ဇော်မဲလုံး လူမိုက်စကား ပြောရပြီ

by Hla Soewai - Dec 15 2025

စစ်အုပ်စုသည် ၎င်းတို့ အကြီးအကျယ် မျှော်မှန်းထားသော ရွေးကောက်ပွဲ ဆိုသည် ပွဲကြီး နီးကပ်လာသည် နှင့် အမျှ ပြဿနာ သောင်းခြောက်ထောင် မက တက် လာ၍ ရှားရှား ပါးပါး သတင်းစာ ရှင်းလင်းပွဲ ကို လူမြင်ကွင်း တွင် ထွက်လုပ်လာရပြီ ဖြစ်သည်။

 

၎င်းတို့၏ ရွေးကောက်ပွဲ အား နိုင်ငံတကာ မှ ဝေဖန်မှုများ မြင့်တက်လာချိန်တွင် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ အား ပံ့ပိုး ကူညီနေမှု များလည်း ဗူးပေါ်သလို ပေါ်လာပြီး မနည်း အဖတ်ဆယ်နေရချိန် တွင် ဆေးရုံကို မဆင်မခြင် ဗုံးကြဲ တိုက်ခိုက်မှု ကြီး ထွက်ပေါ်လာရခြင်း ဖြစ်သည်။

 

ယခု အခါ တနိုင်ငံလုံး ဗုံး ပတ်ကြဲနေရ၍ လေယာဉ် သုံးဖို့ ခွင့်ပြုချက်ကို ဗျုဟာမှုး အဆင့်က ပေးရသည့် အဖြစ် ရောက်ကုန်သည်။

 

ဆေးရုံ ဆိုသည်က အယုတ်အလတ် အမြတ်မရွေး လာရောက်ကုသရာ ‌နေရာလည်း ဖြစ်သည်။ သေဆုံးသူများထဲတွင် ကလေးသူငယ်များ၊ အမျိုးသမီးများ ပါဝင်နေ၍ ၎င်းတို့၏ အဆိုအရ အာရက္ခ တပ် ဖွဲ့ဝင်များ၏ မိသားစု များ ဟု ဖေါ်ပြထားပြန်၍ လက်နက်ကိုင် မဟုတ်သည့် အရပ်သားများကို တိုက်ခိုက်သည်ဟု ဝန်ခံလိုက်သလို ဖြစ်သွားပြီး ၎င်းတို့၏ လူမဆန် ကြမ်းကြုပ်သော စစ်ဝါဒီ များ ဆိုသည်ကို ထုတ်ဖေါ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။။

 

အစ္စရေး လုပ်လျင် ငါတို့လည်း လုပ်မည်ဟု ယူဆ၍ မရ၊ အစ္စရေး အစိုးရသည် ပြည်သူများက ဒီမိုကရေစီ နည်းအရ ရွေးချယ်တင်မြှောက်ခံထားသူ များ ဖြစ်ပြီး ၎င်းတို့၏ စစ်တပ် အားလည်း လေးစား ကြည်ညို ရင်းစွဲ ရှိသည့်နေရာတွင် စစ်အုပ်စုတပ်များ နှင့် နံသာဆီ နှင့် အီးလို ကွာချင်တိုင်း ကွာနေရသည် ဆိုသည်ကို ထည့်သွင်းစဉ်းစားကြပုံမရ။

 

၎င်းတို့၏ မြောက်ဦး ဆေးရုံ အား ဗုံးကြဲ တိုက်ခိုက်ခဲ့မှု ကြောင့် လူ ၃၁ ဦး သေဆုံးပြီး အနည်းဆုံး ၇၆ ဦး သေဆုံး ခဲ့မှု အား အာဆီယံ မှ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

 

ထို ကြေညာချက်ထဲတွင် ၁၉၄၉ ခုနှစ် ဂျီနီဗာ သဘောတူစာချုပ်များ အပါအဝင် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်၍ အရပ်သားများနှင့် ဆေးဘက်ဆိုင်ရာ အဆောက်အအုံများအား ပစ်မှတ်ထား တိုက်ခိုက်မှုများသည် လက်ခံနိုင်စရာမရှိကြောင်း နှင့် အာဆီယံ ပဋိညာဉ်စာတမ်း (ASEAN Charter) တွင် ထည့်သွင်းထားသော မူများနှင့် ကိုက်ညီမှု မရှိကြောင်း ဟူ၍ ပါရှိသည်။

