အသေအချာ တွက်ချက်ပြီး ရွံရှာဖွယ် ကောင်းလှသည့် အကြမ်းဖက်မှု ကြီးကို အထိန်းအကွပ်မဲ့ ကျူးလွန် ခဲ့ကြခြင်းဖြင့် စစ်အုပ်စု သည် ၎င်းတို့၏ နကိုယ်ရှိ စရိုက်လက္ခဏာ ကို ထပ်မံ ပြသခဲ့ ကြသည်။
နိုင်ငံတကာ လူ့အခွင့် အရေး နေ့ထူးနေ့မြတ် ကြီးတွင် ရခိုင်ပြည်နယ် မြောက်ဦး မြို့ရှိ ပြည်သူ့ဆေးရုံ ကြီး တည့်တည့်သို့ ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချ တိုက်ခိုက်သွားသည့် လူမဆန်သည့် ရာဇဝတ်မှု ကြီး မှန်း သိသိ နှင့် အနိုင်ရချင်ဇော နှင့် ကျုးလွန်ခဲ့ကြသည်။
လူနာများ အိပ်မော ကျနေချိန်တွင် ပြင်းထန်သော ပေါက်ကွဲမှု ကြီး နှင့် အတူ မှန်ကွဲ များ၊ သတ္ထုစများ လွင့်ပျံ ထွက်သွားပြီး လူနာ ဒါဇင်ပေါင်းများစွာ ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။ ရှင်ကျန်ရစ်ခဲ့သူများသည်လည်း ပြိုလဲသွားသော ဆေးရုံကြီး အောက်တွင် သွေးသံလူးလူး နှင့် ကျန်ခဲ့သည်။
#အများစုသည်ကလေးသူငယ်များ၊မွေးကင်းစများ ဖြစ်နေသည်။ထိုလုပ်ရပ်သည်မှားယွင်းပစ်ခတ်ခြင်းမျိုးမဟုတ်၊ အနီးအနား တွင် တိုက်ပွဲ ဖြစ်နေ၍ လည်း မဟုတ်၊ ရည်ရွယ်ချက် ရှိရှိ ညကြီး သန်းကောင် တွင် ပစ်မှတ်ထား တိုက်ခိုက်ခြင်းမျိုး ဖြစ်သည်။
နေပြည် တော် မှ ဗိုလ်ချုပ်များသည် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး နေ့ကို တမင်တကာ ရွေးကာယုတ်မာသော ရည်ရွယ်ချက် ဖြင့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကြီးကို ကျုးလွန်ခဲ့ခြင်း ဖြစ်သည်။ ထိုသတင်းဆိုးကိုလည်း နိုင်ငံ နယ်နမိတ် ကို ကျော်လွန်၍ သိစေလို၍ ဖြစ်မည်။ ၎င်းတို့ နိုင်ငံတကာသို့ ပေးလိုသည့် သတင်းစကားသည်ကား "ကျွန်ုပ်တို့သည် ထိုကဲ့သို့ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး၊ မည်သည့်အရာ၊ မည်သည့် ဥပဒေသ၊ မည်သည့် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းကမှ ကျွန်ုပ်တို့ကို တားဆီးနိုင်မည်မဟုတ်ပေ။" ဟူ၍ ဖြစ်သည်။
လူ သုံးဆယ် ကျော် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ဒဏ်ရာ အပြင်းအထန် ရနေသူ များ ထဲမှ ထပ်၍ သေဆုံး ရဖို့လည်း ရှိနေသည်။ စစ်ရေး နည်းဗျူဟာ အရ အသာစီးရရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ အကြောက်တရား များ ဖြစ်လာစေရန် သာ ဖြစ်သည်။ စစ်တပ်သည် နိုင်ငံ ကို ပြန်ရလိုသည်၊ ၎င်းတို့ ဘယ်ပုံဘယ်နည်း ပြန်ရအောင် လုပ်နေသည်ကို ကမ္ဘာကြီး အား စောင့်ကြည့်နေဟူ သော သဘောပင် ဖြစ်သည်။
ထိုသို့ သော ရာဇဝတ်မှု များ ကို ကရင်နီ၊ ရှမ်း နှင့် နေရာ အနှံ့ တွင် ကျူးလွန် ခဲ့ကြပြီး တဖြေးဖြေး လေကြောင်းတိုက်ခိုက်မှု ကို အရှိန်မြှင့်လာခဲ့ခြင်း ဖြစ်သည်။ နိုင်ငံ အနှံ့ မြေပြင် တိုက်ပွဲ များ တွင် အနိုင်ရအောင် တိုက်နိုင်စွမ်း မရှိတော့၍ ဝေဟင်မှ တိုက်ခိုက် အနိုင်ယူခြင်းသည်သာ နောက်ဆုံး အခွင့်အရေး အဖြစ် ကျန်တော့သည်ဟု ယူဆလာကြပြီ ဖြစ်သည်။
