပ်ကြီး တင်ဦး အထိ ပါဝင်သွားခဲ့သည်။
မင်းအောင်လှိုင် သည် ၎င်း၏ အရိုက်အရာ ဆက်ခံနိုင်ခြေရှိသူဟု သတ်မှတ်ခံရဖူးသည့် မိုးမြင့်ထွန်း အပါအဝင် စိုးထွဋ်နှင့် ရန်နောင်စိုးတို့အား အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးထောင်ချခဲ့သည်။
လက်ရှိ စစ်အုပ်စု ခေါင်းဆောင် လက်အောက်တွင် စီးပွားရေးဖြင့် စည်းရုံးသိမ်းသွင်းခြင်း နှင့် ကွန်ရက်အလိုက် သုတ်သင်ရှင်းလင်းခြင်း တို့ ပေါင်းစပ်ကျင့်သုံးလာပြီး သစ္စာခံယူမှုနှင့် ကြောက်ရွံ့မှု တို့ကို ၎င်း အာဏာတည်မြဲရေး၏ အဓိက ကျောရိုးများအဖြစ် တည်ဆောက်လာသည်။
အချို့ အရာရှိကြီးများကို အနားယူခိုင်းပြီး ဘေးဖယ်ထုတ်မည် ဆိုက ၎င်းအား မုန်းတီးမှု များ ဖြစ်လာနိုင်သည့် အတွက် ဝန်ကြီးရာထူး သို့မဟုတ် ကြံ့ဖွတ် ထဲ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ထည့်ပေးခြင်း တို့ ပြုလုပ်ပေးခဲ့သည်။ ရွေးကောက်ပွဲ မတိုင်မီ ဗိုလ်ချုပ်ကြီးငါးဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခုနှစ်ဦး၊ ဗိုလ်ချုပ် ဆယ်ဦး ကို ရာထူးမှ ဖယ်ရှားခဲ့သည်၊ အများစုသည် တပ်တွင်း လေးစားခံခဲ့ရသူ များ ဖြစ်သည်။ ထိုအထဲတွင် ညိုထွန်းဦး အား ဝန်ကြီးချုပ် ရာထူး ပေးခဲ့ပြီး စစ်ရေးနှင့် ထောက်လှမ်းရေး အကြီးအကဲ အဖြစ် သစ္စာခံများ ရရှိလာသော မြထွန်းဦးသည် ယခုအခါ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ပြင်ဦးလွင် မှ ဝင်ရောက်ယှဉ် ပြိုင်ရတော့မည် ဖြစ်သည်။
အကယ်၍ ထိုသို့ မက်လုံးများကို မပေးပါက သြဇာကြီးမားပြီး ကိုယ်ပိုင်ကွန်ရက်ရှိသော အရာရှိများသည် ၎င်း၏အာဏာကို စိန်ခေါ်လာနိုင်ခြင်း သို့မဟုတ် အတိုက်အခံများကို စည်းရုံးလာနိုင်ခြင်းတို့ဖြင့် နန်းတွင်း အာဏာသိမ်းပွဲ အထိ ဖြစ်လာနိုင်သည်။
ရာထူးခန့်အပ် ခဲ့ မှုများသည် ဆုလာဘ်ပေးခြင်းသက်သက်မဟုတ်ဘဲ အထက်ပါ အန္တရာယ်များကို လျှော့ချရန် နှင့် ၎င်းတို့၏ အကျိုးစီးပွားများသည် မိမိ ဆက်လက်အုပ်ချုပ် နိုင်မှုနှင့် တိုက်ရိုက်ချိတ်ဆက်နေသည်ဟု ခံယူလာအောင် စနစ်တကျ ဆောင်ရွက်ထားသည့် အစီအမံများဖြစ်သည်။
စစ်မြေပြင် တွင် အားပျော့ အရေးနိမ့်လာနေမှု ကြောင့် ဆယ်လကြာ တုန်လှုပ် ခြောက်ခြားခဲ့ရမှု ကြီး "the 10 Month Shock" ဟု အမည်ပေးထားသည့် ၂၀၂၃ အောက်တိုဘာ မှ ၂၀၂၄ ဩဂုတ်လ အတွင်း စစ်တိုင်းဌာနချုပ် တခု၊ အခြေစိုက်စခန်း ပေါင်း ၁၄၆ ခု၊ နှင့် မြို့ပေါင်း ၇၅ မြို့ကို လက်လွှတ်ဆုံးရှူံးသွားခဲ့သည်။ စစ်တပ် အတွင်း စိတ်ပျက်လက်ပျက် ဖြစ်လာပြီး မင်းအောင်လှိုင်၏ ဦးဆောင်မှု ကို မကျေမနပ် ဖြစ်လာကြသည်။ ထို့အတွက် carrot and stick သည် ပို၍ အရေးတကြီး ကျင့်သုံးဖို့ လိုအပ်လာနေသည်။
