ကြေမွ သွားခဲ့ရသော တရုတ်ပြည်၏ အိမ်မက်များ(1)

by Hla Soewai - Dec 15 2025

နိဒန်း

 

၂၀၂၂ အောက်တိုဘာ ၂၂ ရက်နေ့ တရုတ် ကွန်မြူနစ် ပါတီ၏ အကြိမ် နှစ်ဆယ်မြောက် ပြည်လုံး ဆိုင်ရာ ကွန်ဂရက်ပါတီ ပိတ်ပွဲ အခမ်းအနား တွင် ဖြစ်သည်။ ရှီ ကျင့်ဖျင် အား ပါတီ၏ အထွေထွေ အတွင်းရေး မှုး အဖြစ် ထုံးတမ်းစဉ်လာကို သွေဖည်၍ တတိယ သက်တမ်း ဆက်လက်ထမ်းဆောင်ရန် ရွေးချယ်ခဲ့ပြီ ဖြစ်၍ ပျော်ရွှင်စွာ အောင်ပွဲခံရမည့် အချိန်လည်း ဖြစ်သည်။

 

သို့သော် ထိုသို့ ဖြစ်မလာဘဲ တခုခု လွဲချော်နေပုံရသည်ကို သိသိသာသာ သတိထားလာမိ ကြသည်။

 

အသက် ၈၀ ရှိနေပြီ ဖြစ်သော ရှီ မတိုင်မီ ပါတီ အကြီးအကဲ ဖြစ်သူ ဟူ ဂျင်တောင် အား ၎င်း၏ ဆန္ဒပါပုံ မရဘဲ အခမ်းအနား စင်မြင့် မှ အစောင့်အရှောက်များ နှင့် ခေါ်ထုတ်သွားသည်ကို အခမ်းအနား တွင် ရှိနေကြသော ပါတီ ကိုယ်စားလှယ် ၂,၃၀၀ ကျော်က မယုံကြည် နိုင် လောက် အောင် တအံ့တဩ တွေ့လိုက်ကြရ၍ ကြက်သေ သေသွားခဲ့ကြသည်။

 

ဟူ ၏ ဘေးတဖက်တချက် တွင် ထိုင်နေကြသော ရှီ နှင့် ပါတီ ခေါင်းဆောင်များက မူ မျက်နှာ အမူ အရာ တချက်မျှ မပျက်ဘဲ ရှိနေကြသည်။ ပါတီ အကြီးအကဲ ဟောင်းတ‌ဦးကို လူပုံ အလယ်တွင် အရှက်တကွဲ ဖြစ်အောင် လုပ်ခဲ့မှု ကို ၎င်းတို့ အားလုံးက မသိချင်ဟန် ဆောင် နေကြသည်။

 

ဘာတွေ ဖြစ်ခဲ့လည်း ဆိုသည်ကို တိတိပပ သိဖို့ကား မဖြစ်နိုင်သော်လည်း သူ့ထက်ငါ မှန်းဆပြောဆိုမှု များ ရှိလာခဲ့သည်။ ထိုအထဲတွင် အဖြစ်နိုင်ဆုံးတခုသည်ကား ဟူ သည် ညီလာခံ အတွက် သူ့ကို ပေးလာ‌သော ဖိုင်ထဲတွင် ၎င်း၏ တပည့်လက်သားလည်း ဖြစ်၊ ပေါ်လစ်ဗြူရို တွင် သက်တမ်း နှစ်ကြိမ် ထမ်းဆောင်ပြီး ယုံမက အခြားလူများထက်လည်း အတွေ့အကြုံ ရင့်ကျက်ပြီး ဖြစ်သည့် အသက် ၅၉ နှစ်ရှိ ဟူ ချွန်ဟွာ၏ အမည် ပါမလာသည်ကို သတိထားမိသွားခဲ့သည်။

 

ထိုသို့ အချိန်ကပ်၍ အပြောင်းအလဲ လုပ်သွားသည်ကို ဟူ ဂျင်တောင် အား အသိပေးခဲ့ပုံ မရပေ။ ထိုသို့ မသိခဲ့ရ၍လည်း ဟူ ချွန်ဟွာ အား အဘယ့်‌ ကြောင့် ပေါ်လစ်ဗျူရို စာရင်းထဲ ပါမလာလဲ ဆိုသည်ကို အနီးရှိ လူများကို မေးမြန်းစုံစမ်းချင်လာသည်။ ၎င်း၏ ညာဖက် တွင် ထိုင်နေသူသည် ရှီ ကျင့်ဖျင် ဖြစ်သည်။

