အသံတိတ် သပိတ် အောင်မြင်သွား၍ သက်မ ချ နိုင်ခဲ့ပြီ ဖြစ်သည်၊ ဤသည်ကလည်း ငါးနှစ် နီးပါးမျှ ကြာညောင်းလာပြီ ဖြစ်၍ လူထု အနေဖြင့် ပုံမှန် မဟုတ်တော့သော ပုံမှန်တွင် နေသားကျလာနေပြီ လား ဆိုသည်က ဝေခွဲရ ခက်နေ၍ ဖြစ်သည်။
ယခု လို အရေး ကြီး နေသော အချိန်တွင် အထွေထွေ သပိတ်ကော်မတီ ၏ တိုက်ပွဲ ခေါ်သံ မအောင်မြင်ပါက အရှေ့ အာရှ နှင့် အိမ်နီးချင်း အာဆီယံ၊ နိုင်ငံများ၊ နောက်ဆုံး မြေရှား သတ္ထု အတွက် စစ်အုပ်စု နှင့် ဆက်ဆံချင်နေသော အမေရိကန် အစိုးရ၏ သဘောထား ပြောင်းသွားနိုင်သည်။
အာဆီယံ နိုင်ငံများကလည်း စစ်အုပ်စု နှင့် ပြန်ဆက်ဆံ နိုင်ဖို့ အကြောင်းပြချက်များ ရှာနေချိန်ဖြစ်၍ ယခုလို တိုက်ပွဲ ခေါ်သံ သည် လွန်စွာမှ စွန့်စား လိုက်ခြင်း လည်း ဖြစ်သည်။ ယခုတော့ စွန့်စားရကျိုး နပ်သွားသည်ကို တွေ့ရ၍ သက်မချမိခြင်း ဖြစ်သည်။
မအောင်မြင်ပါက စစ်အုပ်စု ကို ဆန့်ကျင့်နေခြင်းသည် အမာခံ အတိုက်အခံများသာ ကျန်တော့သည်၊ ၎င်းတို့ကို ပုံမှန် ပြန်ဆက်ဆံမှ ဖြစ်မည်ဟု၊ အာရှ နှင့် အနောက်နိုင်ငံများ၏ မူဝါဒ ရေးဆွဲသူများ တွေးလာကြမည် ဖြစ်သည်။
မနေ့ကတော့ ရန်ကုန်၊ မန္တလေး၊ နေ့ပြည်တော် အပါအဝင် မြို့ကြီး မြိုငယ်များ၏ လမ်းမများ ပေါ်တွင် ယခင် သပိတ်များ လောက် မဟုတ် သော်လည်းလူသွားလူလာ မရှိသလောက်ဟု ဆို၍ရပေသည်။ ဤသည်ကလည်း စားဝတ်နေရေး ကျပ်တည်းသည်ထက် ကျပ်တည်းလာနေ၍ ဖြစ်သည်။ ဝမ်းတထွာ အတွက် အလျင်မီအောင် ဖြည့်ဆည်းနေကြရသည်။
ကင်းလှည့် နေသော စစ်သားများက လမ်းသွားလမ်းလာများ၊ ဘတ်စ်ကား မှတ်တိုင်များ တွင် စောင့်နေသူများကို ဓါတ်ပုံ ရိုက်ယူနေကြသည်ဟု မြန်မာ နောင်း သတင်းက ဆိုသည်။ မန္တလေး မြိုနေလူထု ၏ ၈၀ ရာနှုန်း ခန့် အပြင်မထွက်ကြဟု လည်း သိရသည်။
မိမိတို့အား အနိုင်ကျင့် စော်ကားနေသည့် စစ်အာဏာရှင် များ အား တတိုင်းပြည်လုံးက မည်မျှ အထိ ရွံရှာ မုန်းတီး အော့နှလုံးနာ နေကြပြီ ဆိုသည်ကို ထပ်၍ ကျယ်ကျယ်လောင်လောင် ဟစ်ကြွေးလိုက်ကြခြင်းပင် ဖြစ်သည်။ ၎င်းတို့ အတွက် အရေးကြီးဆုံး ဖြစ်လာသည့် အချိန်တွင် အလဲထိုး ခံလိုက်ရခြင်းလည်း ဖြစ်ပြီး ငွေကုန် လူပမ်း အဖြစ်သာ ရောက်သွားခဲ့ကြရပြီ ဖြစ်သည်။
မင်းအောင်လှိုင်သည် ၎င်း၏ စစ်အရာရှိကြီးများ စစ်မြေပြင် တွင် တမလွန် ဘဝ ရောက်သွားသည့် အဖြစ်များသည် ၎င်းအတွက် မည်သို့မျှ မထိခိုက်၊ ယခုလို သူအမျှော်မှန်းကြီး မျှော်မှန်းထားမှုများ ဖျက်လို ဖျက်ဆီး အလုပ်ခံရသည်ထက် အထိနာသည့် အဖြစ် မရှိတော့ဟု ဆိုကာ ယမ်းမီးပုံ ကျ နေ လောက်ပြီ ဖြစ်သည်။
The single most heroic thing the nation had ever come across.