 

ယင်းသည် အာဆီယံ၏ ကြေညာချက်တွင် အပြင်းထန်ဆုံးလည်း ဖြစ်သည်။

 

ဇော်မဲလုံးက လူလုံးပြ တုန့်ပြန်လာရာတွင် ရွေးကောက်ပွဲ သည် မြန်မာပြည် အတွက်သာ ဖြစ်ပြီး နိုင်ငံတကာ အတွက် မဟုတ်၊ ၎င်းတို့ ဘယ်လို ပြောပြော မြန်မာပြည်တွင် ဒီမိုကရေစီ ပြန်ပြီး အကောင်အထည် ဖေါ်ပေးမည့် ရွေးကောက်ပွဲ ဖြစ်သည်၍ ဝေဖန်ချင်သပ ဆိုလျင် ဝေဖန် နိုင်သည်ဟု ပြောလာသည်။

 

ဤသည်ကပင် ၎င်းတို့ အပေါ် နိုင်ငံတကာ၏ အမြင်သည် မည်သို့မျှ မကောင်းတော့ ဆိုသည်ကို ရိပ်စားမိပြီး ဝန်ခံလိုက်သည့် သဘောပင် ဖြစ်သည်။

 

တကမ္ဘာလုံးက ဒီမိုကရေစီ နည်းလမ်း မကျပါဟု ပြောနေသည့် ကြားမှ ဒီအက်စ်အေ ကျောင်းဆင်း အဆင့် ရှိသူ များ၏ ဒီမိုက‌ ရေစီ ဆိုသည်က ရွေးကောက်ပွဲ လုပ်‌ ပေးလျင် ရပြီဟု ယူဆထားသည့်အ‌ တွေး အခေါ်မှ ထွက်လာသည့် စကားမျိုးသာ ဖြစ်သည်၊ ငါတို့ လုပ်ချင်ရာ လုပ်မယ်၊ မဆိုင်လျင် ဝင်မပြောနဲ့ ဟု လူမိုက်စကား ပြောရသည့် အဆင့် ရောက်သွားသည်။

 

ထိုထက်ပို၍ အဆင့်အတန်းရှိရှိ ပြောလို့ရပါလျက် လူမိုက်စကားကလွဲ၍ မပြောတတ်၊ မဆိုတတ်၊ ဆေးရုံ ဗုံးကြဲသည်ကိုပင် မည်သို့ လူကြား‌ ကောင်းအောင် ပြောရမှန်း မသိသော လူမျိုးက ပြောခွင့်ရ ဖြစ်နေသည်မှာလည်း အတော်အံ့ဩစရာ ကောင်းနေရသည်။

 

ရွေးကောက်ပွဲ ပြီး လျင် မင်းအောင်လှိုင်၏ အနေအထားကို မေးမြန်းရာတွင် #မြန်မာပြည်သူများအတွက်အန္တရာယ်ဆိုးကြီး ဆက်ရှိ နေဦးမည် ဆိုသည်ကို ယခုလို အရိပ်အမြွက် ပြောသွားပြန်သည်၊ ၎င်းက "ကာကွယ်ရေး ဦးစီးချုပ်ကြီး သည် ယခင်က မကြာခဏ ပြောထားခဲ့သည့် အတိုင်း နိုင်ငံတော်က တာဝန်ပေးလာလျင် တိုင်းပြည် အတွက် သူ၏ အုပ်ချုပ်ရေး အတွေ့အကြုံများ ဖြင့် အလုပ်အကျွေး ပြုသွားမည်သာ ဖြစ်သည်" ဟု ဆိုသည်။

 