 

ထိုကိစ္စကို ရှီ ကျင့်ဖျင် အား မေးလာသည်ကပင် တရားလွန်လွန်းနေပြီဟု ရှီ၏ အနီးကပ် သစ္စာခံ လီ ကျန်ရှူး က ယူဆခဲ့ပုံရသည်။ လီ ကျန်ရှုသည် ပေါ်လစ်ဗျူရို အမြဲတမ်း ကော်မတီ မှ အနားယူတော့မည့် သူ ဖြစ်သည်။ လီ သည် ဟူ ဂျင်တောင် ထံမှ ဖိုင်ကို သိမ်းလိုက်သည်၊ ရှီ သည် လက်ထောက်တယောက်ကို ဆင့်ခေါ်လိုက်ပြီး ဟူ အား ခေါ်ထုတ်သွားဖို့ ညွှန်ကြားလိုက်ပုံရသည်။

 

ထိုမျှ အထိ ဖြစ်သွားလိမ့်မည်ဟု ရှီ သည် ကြိုတင် တွက်ဆခဲ့ခြင်းမျိုး ရှိချင်မှ ရှိမည် ဖြစ်သော်လည်း ၂၀၁၂ နိုဝင်ဘာလ CCP အကြီးအကဲ ဖြစ်လာချိန်မှစ၍ နိုင်ငံရေး အရ လွှမ်းမိုးလာခဲ့ မှု သည် ထိုလုပ်ရပ်ဖြင့် အလုံးစုံ ပြီးမြောက်သွားသည့် မှတ်တိုင် ဖြစ်လာခဲ့သည်။ ဆယ်စုနှစ်တာ အာဏာ ရခဲ့စဉ် အတွင်း ၎င်းမတိုင်မီ အဆက်ဆက် တည်ဆောက်လာခဲ့သော နိုင်ငံရေး စနစ် ကို ဖျက်သိမ်းပစ်လာခဲ့ပြီး ကိုယ်တိုင်ကိုယ်ကျ အုပ်ချုပ်မှု၊ ပုဂ္ဂိုလ်ရေး ဆည်းကပ် ကိုးကွယ်မှု၊ အောက်ခြေ တွင် သန့်စင် ရှင်းထုတ်မှု များ အမြဲလို ပြုလုပ်လာနေခြင်း၊ လူမှုရေး ပိုင်းတွင် မွန်းကျပ်လာအောင် ထိန်းချုပ်လာခြင်း၊ ဝါဒ ရေးရာ များ ရိုက်သွင်းလာခြင်း၊ နိုင်ငံခြားရေး မူဝါဒ အားလည်း စိတ်လိုက်မာန်ပါ ချမှတ်လာခြင်း အစရှိသည့် အာဏာရှင် စနစ်၏ အဓိက ဝိသေသ လက္ခဏာများ သွတ်သွင်းလာခဲ့သည်။

 

မော်စီတုန်း နောက်ပိုင်း မကြုံခဲ့ရဖူးသလောက် ရှိလာခဲ့သည့် အကြောက်တရား ဆိုသည်ကိုလည်း အုပ်ချုပ်ရေး၏ အဓိက အားထားရာ လက်နက်အဖြစ် ပြန်လည် အသုံးချလာခဲ့သည်။ ရှင်ကျန်း ရှိ ဝီဂါ အများစု အပါအဝင် သန်းပေါင်းများစွာသော လူမျိုးစု နွယ်ဝင်များကို ထောင်သွင်း အကျဉ်းချ လာခဲ့သည်။ ၂၀၂၀ ဇူလိုင်လ ထဲတွင် အမျိုးသား လုံခြုံရေး ဥပဒေ ဆိုကာ ဟောင်ကောင်တွင် ပြဋ္ဌာန်းလာခဲ့သည်။ ဤသို့ဖြင့် "တနိုင်ငံ စနစ် နှစ်မျိုး" ဆိုသည်က ချုပ်ငြိမ်းလု နီးပါး ဖြစ်သွားခဲ့ရသည်။ အရပ်ဖက် အဖွဲ့အစည်းများ၊ သတင်းစာနယ်ဇင်းများ၊ ဆိုရှယ် မီဒီယာများအားလည်း ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဖိနှိပ်လာခဲ့၍ မော်စီတုန်း နောက်ပိုင်း အဆိုးဝါးဆုံး အဆင့်အထိ ရောက်လာခဲ့သည်။

