ယနေ့ အရေးတကြီး ဆင်နွှဲရမည့် တိုက်ပွဲ

by Hla Soewai - Dec 15 2025

အမျိုးသား ညီညွတ်ရေး အစိုးရက ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ နိုင်ငံတကာ လူ့အခွင့်အရေး နေ့တွင် လာမည့် စစ်အုပ်စု၏ ရွေးကောက်ပွဲ ကို ဆန့်ကျင်ကြောင်း ပြသသည့် အနေဖြင့် မနက် ၁၀:၀၀ မှ ညနေ ၃:၀၀ အထိ အိမ်ပြင် မထွက်ကြဘဲ အသံတိတ် သပိတ် ပါဝင် ဆင်နွှဲကြပါရန် အပူတပြင်း တောင်းဆိုထားသည်။

 

ယခု သပိတ်တိုက်ပွဲ သည် ယခင် လုပ်ခဲ့သည်များထက် ပို၍ အရေးကြီးသည်။ 

 

မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ နည်းလမ်း ဖြင့် တော်လှန်ရေး ကို ချိနဲ့ အားပျော့သွားစေပြီး ၎င်း၏ လက်ဝေခံ အစိုးရ မျိုး ဖြင့် ပုံမှန် အနေအထား ပြန်ရောက်ပြီ ဆိုကာ နိုင်ငံတကာ တွင် လူတော တိုးရန် ကြံစည်နေခြင်း ဖြစ်သည်။ တိုင်းပြည် အား လုံးဝ ထိန်းချုပ် ထားချုပ်ထားနိုင် ကြောင်း ဝါဒဖြန့်ဖို့ အရေးတကြီး လိုအပ်လာနေသည်၊ ထိုအတိုင်းလည်း တရုတ်တို့အားလည်း ၎င်းတို့ကို ဆက်ထောက်ခံက မျက်နှာ မပျက်‌ စေရဟု ဖျောင်းဖြ သွေးဆောင်ထားပြီးလည်း ဖြစ်သည်။

 

နကိုယ်ကတည်းက မိမိစည်းစိမ်ဥစ္စာ၊ မိသားစု ကို ကာကွယ်ရန် ကွက်ကွက်ကလေးသာ ကြည့်ပြီး လုပ်ခဲ့ကြသူများက နောက်တဆင့် တက်နိုင်ရန် ပြည်သူများအား လက်နက်အားကိုးဖြင့် မဲရုံထဲ မောင်းသွင်းပြီး အတင်းအကျပ် လုပ်သည့် ပွဲ ဆိုသည်ကား နီးလာလေ ထင်ရှားလာလေ ဖြစ်သည်။

 

ထို့အတွက် ယနေ့ သပိတ်တိုက်ပွဲ ဖြင့် မြန်မာ ပြည်သူ တရပ်လုံးက ၎င်းတို့၏ ၁၄ ရက်သာ လိုတော့သည့် ရွေးကောက်ပွဲ ကို ဆန့်ကျင်ကြောင်း ကမ္ဘာသို့ ပြသဖို့ အရေးတကြီး လိုအပ်လာနေချိန်လည်း ဖြစ်သည်။ 

 

ဒေါက်တာ တေဇာစန်းကလည်း ပြည်လုံးကျွတ် အသံတိတ်သပိတ် ဆင်နွှဲကြပြီး မြန်မာနိုင်ငံမှာဖြစ်နေသည်ြ အခြေအနေ များကို တမ္ဘာလုံးကြားအောင်လုပ်ဆောင်သွားမည်ဟု ဧရာဝတီနဲ့သီးသန့်အင်တာဗျူးမှာ ပြောဆိုလိုက်သည်။

 

ထိုအတွက် အပန်းမကြီးဘဲ အန္တရာယ်ကင်းစွာ ပြုလုပ်ရမည့် အရေး ကို ငါထွက်လည်း ဘာမှ မထိခိုက်လောက်ဟု သဘောထားမည်ဆိုက အသက်စွန့်၍ တိုက်ပွဲ ဝင် နေကြသည့် လူငယ်များ၏ မျက်နှာကို ပြေးမြင်သင့်သည်။

 

"သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့" ဆိုသော ဆိုင်းပုဒ် ကြီးကို အရာတော် မြို့ပြည်သူ့ သပိတ်ကော်မတီ မှ စိုက်ထူထားသည်ကိုလည်း တွေ့ခဲ့ရသည်။ 