တိုင်းပြည်ကို ပျက်စီးယို့ယွင်းနေသော failed state အဆင့်ဖြစ်အောင် ဆွဲချ ခဲ့သူ ဟု ပြည်တွင်း ပြည်ပ က လက်ခံထားသူ တဦး က ယခုလို သူ၏ အုပ်ချုပ်ရေး အတွေ့အကြုံ များဖြင့် ဆက်၍ အလုပ်အကျွေး ပြုသွားမည် ဆိုသည့် က ၎င်းတို့ စကားကို ပြန်သုံးရလျင် "ရယ်ချင်လိုက်တာ ဖတ်ဖတ်မော ရင်ဘတ် နောက်က ကျော" ဟူ၍ သာ ပြောရပေတော့မည်။

 

ပြည်သူများကို လူဟု ယူဆမထား၍ ပြောချင်သည် ကို ပြောနိုင်သည် ဆိုသော်လည်း နိုင်ငံတကာ ကိုတော့ အရှက်လေးတော့ ရှိသင့်သည်။

 

တဆက်တည်း ဆိုသလို အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို ၎င်းတို့ နှိမ်နှင်းနေပါသည် ဆိုသော အချက် ပေါ်လွင်‌စေရန် ထိန်းသိမ်းထားသော ရာပေါင်းများစွာ ရှိသည့် နိုင်ငံခြားသားများသည် လူမျိုးစုံ၊ ဘာသာစုံ၊ စရိုက်မျိုးစုံ ဖြစ် နေ၍ ကျွေးမွေး ထားရသည် မှာ အခက်အခဲ များ ရှိလာ၍ အမြန်ဆုံး လာရောက် ခေါ်ယူကြပါဟု လည်း တောင်းဆိုသွားပြန်သည်။ နိုင်ငံပေါင်း ၄၇ နိုင်ငံမှ လူပေါင်း ၁၃,၂၇၂ ဦး ကို ထိန်းသိမ်း ထားရသည်ဟု ဆိုသည်။ 

 

ယခုအခါ ပြန်ပို့ရန် ကျန်နေသော ၁,၆၅၅ ဦး အား မြဝတီရှိ အားကစားရုံ ကြီးထဲတွင် BGF တပ်များ၏ အစောင့်အရှောက် ဖြင့် ထိန်းသိမ်းထားရသည်ဟု ကရင် ပြည်နယ် နယ်လုံဝန်ကြီး ဆိုသူ မင်းသူ‌ ကျော်က ဆိုသည်။ ထိုအထဲတွင် တရုတ် နိုင်ငံသား ၅၀၀ ကျော်၊ ကျန်လူများသည် အင်ဒိုနီရှား၊ အီသီယိုပီယား၊ ဗီယက်နမ်၊ ကင်ညာ နှင့် အိန္ဒိယ တို့ မှ ဖြစ်သည်။

 

ဓါတ်ပုံများလည်း ခင်းကျင်းပြထားပြန်၍ ဝင်းကြီးခြံကြီး များ နှင့် ထိုသို့ အုံနှင့် ကျင်းနှင့် အကြီးအကျယ် လှုပ်ရှားနေသည်ကို ယခင်က စတားလင့်ခ် အလုံး ၃၀ ‌လောက် တက်ဖြုတ်ပြယုံနှင့် နိုင်ငံတကာက ကျေနပ်သွားလောက်ပြီဟု အထင်ရှိနေရာမှ ယခုမှ အမြစ်ဖြတ်မည်ဟု ကြွေးကြော်လာရခြင်းသည် အဘယ့်ကြောင့် နည်း၊ အမေရိကန်၏ Strike Force ကြောင့် အိပ်မောကျနေရာမှ နိုးထလာကြခြင်းလော ဟု တွေးနေကြမည်သာ ဖြစ်သည်။ စစ်အုပ်စု နှင့် BGF, DKBA တို့ အကာအကွယ် ပေးမထားက ထိုမျှ အထိ ကြီးထွား မလာနိုင် ဆိုသည်ကို ကလေးပင် သိနိုင်လောက်သည်ကို ယခုမှ သိကြလေဟန် အကြီးအကျယ် လိမ်ညာနေကြရသည့် အဖြစ်က တွေး လေ ရှက်ဖို့ ကောင်းလေပင် မဟုတ်ပါလား။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!