ပြည်တွင်းစစ်သည် ယခုအခါ သမာယိုးကျ မဟုတ်သော လေကြောင်း တိုက်ခိုက်မှု များ ကျူးလွန်ရန် နည်းမျိုး စုံ ကြံဆလာကြသည်။ ဒရုန်းများ၊ ဗုံးများကို လေယာဉ် ပေါ်မှ ပစ်ချနေရသည့် အဆင့်မှ လူ လိုက်ပါသည့် ဂျိုင်ရို ကော်ပတာ၊ ပါရာဂလိုက်ဒါ များ ပါ သုံး၍ နေ့စဉ်လို တိုက်ခိုက်လာကြသည်။ ထို့အတွက် အရပ်သားများ သေဆုံးမှုသည် တဟုန်ထိုး မြင့်တက်လာခြင်းလည်း ဖြစ်သည်။
ထိုသို့ တိုက်ခိုက်နေမှုသည် ၎င်းတို့ စီစဉ်ထားသည့် ရွေးကောက်ပွဲ မတိုင်မီ ဖြစ်ပျက်နေခြင်း ဖြစ်သည်။ မည်သည့် အစိုးရ၊ မည်သည့် လူ့အခွင့်အရေး အဖွဲ့များက မှ ယုံကြည်ရလောက်သည်ဟု ယူဆခြင်း မခံရသည့် ရွေးကောက်ပွဲ မျိုးလည်း ဖြစ်သည်။
ဆေးရုံကို ဗုံးကြဲ မတိုက်ခိုက်မီ လေးမှာပင် နိုင်ငံ တဝှမ်း ရှိ ပြည်သူတရပ်လုံးက "အသံတိတ် သပိတ်" ကြီးကို အောင်မြင်စွာ ဆင်နွှဲခဲ့ပြီး ၎င်းတို့၏ ရွေးကောက်ပွဲ ဆိုသည်ကို ဆန့်ကျင်ကြောင်း တိတ်ဆိတ်စွာ ပြသခဲ့ကြပြီး ဖြစ်သည်။
ထိုလုပ်ရပ်ကို စစ်အုပ်စု က ကောင်းကင်ယံ တက်၍ "မင်းတို့ ငါတို့ကို ဆန့်ကျင်ရင် မင်းတို့ကော၊ မင်းတို့ ကလေး တွေ ကိုပါ သတ်ပစ်မယ်" ဟု တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။
ထိုသို့သော မက်ဆေ့ခ်ျ မျိုး အရင်ကလည်း ကြားသိခဲ့ရပြီး ဖြစ်သည်။ ပြီးခဲ့သည့် လ များ အတွင်း စစ်ဘေး ရှောင်များ ခိုလှုံနေသည့် ဘုန်းကြီးကျောင်းကို ဗုံးကြဲ တိုက်ခိုက်ခဲ့သည်၊ ထိုမတိုင်မီကလည်း စာသင်ကျောင်း ကို တိုက်ခိုက်ခဲ့ကြသေးသည်။
ထိုလုပ်ရပ်များသည် စစ်ပွဲ ၏ ဘေးထွက်ဆိုးကျိုး မတော်တဆ မှု များ မဟုတ်၊ စစ်အုပ်စု ခင်းကျင်းလာသော ဗျူဟာ များ၏ တစိတ်တပိုင်းသာ ဖြစ်သည်။ ၎င်းတို့ အပေါ် ဆန့်ကျင်နေသော လူထု၏ စိတ်ဓါတ် ခွန်အားကို ဖြိုခွဲရန် အကွက်ချ စီမံခဲ့ခြင်းသာ ဖြစ်သည်။ နိုင်ငံတကာတွင် ကျုးလွန်နေကြသော အကြမ်းဖက် ဝါဒ နှင့် တသဘောတည်း ပင် ဖြစ်သည်။
၎င်းတို့၏ အကြမ်းဖက် ဝါဒသည် အောင်မြင်လာဖို့ မရှိ၊ ချင်းတောင်တန်းများမှသည် ကရင်နီ ချိုင့်ဝှမ်း၊ ရှမ်းကုန်းမြေမြင့် အထိ ကျယ်ပြန့်စွာ တွန်းလှန်နေကြသော တော်လှန်ရေး အင်အားစုများက မိမိတို့ဖက်မှ အလျော့ပေးသွားမည် မဟုတ်ကြောင်း အသိပေးခဲ့ကြပြီး ဖြစ်သည်။ ထိုသို့ တိုက်ခိုက်မှု များသည် ၎င်းတို့၏ စိတ်ဓါတ် အားမာန် ကို ရိုက်ချိုး နိုင်ခဲ့ကြခြင်း မရှိသည့် အပြင် ၎င်းတို့ ရင်ဆိုင်နေရသော အန္တရာယ်ကို မီးမောင်းထိုးပြ လာခြင်း ဖြစ်သည်။ ထို့အတွက် ရှိသမျှ အရင်းအမြစ်ဖြင့် အနိုင်တိုက်နိုင်မှ ဖြစ်မည်ဟု သော ခံယူချက်ကို ပို၍ ခိုင်မာလာစေရန် အားဖြည့်ပေးလာခဲ့သည်။