 

ရှီ သည် မော်စီတုန်း ကွယ်လွန်ခဲ့သည့် ၁၉၇၆ နောက်ပိုင်း တရုတ်ပြည် သမိုင်းတလျောက်တွင် ဩဇာအာဏာအရှိဆုံး၊ အကြောက်ရဆုံး ခေါင်းဆောင် ဖြစ်ရန် အစိုးရ အဖွဲ့အတွင်းတည်ဆောက်လာခဲ့သည်။ အဓိက အားဖြင့် အာဏာရှင်များ သုံးနေကျ နည်းဗျူဟာ များ အတိုင်း ဖြုတ်ထုတ် သန့်စင် ပစ်ခြင်း နှင့် ဆုံးဖြတ်ချက်များကို သူတဦးတည်းသာ ချနိုင်မည့် အာ‌ဏာများကို စုစည်းလာခဲ့ခြင်း တို့ ဖြစ်သည်။

 

ဟူ ဂျင်တောင် အား ပါတီ ညီလာခံစင်မြင့် မှ ခေါ်ထုတ်သွားရန် ညွှန်ကြားလိုက်ခြင်းနှင့်အတူ မော်စီတုန်း ခေတ်အလွန် ပါတီမှ တည်ထောင်ချမှတ်ခဲ့သော စုပေါင်း ‌ခေါင်းဆောင်မှု၊ သက်တမ်း အကန့်အသတ်၊ မဖြစ် မနေ အနားယူရန်၊ နိုင်ငံရေး ခေါင်းဆောင်ပိုင်း လုံခြုံမှု ရှိရေး အပါအဝင် သတ်မှတ်ထားချက်များ၊ စည်းမျဉ်းများ အားလုံး နီးပါး ကို တရားဝင် ချိုးဖောက် ပစ်လိုက်ပြီ ဖြစ်သည်။

 

၂၀၂၂ ကုန်ပိုင်း အရောက်တွင် ၎င်း ဆယ်စု နှစ် တစုနီးပါး ဆင်နွှဲလာသော အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး စီမံချက် အတွင်း စုံစမ်း စစ်ဆေး ခံခဲ့ရသူ ပေါင်းသည် ပါတီ၏ အထက်တန်း အဆင့် အရာရှိ ၅၀၀၊ အလယ်အလတ် အဆင့်ရှိသူ နှင့် ဒေသဆိုင်ရာ အရာရှိ စုစုပေါင်း ၂၀,၀၀၀၊ အောက်ခြေ အဆင့် ပါတီဝင် ၄.၆ သန်း ရှိလာခဲ့သည်။ တင်းပြည့်ဗဟိုကော်မတီဝင် ရှစ်ဦးလျင် တဦးနှုန်း ဖမ်းဆီးစစ်ဆေး အကျဉ်းချခံခဲ့ရသည်။

 

နိုင်ငံကို စီမံခန့်ခွဲ အုပ်ချုပ်နေကြသည့် အရာရှိကြီးများ ရှေ့မှောက်တွင် ရှီသည် ၎င်း၏ အာဏာကို ခပ်ကြမ်းကြမ်း ပြသခဲ့ပြီးနောက်တွင် ဗဟို ကော်မတီသည် ရှီအား ပါတီ အထွေထွေ အတွင်းရေးမှုး အဖြစ် နောက်ထပ် ငါးနှစ်သက်တမ်းကို ၎င်းမျှော်လင့်ထားသည့် အတိုင်း ဖြစ်လာအောင် ရွေးချယ်တင်မြှောက်ပေးခဲ့ကြရသည်။ ဤသည်က ပြဋ္ဌာန်းထားခြင်း မရှိသော်လည်း အစဉ်အဆက် လိုက်နာခဲ့ကြသည့် ငါးနှစ် သက်တမ်း နှစ်ကြိမ် ဆိုသည်ကို ချိုးဖောက်ခဲ့ကြ၍ မော်စီတုန်း ပြီးနောက် ပထမဆုံး ရာသက်ပန် ခေါင်းဆောင်ကြီး ဖြစ်လာခဲ့သည်။

 