ရွေးကောက်ပွဲ အပြီးတွင် မင်းအောင်လှိုင် အတွက် အချက် နှစ်ချက် ပြည့်စုံဖို့ လိုအပ်နေသည်။ ယင်းမှာ အာဏာ အပြောင်းအလဲ အောက်တွင် စစ်တပ်၏ အကျိုးစီးပွား၊ ၎င်း၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် စီးပွားရေးလုပ်ငန်းများ၏ အကျိုးစီးပွားတို့ကို လုံလောက်စွာ ကာကွယ်ပေးနိုင်ရေး နှင့် အာဏာကို စိတ်အေးလက်အေး ခွဲဝေပေးနိုင်မည့် ယုံကြည်စိတ်ချရသော အရပ်သားများ ရှိနေရေး တို့ ဖြစ်သည်။
ထိုအချက်များ နှင့် ပြည့်စုံရန် လက်ရှိ ကြံ့ဖွတ် ခေါင်းဆောင်ပိုင်း နှင့် နိုင်ငံရေး ပါတီများကို ယုံကြည်၍ မရသဖြင့် ၎င်း၏ အတွင်းစည်းထဲမှ အချို့ကို ကြံ့ဖွတ် ထဲကို ထည့်လာခဲ့သည်။ မင်းအောင်လှိုင်သည် ရေတို အတွက် မဟုတ်ဘဲ ရေရှည် အာဏာကို ဆုပ်ကိုင်ထားနိုင်ရေး အတွက် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
အရပ်ဖက်သာမက စစ်တပ် အတွင်းလည်း "စတုတ္ထ မျိုးဆက်" ဖြစ်သော အရာရှိငယ်များကို ရာထူး တိုးမြှင့် ပေးလာသည်။ စစ်တပ်ကို တည်ဆောက်လာသည့် ကျောထောက်နောက်ခံပြု ကွန်ရက်များ (patron-client networks) တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ဤအရာရှိများသည် ယခုအခါ စစ်တပ်၏ အနာဂတ်ကို ပုံဖော်မည့် နေရာများတွင် ရောက်ရှိနေကြပြီ ဖြစ်သည်။ ယခင်က ဒုဗိုလ်မှုးကြီး အဆင့်ရှိသူများသည် ဗိုလ်ချုပ်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်ဖြင့် ပူးတွဲ စစ်ဦးစီးချုပ်များ၊ ဗိုလ်ချုပ် ရာထူး ဖြင့် တိုင်းမှုး များ ဖြစ်လာသည်။
ဥပမာ ကျော်စွာလင်း ဆိုက မင်းအောင်လှိုင် ကာချုပ် ဖြစ်လာချိန်တွင် ဒုဗိုလ်မှုးကြီး အဆင့်သာ ရှိသေးသော်လည်း ဆယ့်လေးနှစ် အကြာတွင် တော့ မင်းအောင်လှိုင် ပြီးလျင် အာဏာ အရှိဆုံး ကြည်းရေလေ ပူးတွဲ စစ်ဦးစီးချုပ် ဖြစ်လာသည်။ တိုက်ပွဲ အတွေ့အကြုံ မရှိဘဲ ထိုရာထူးသို့ ရောက်ရှိလာသည့် အတွက် မင်းအောင်လှိုင် ၏ ကျေးဇူးခံ ကျေးဇူးစား အဖြစ် အလုပ်အကြွေးပြုရဖို့ ဖြစ်လာရသည်။
မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ မတိုင်မီ ကြံဖွတ်ကို ထိန်းချုပ်နိုင်ရန် သစ္စာခံများကို စေလွှတ်လာသည်။ အာဏာသိမ်းပြီး နှစ်နှစ်အကြာ ရွေးကောက်ပွဲလုပ်ရန် စကားစလာချိန်တွင် ၎င်း၏ အယုံကြည်ရဆုံး အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးများ ဖြစ်သည့် မျိုးဇော်သိန်း နှင့် အောင်စိုးတို့ကို ပါတီ ထိတ်တန်း ခေါင်းဆောင်များ အဖြစ် ထည့်သွင်းခဲ့သည်။ ယခု အခါတွင်တော့ အငြိမ်းစား ယူသွားရသော ဗိုလ်ချုပ်ကြီးများ၊ ဒုဗိုလ်ချုပ်ကြီးများ၊ ဗိုလ်ချုပ်များ မဲဆန္ဒနယ်မြေ အသီးသီး မှ အရွေးခံကြတော့မည် ဖြစ်သည်။