ထို့မတိုင်မီ ကလည်း ဒေါက်တာ တေဇာဆန်း နှင့် အဖွဲ့သည် မန္တလေး ဈေးချို အနီးတွင် လျပ်တပြက် ဆန္ဒပြ ပွဲ ပြုလုပ်သွား၍ စစ်အုပ်စု သည် ၎င်းတို့ ချီတက်ရာ လမ်းတလျောက်ရှိ ဈေးဆိုင် ၅၀ ခန့်ကို ဖျက်ဆီးသွားကြသည်။ ဤသည်ကပင် လူထု ကို ရန်သူ လို သ ဘောထား နေသည့် အသိဉာဏ် ပိုင်း သုံးစားမရသည့် အရိုင်းအစိုင်း များ အုပ်ချုပ်နေသည်ကို ပြဆိုလိုက်ခြင်း လည်း ဖြစ်သည်။ ထိုမျှ နှင့် အားမရသေး လူတဦး တယောက်၏ မွေးရာပါ အခွင့်အရေးဖြစ်သည့် လွတ်လပ်စွာ ပြောဆိုခဲ့သည့် အဖြစ်ကိုပင် ရာဇဝတ်မှု ကျူးလွန်သည့် အလား သတင်း ပေး နိုင်သူက သိန်းနှစ်ရာ အထိ ပေးမည်ဟု ပင် ထုတ်ဖေါ် ကြေညာခဲ့ပြန်သည်။
ရွေးကောက်ပွဲ ကို ဆန့်ကျင်ပါက ဖမ်းဆီး ထောင်ချ မည်၊ တကယ်လည်း လုပ် နေသည့် စစ်အုပ်စု ၏ ခြိမ်းခြောက် မှု များကို မည်သူမျှ အရေးမထားကြတော့ သည့် အခြေအနေ တရပ်ကို ရောက်လုနီးလာသည်ကို ပြဆိုလိုက်ခြင်းလည်း ဖြစ်သည်။
လူထု၏ အဖြစ်ကလည်း တိုင်းပြည်ကို အဆင်းရဲဆုံး နိုင်ငံ ဖြစ်အောင် ဆွဲချပစ်ခဲ့ကြသည့် အထိ လုပ်ခဲ့ကြသော သုံးစားမရသည့် ဒီအက်စ် အေ ကျောင်းဆင်း စစ်ဗိုလ်ချုပ်များ ဆက်၍ အုပ်ချုပ်သွားမည့် အရေးကို မဲပေး ထောက်ခံရမည်ဟု ပြောလာခြင်းသည် ၎င်းတို့၏ အသိဉာဏ် ကို စော်ကားယုံ မျှ မက လူဟု ပင် သဘောမထားကြတော့သည့် အဖြစ်ကို ရောက်နေရသည့် အဖြစ်ပင်၊ ရုပ်ရှင် ကားတကား တွင် ၎င်းတို့က မင်းသားမင်းသမီး ဖြစ်နေပြီး လူထုက ဇာတ်ကာ ယုတ္တိ ရှိအောင် လုပ်ပေးနေရသည့် "ဖြတ်လျှောက်" များ အဖြစ် ရောက်လာကြသည်။
တိုင်းပြည် အေးအေးချမ်းချမ်း ရှိနေချိန်တွင်ပင် တိုးတက်အောင် ကြံဆောင် နိုင်စွမ်း မရှိသူများက ယခုလို အနေအထားတွင် ၎င်းတို့၏ အသိဉာဏ် တထွာ တမိုက်နှင့် ဘာများ လုပ်နိုင်ပေဦးမည်နည်း။
၎င်းတို့၏ လူဟုပင် သဘောမထားတော့ဘဲ လုပ်ချင်ရာ လုပ်နေသည့် အဖြစ်ကို နိုင်ငံတကာ သံရုံးအသီးသီးကလည်း ရှုတ်ချကြောင်း ကြေညာချက်များ ထုတ်ပြန်လာကြသည်။ စစ်အုပ်စု သည် တိုင်းပြည်ကို သေနတ်ပြ အုပ်ချုပ်နေခြင်းသာ ဖြစ်သည်ကို သိလာကြသည် နှင့် အမျှ မည်သူကမျှလည်း လေးစားကြခြင်း မရှိတော့ပေ။ ယမန်နေ့က အဖြစ်ကို ကြည့်၍ ၎င်းတို့ ကြေညာလာသော ရလဒ်များကိုလည်း အယုံအကြည် ရှိကြတော့မည် မဟုတ်ပေ။ လူထု အား ကြမ်းကြုပ်ရိုင်းစိုင်းစွာ ဆက်ဆံနေကြသူများ အပေါ် ကြည်ဖြူစွာ မဲထည့်နေကြသည် ဆိုသည်ကို မည်သူက လက်ခံကြပေမည်နည်း။
မင်းအောင်လှိုင် အဖို့ကလည်း သားသမီးများ စီးပွား ဥစ္စာများ ထားစရာ မရှိအောင် ဖြစ်လာသည်က လွဲ၍ ၎င်းတို့ အဖို့ကတော့ နေ့စဉ် နှင့် အမျှ ပူလောင်နေကြရသည့် ဘဝ ဖြင့် အသက်ဆက်နေကြရ ရှာလေပြီ။ ထင်းခွေ ရေခပ်၊ မျှစ်ချိုး နေရသူများပင် ၎င်းနှင့် နေရာချင်းလဲဖို့ ကမ်းလှမ်းမည် ဆိုလျှင် ခါးခါးသီးသီး ငြင်းဆန်ကြပေရော့မည်။
မိကျောင်းဘဝမှ ဖွတ်ဘဝသို့ ရွေ့လျောသွားခဲ့ရသူတို့၏ အဖြစ်သနစ်ပင် မဟုတ်ပါလော။
ယခုအချိန်ထိလည်း လာအို နှင့် ဘဲလာရုစ်က လွဲ၍ တရုတ်၊ အိန္ဒိယ၊ ရုရှား အပါအဝင် မည်သည့် နိုင်ငံကမျှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့ စေလွှတ်မည်ဟု လူသိရှင်ကြား ပြောဆိုထားခြင်း မရှိသေးပေ။
ပြည်သူ့အားဖြင့် တရားသော စစ် မုချ အောင်ရမည်!!!