မော်၏ ယဉ်ကျေးမှု တော်လှန်ရေး အတွင်း အကောင်း အတိုင်း ကျန် ရစ် ခဲ့ကြသူများက ကိုယ့်ကို ကိုယ် ဖျက်စီးပစ်ခဲ့၍ စိတ်မချမ်းမြေ့ဖွယ်ရာ ဒဏ်ရာဒဏ်ချက် များ နှင့် ထင်ကျန် ခဲ့သော နိုင်ငံကို ပြန်လည် အဖတ်ဆယ်နိုင်ရန် လူပြန်စုပြီး ကြိူးစားလာခဲ့သည်။ သို့သော် နောင် နှစ် ပေါင်း လေးဆယ် အကြာတွင် စတာလင် ဝါဒ ကို ပြန်၍ အမှတ်ရစေသည့် အာဏာရှင် လက်သစ် နှင့် အကျင့်စရိုက်များ တဖန် နိုးထ လာမည် အရေးကို ထိုစဉ်က တွေးပင် တွေးမိခဲ့ကြလိမ့်မည် မဟုတ်ပေ။

 

ထိုအုပ်စုထဲ တွင် ထင်ရှားလာသူက တိန့်ရှောင်ဖိန် ဖြစ်သည်။ ၎င်းသည် ပါတီမှ သုံးကြိမ်တိုင်တိုင် သန့်စင် ဖယ်ရှားခံထားရ၍ ထူးခြားသူတဦး ဖြစ်သည်၊ သုံးကြိမ်တွင် နှစ်ကြိမ်သည် မော် လက်ချက် ဖြစ်ပြီး နောက်တကြိမ်သည် တော်လှန်ရေး စစ်ပြန်ကြီး နှင့် ပါတီ တွင်း လူအများစု၏ လေးစားခြင်း ခံရသည့် စီးပွားရေး စီမံကိန်း ရေးဆွဲသူ ချင်ယွန်း ကြောင့် ဖြစ်သည်။

 

နောက်ပိုင်းတွင် တိန် နှင့် ချင် သည် စီးပွားရေး ပြုပြင်ပြောင်းလဲရေး နှင့် ပတ်သက်ပြီး ပဋိပက္ခ အသွင် ဆောင်လာကြသော်လည်း စုပေါင်း ခေါင်းဆောင်မှု တည်ဆောက်ရန် နှင့် ပါတီကို အကြောက်တရား ဖြင့် လွှမ်းမိုး အုပ်ချုပ်မည့် မော် ကဲ့သို့ ပုဂ္ဂိုလ်မျိုး နောက်တကြိမ် မပေါ်ပေါက်ရန် ဟူသည့် ရည်ရွယ်ချက်ချင်းတော့ တူညီနေကြသည်။

 

၎င်းတို့ နှစ်ဦးစလုံးက စုပေါင်း ခေါင်းဆောင်မှု မူ ချမှတ်ရန်၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်ဆည်းကပ်မှု အား တားမြစ်ရန်၊ ခေါင်းဆောင်ပိုင်း မှ မဖြစ်မနေ အနားယူ ရန်၊ သက်တမ်း ကန့်သတ်ရန် အစရှိသည်တို့ ပါဝင်သည့် ပြုပြင်ပြောင်းလဲရေး များကို တွန်းတွန်း တိုက်တိုက် လုပ်လာကြသည်။

 

ပါတီအား အတိတ်ကာလ၏ အာဏာရှင် စနစ်ဆိုးဆီ ပြန်ရောက်မသွားရန် ပဲ့ကိုင်ပေးလာကြသည့် အပြင် ၁၉၈၀ အစောပိုင်းကာလ များ အတွင်း လစ်ဘရယ် ယိမ်း ခေါင်းဆောင်များသည် နေ့တဒူဝ နိုင်ငံရေးရာများကို စီမံခန့်ခွဲ ခဲ့သည်ဟု ဆိုသည်။

 

၁၉၇၆ အောက်တိုဘာလ တွင် လေးဦးဂိုဏ်း အဖြစ် ထင်ရှားခဲ့သည့် မော် ၏ ကျန်ရစ်သူ ဇနီး နှင့် တဖက်စွန်းရောက် အပေါင်းအပါ သုံးဦးကို ဖမ်းဆီးပြီး အာဏာ သိမ်းယူနိုင်ခဲ့သည် ဆိုကာ ဟွ ကိုဖုန်းအား ယာယီ ခေါင်းဆောင် အဖြစ် တင်မြှောက်ခဲ့သည်။‌ နောက်ပိုင်းတွင် တိန် နှင့် ချင် တို့မှ ဟွကိုဖုန်းအား အတင်းအကျပ် ဖယ်ရှားပစ်ခဲ့ကြပြီး၊ ဟူ ယောင်ပန်းသည် ၁၉၈၁ တွင် ပါတီအကြီးအကဲ ဖြစ်လာခဲ့သည်။