သို့သော်လည်း ကြံ့ဖွတ်သည် ငြိမ်ခံနေခြင်းတော့ မရှိ၊ ဥက္ကဌ ဖြစ်သူ ခင်ရီ နှင့် မင်းအောင်လှိုင်၏ လူယုံ ဖြစ်သူ ဒုဥက္ကဌ မျိုးဇော်သိန်း အကြား တင်းမာမှု များ ရှိလာသည်။ ခင်ရီသည် တခါတရံ ၎င်းကိုပင် အသိမပေးပဲ အစည်းအဝေးများ လုပ်လာသည် ဆိုသော သတင်းများ ထွက်ပေါ်လာ၍ ၎င်းတို့ နှစ်ဦး အကြား မယုံကြည်မှုများ၊ သဘောကွဲလွဲမှု များ ရှိနေသည်ကို ထင်ဟပ်လာနေသည်။
လက်ရှိ ကြံ့ဖွတ် ခေါင်းဆောင်ပိုင်းသည် မင်းအောင်လှိုင် နှင့် စစ်သက် မတိမ်းမယိမ်း လောက် ရှိနေကြ၍ မင်းအောင်လှိုင် အဖို့ ၎င်းလူများ မပါက ဩဇာ မညောင်းနိုင် ဖြစ်နေသည်။ ကြံ့ဖွတ် ခေါင်းဆောင်ပိုင်းကို ၎င်း၏ ယုံကြည်စိတ်ချရသူ များ နှင့် ထိန်းချူပ်ထားနိုင်မှသာ စိတ်ကြိုက် အသုံးတော်ခံမည့် နိုင်ငံရေး လက်ကိုင်တုတ် တခု ဖြစ်လာပေမည်။
လက်ရှိတွင်တော့ အာဏာ အကူးအပြောင်းသည် ချောမွေ့လာနိုင်ဖွယ် မရှိ၊ သက်ကြီးပိုင်း အဆင့်မြင့်အရာရှိဟောင်းများသည် ၎င်းတို့၏ နိုင်ငံရေးဆိုင်ရာ သြဇာအာဏာကို သိသိသာသာ လျှော့ချပစ်မည့် မျိုးဆက်သစ် အပြောင်းအလဲ ကို ခုခံဆန့်ကျင်မည်ဟု မျှော်လင့်ရ၍ ဖြစ်သည်။
လာမည့် ရွေးကောက်ပွဲများသည် နိုင်ငံရေး အခင်းအကျင်းတစ်ခု သက်သက်မဟုတ်ဘဲ စစ်အုပ်စု ခေါင်းဆောင်မှ ရှေ့လျောက် ဆက်၍ အုပ်စီးထားနိုင်ရန် ပိုမိုကျယ်ပြန့်သော အဆင့်မြင့် အရာရှိပိုင်း စီမံခန့်ခွဲမှု နည်းဗျူဟာ ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံတကာ အသိုက်အဝန်း နှစ်ခုစလုံးသည် ရွေးကောက်ပွဲအား တရားဝင်မှု ရရန် ကြိုးပမ်းနေသည် ဆိုသည်ထက် ကျော်လွန်၍ စစ်တပ်နှင့် နိုင်ငံရေးနယ်ပယ်အတွင်း ဖြစ်ပေါ်နေသည့် ပိုမိုနက်ရှိုင်းသော အပြောင်းအလဲများ ကို အာရုံစိုက်သင့်သည်၊ ထိုအပြောင်းအလဲများသည် နိုင်ငံ၏ အာဏာရှင်ဆန်သော အနာဂတ်ကို ပုံဖော်သွားမည် ဖြစ်သောကြောင့် ပင်။
မင်း အောင်လှိုင်၏ အဆင့်မြင့် အရာရှိပိုင်း စီမံခန့်ခွဲမှု (elite management) သည် စစ်တပ်၏ အတွင်းရေး သက်သက်သာ မဟုတ်ပါ။ ယင်းသည် တော်လှန်ရေးအင်အားစုများ လှုပ်ရှားဆောင်ရွက်ရမည့် ပတ်ဝန်းကျင်ကို ပုံဖော်ပေးလာသည်။ ထို့ပြင် ဒီမိုကရေစီအင်အားစုများကို ထောက်ခံရန် သို့မဟုတ် အာဏာရှင်အစိုးရ၏ လုပ်ဆောင်ပုံကို ကြိုတင်မှန်းဆရန်အတွက် ပြင်ပအဖွဲ့အစည်းများ အနေဖြင့် မည်သို့ချဉ်းကပ်ဆောင်ရွက်ရမည် ကိုလည်း လမ်းညွန် အဖြစ် သိရှိလာနိုင်သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အာဏာရှင် အခင်းအကျင်းတွင် ရှိနေသည့် အန္တရာယ်များနှင့် အခွင့်အလမ်းများ နှစ်မျိုးလုံးကို ပိုမို၍ လက်တွေ့ကျကျ သုံးသပ်နိုင်မည်လည်း ဖြစ်သည်။
ပြည်သူ အင်အားဖြင့် တရားသော စစ် မုချ အောင်ရမည်!!!