ထိုသို့ တိုက်ခိုက်ခံရသည့် အခါ လတ်တလော စိတ်ဓါတ် ပျက်ပြားသွားခဲ့ကြသည်ကတော့ အမှန်ပင် ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် တော်လှန်ရေး စက်ယန္တရားကြီး ဆက်၍ မောင်းနှင်ရန် အတွက် လောင်စာဆီများ အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဤသည်ကပင် စစ်အုပ်စု တပ်များ နှင့် တော်လှန်ရေး တပ်များ အကြား ကွာခြားမှု ကြီးပင် ဖြစ်ပေတော့သည်။
တဖက်က ၎င်းတို့ အာဏာ တည်မြဲနေရန် ကလေးသူငယ်များ ပါ မချန် သတ်ဖြတ်လာကြသည်။ တဖက်က ထိုသို့ ရက်စက်ကြမ်းကြုပ်မှု ကြီး အပြီးအပိုင် အဆုံးသတ်ရန် အရာအားလုံး ကို စွန့်လွှတ်စွန့်စားစွာ တိုက်ပွဲဝင်နေကြသည်။
ကမ္ဘာကြီးသည် ၎င်းတို့၏ နောက်ဆုံး ရက်စက်မှုကြီး၏ အနှစ်သာရ ကို အရှိကို အရှိအတိုင်း နားလည်သင့်သည် — ယင်း သည် လမ်းလွဲဖြစ်ရပ်တစ်ခု မဟုတ်ဘဲ စစ်အုပ်စု၏ ကမ္ဘာ့ကြီး အပေါ် သဘောထားနေသည့် အမြင်ကို ဖော်ပြသည့် ပြတင်းပေါက်တစ်ခု ဖြစ်သည်။ ၎င်းတို့၏ ထိုသို့သော ကမ္ဘာ့အမြင်ကို အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ မြန်မာ ပြည်သူ များသည် သွေးဖြင့် ဆက်လက်ပေးဆပ်နေကြ ရဦးမည် ဖြစ်သည်။
ဤသည်က ကမ္ဘာပေါ်တွင် အင်္ဂလိပ်ဘာသာဖြင့် သက်တမ်း အရှည်ဆုံး ဖြစ်သည် ဗြိတိသျှ အပတ်စဉ် ထုတ် မဂ္ရဇင်း ကြီး The Spectator မှ "Myanmar's Junta has stooped to a new low" ဟု ခေါင်းစဉ် တပ်ထားသည့် အယ်ဒီတာ အာဘော် ကို တင်ပြခြင်း ဖြစ်သည်။
ကမ္ဘာ သတင်း စာမျက်နှာ များ တွင် ၎င်းတို့၏ အကြမ်းဖက်မှု ကြီးကို အကျယ်တဝင့် ဖေါ်ပြခဲ့ကြပြီးကုလ သမဂ္ဂ မှလည်း ထိုအရေးကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုလာသည်။ ကမ္ဘာကျန်းမာရေး အဖွဲ့အကြီးအကဲ ကလည်း ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ကျန်းမာရေး အဆောက်အအုံများကို တိုက်ခိုက်မှုသည် ၆၇ ကြိမ် ရှိလာပြီ ဟု X တွင် ရေးသားထားသည်။ အီးယူ မှလည်း လူသားချင်းစာနာထောက်ထားရမည့် ဥပဒေ အားလုံးကို ချိုးဖောက်လိုက်ခြင်း ဖြစ်သည်ဟု ပြောခွင့်ရ အနီတာ ဟစ်ပါက ပြောဆို ရှုတ်ချလိုက်ပြန်သည်။
မြောက်ဦးဆေးရုံကို ဗုံးကျဲ တိုက်ခိုက်ခဲ့သော ပြစ်မှုကျုးလွန်သူ ၊ ကျူးလွန်ရန် စေခိုင်းသူ နှင့် ပါဝင်ပတ်သက် သူများကို ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟု AA က သတင်း ထုတ်ပြန် လာသည်။
စစ်အုပ်စုသည် ၎င်းတို့ အနိုင်ရချင်ဇောဖြင့် ထိုသို့ လူမဆန်သည့် လုပ်ရပ်များကို ကျုးလွန်လေ ကမ္ဘာနိုင်ငံများကို အသာထားဘိဦး ၎င်းတို့ အနား ကိုယ်လေးယို့ပြီး ခစား နေကြရသည့် (လူစိတ် ရှိသူ) ကျေးတော်မျိုး ကျွန်တော် များ အဖို့ အဘယ်သို့သော မျက်နှာပေးမျိုး ဖြင့် နေကြရမည်ကို လိပ်ပြာမလုံ ဖြစ်လာနေကြပေတော့မည်။
ဤသည်ကား ၎င်းတို့ အတွက် အရေးကြီးနေသော ယခုလို အချိန်တွင် အစားထိုး မရနိုင်သည့် ဆုံးရှူံးမှု ကြီးပင် ဖြစ်ပေတော့သည်။
ပြည်သူ အင်အားဖြင့် တရားသော စစ် မုချ အောင်ရမည်!!!