 

ဟူ ယောင်ပန်းသည် ပါတီ၏ ပုံမှန် အုပ်ချုပ်ရေး လုပ်ငန်း ဆောင်တာများ ကို ငါးနှစ်ခွဲ ကြာအောင် တာဝန်ယူ လုပ်ကိုင်ခဲ့သည်။ ၁၉၈၀ ကျော် နှစ်များ အတွင်း ထွက်ပေါ်လာသော သမိုင်းတွင်မည့် ပါတီ ၏ စည်းမျည်းများ ရေးဆွဲရာတွင် အဓိက အခန်း ကဏ္ဍ မှ ပါဝင်ခဲ့သည်။

 

စီးပွားရေး ပိုင်း တွင် ဝန်ကြီးချုပ် ဖြစ်လာသူ ကျောက်ကျိယန်သည် တိန့်ရှောင်ဖိန်၏ "ပြုပြင်ပြောင်းလဲရေး နှင့် တံခါးဖွင့်ဝါဒ' ကို မနားမနေ အကောင်အထည် ဖေါ်ပေးလာခဲ့သည်။

 

၎င်းတို့ နှစ်ဦးသည် ပါတီအား ပိုမို ငြင်သာ ပျော့ပြောင်းသည့် လမ်းကြောင်းပေါ်သို့ ရောက်အောင် တင်ပေးနိုင်ခဲ့ကြသူ များ ဖြစ်သည်။ ဤသို့ဖြင့် တရုတ်ပြည်သည် ၁၉၈၉ ဇွန်လ ၄ ရက်နေ့အထိ ၁၉၄၉ နောက်ပိုင်း အလွတ်လပ်ဆုံး နှင့် ပွင့်လင်းမှု အရှိဆုံး ဆယ်စုနှစ် တခု နှင့် ကြုံတွေ့ ခဲ့ကြရသည်။

 

ထိုနေ့သည်ကား ဘီဂျင်းတွင် ဖြစ်ပွားလာ‌ နေသည့် ဒီမိုကရေစီ လိုလားသော ဆန္ဒပြပွဲများကို နှိမ်နှင်းရန် တိန့်ရှောင်ဖိန် ကိုယ်တိုင် စစ်တပ်ကို ညွှန်ကြားခဲ့သည့် နေ့လည်း ဖြစ်သည်။

 

၁၉၈၉ ဇွန်လ တိန်အမ်မင် အရေးအခင်းကြီးအား ရက်စက်ကြမ်းကြုပ်စွာ နှိမ်နှင်းခဲ့ပြီး နောက်တွင်လည်း ပိုမို ဖွံ့ဖြိုး တိုးတက်ပြီး ပွင့်လင်းသော လူ့အဖွဲ့အစည်း ကြီး ဖြစ်ထွန်းလာမည် ဟူသော မျှော်လင့်ချက် သည် ကွယ်ပျောက်သွားခြင်းမျိုး မရှိသေးပေ။

 

၁၉၉၁ ဒီဇင်ဘာလ တွင် ဆိုဗီယက် ယူနီယံ ပြိုကွဲသွားပြီး နောက်တွင် တိန့်ရှောင်ဖိန်သည် နိုင်ငံ၏ စီးပွားရေး တော်လှန် ပြောင်းလဲမှု ကြီးအား ပြန်လည် အရှိန်ရလာဖို့ ‌၎င်း၏ အပြီးသတ် ကြိုးပမ်းမှု များကို ၁၉၉၂ အစောပိုင်းမှစ၍ စတင် လာခဲ့‌ တော့သည်။ CCP သည် တရုတ်နိုင်ငံသားများ အတွက် လူနေမှု အဆင့်အတန်း တိုးတက် ကောင်းမွန် အောင် လုပ်မပေး နိုင်က ဆိုဗီယက် ပြည်ထောင်စု ကဲ့သို့ပင် ၎င်းတို့၏ အုပ်ချုပ်ပိုင်ခွင့်ကိုလည်း အသိအမှတ် ပြုလာကြတော့မည် မဟုတ် ဆိုသည်ကိုလည်း တိန် က ကောင်းစွာ သဘောပေါက်လာ၍လည်း ဖြစ်သည်။