 

ရွေးကောက်ပွဲကိုပင် တနေရာမကျန် ကျင်းပမည်ဟုပင် ၂၀၂၃ ကတည်းက ကြွေးကြော်ခဲ့သော်လည်း ယခု အခါ လုပ်မည် ဟု သတ်မှတ်ထားသော ရပ်ကွက် ကျေးရွာ ပေါင်း ၃,၀၀၀ ကျော်အား ဖျက်သိမ်းခဲ့ရပြီ ဖြစ်သည်။ ထိုအထဲတွင် ကျေးရွာ မဲရုံ ၂,၉၃၁ ရုံ၊ မြို့ပေါ် ရပ်ကွက် များတွင် ၂၀၂ ရုံ ကို ဖျက်သိမ်းလိုက်ရပြန်သည်။ အကြမ်းဖြင်း အားဖြင့် လွှတ်တော် မဲဆန္ဒနယ်‌ မြေ ခုနှစ်နေရာတွင် တနေရာ ချန်လှပ်ထားခဲ့ရသည် ချည်း ဖြစ်လာသည်။ ရန်ကုန် နှင့် နေပြည်တော် မှ လွဲ၍ ကျန် ပြည်နယ် နှင့် တိုင်းဒေသကြီးများတွင် လွတ်လွတ်ကျွတ်ကျွတ် မလုပ်နိုင် ဖြစ်လာ၍ ရွေးကောက်ပွဲ အပေါ် နိုင်ငံတကာ၏ သံသယ ရှိမှု များက မြင့်တက်လာနေခဲ့ပြီ ဖြစ်သည်။

 

နိုင်ငံတကာကလည်း စစ်အုပ်စု၏ ရွေးကောက်ပွဲ သည် လွတ်လပ်၍ တရားမျှတမှု ရှိမည်မဟုတ်၍ ယုံကြည် စိတ်ချ လောက်သည့် လူထု ဆန္ဒ နှင့် ကိုက်ညီသော အစိုးရမျိုး ပေါ်ထွက်လာစရာ အကြောင်းမရှိဆို သော် ဂါထာမန္တရားကြီးကို တရုတ် တနိုင်ငံတည်းက လွဲ၍ တတွတ်တွတ် ရေရွတ်လာနေပြီ ဖြစ်သည်။

 

ထိုအထဲတွင် ၎င်းတို့ သေချာပေါက် အားကိုးထားသော ထိုင်း နှင့် အိန္ဒိယ တို့ပင် တလ မလိုတော့သော အချိန်တွင် သဘောထား ပြောင်းလာကြသည်။

 

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ ရမ်ဒီယာ ဂျိုက်စ်ဝေါလ် က အိန္ဒိယသည် မြန်မာ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အား ထောက်ခံသော်လည်း ယုံကြည်ထိုက်သော ရွေးကောက်ပွဲ ဖြစ်ရန် နိုင်ငံအရေး တွင် အဓိက ပါဝင်ပတ်သက်နေသူများ ပါဝင်ရမည်ဟု ခံယူထားကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့သည်။ လွတ်လပ်ပြီး တရားမျှတမှု ရှိရမည်ဟုလည်း ဆိုသည်။ မိမိတို့မှ မြန်မာ ပြည်သူများ ပုံမှန် ဘဝ ပြန်ရောက်ရေး ဆက်၍ အကူ အညီ ပေးသွား မည်ဟုလည်း ပြောခဲ့သည်။

 

နိုင်ငံတကာ၏ အမြင်များ မပြောင်းလဲဘဲ ဆက်ရှိ နေရေး နှင့် စစ်အုပ်စု ၏ ထွက်ပေါက် ပိတ်နေပြီ ဆိုသည်ကို တရုတ် အစိုးရ အား ပြသနိုင်ရန် ယနေ့ ဆင်နွှဲမည့် အိမ်အပြင် မထွက်ရေး အသံတိတ် သပိတ် တွင် ပါဝင်ဆင်နွှဲကြဖို့ လိုအပ်နေပြီ ဖြစ်သည်။

 

ပြည်သူ့အားဖြင့် တရားသော စစ် မုချ အောင်ရမည်!!!