ပွဲစပြီ

by Hla Soewai - Aug 18 2020

မြန်မာတို့၏ ဒီမိုကရေစီ အရေး တွင် အားအထားရဆုံး ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲမှာ လက်နက်ကိုင် စစ်တပ်နှင့် ထိပ်တိုက်တွေ့မည့် အရေးကို ရှောင်ရှား ရင်းက တိုင်းပြည်အား ဦးဆောင်မှု ပေးနိုင်ရန် တာထွက်လာပြီ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သည် ဘာမဆို လုပ်ရဲသည်ဆိုသော လူမိုက်ဝါဒထက် လိမ္မာသိုသိပ်နိုင်မှုသည်သာ သတ္တိ၏ တစိတ်တပိုင်း ဖြစ်တယ် ဆိုတာ သဘောပေါက်ထားသူလည်း ဖြစ်ပါတယ်။ ထို့အတွက် လောလောဆယ် တွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကို လက်ရှောင်လိုက်ပြီ ဖြစ်ပါတယ်။

 

ပုံမှန် အတိုင်းဆိုက ဖွဲ့စည်းပုံ ပြင်ဆင်ရေး တွင် ကာကွယ်ရေး ဦးစီးချုပ် တဦးတည်းမှ ရွေးချယ် စေလွှတ် လိုက်သည့် ၂၅% သော ကိုယ်စားလှယ် များ နှင့် အရပ်သား ကိုယ်စားလှယ်များထဲကပါ ဝင်ရောက် ကန့်ကွက်လာမှာလည်း ဖြစ်သဖြင့် မည်သို့မျှ ထိုးဖေါက်နိုင်ဖို့ မလွယ်ကူလှပါဘူး။ သို့သော် တဦးတယောက်၏ ဆန္ဒကို ကျော်လွန်၍ စစ်တပ်မှ ပြည်သူ၏ သဘောထားကို လိုက်လျောရန် အဆင်သင့် ဖြစ်နေပြီလား ဆိုသည်ကို သိလို၍ ချပြလိုက်တဲ့ ပွဲ ဖြစ်ခဲ့သော်လည်း အရေးနိမ့်သွားခဲ့ရပါတယ်။

 

ပြီးခဲ့သည့် သုံးနှစ်လောက် က ဒီမိုကရေစီ ကွန်ဗင်းရှင်း တခုတွင် ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့်ကို အခုလို ပြောခဲ့ဖူးပါတယ်လို့ ဆောင်းပါးရှင် မှ ဖေါ်ပြထားပါတယ်။


“ကျမ ကတော့ နံရံပေါ်မှာ ချိတ်ထားတဲ့ ဓါတ်ပုံ ထဲက လူ မဟုတ်တော့ပဲ၊ အသွေးအသားနဲ့ ဖြစ်တည်နေတဲ့ နိုင်ငံရေး သမား တယောက် အဖြစ်ပဲ ရှင်သန်နိုင်ဖို့ စိတ်ပိုင်းဖြတ်ထား ပြီးသွားပြီ"

 

သူမသည် ပြောသည့် စကားနှင့် အညီ လုပ်ပြနိုင်ခဲ့ပါတယ်။ ရခိုင်ပြည်နယ် အတွင်း ရိုဟင်ဂျာ ဆိုသူများကို ရက်စက်စွာ ပြုကျင့်ခဲ့မှုများ အတွက် စစ်တပ်အား စုံစမ်းစစ်ဆေးပေးရန် နိုင်ငံတကာရဲ့ တောင်းဆိုလာမှုတွေကို မသိကျိုးကျွံ ပြုခဲ့ရပြီး ၎င်းတို့အား ရုံးတင် တရားစွဲမယ့် နိုင်ငံတကာ တရားရုံးကိုလည်း ကိုယ်တိုင် ကိုယ်ကျ သွားရောက် လျှောက်လှဲပေးခဲ့ပြန်ပါတယ်။ ထိုစစ်တပ်၏ ခေါင်းဆောင်များကပင် သူမအား နှစ်ရှည်လများ အိမ်ထဲတွင် ပိတ်လှောင်ထားခဲ့မှု နှင့် အာဏာမရအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့မှုတွေကို ဖခင်တည်ထောင် ပေးခဲ့တဲ့ စစ်တပ်ဆိုပြီး နာကြည်းခြင်း မရှိရုံသာ မက သံယောဇဉ် ရှိနေခဲ့သူလည်း ဖြစ်ပါတယ်။

 

ဤသည်ကပင် မရေရာတဲ့ စိတ်ကူး ပုံဖေါ်မှုဝါဒ ကို စွန့်ပယ်ပြီး လုပ်သင့်လုပ်ထိုက်တာကို ပြတ်ပြတ်သားသား လုပ်ရဲတဲ့ နိုင်ငံရေး သမား တယောက်အဖြစ် ကူးပြောင်းသွားခဲ့ပြီဆိုတဲ့ ပြယုဒ် လည်း ဖြစ်ပါတယ်။ ယင်းနှင့်အတူ အနောက်တိုင်း ပုံစံ ဒီမိုကရေစီ ကျင့်စဉ်နဲ့ အမေရိကန် ပုံစံ ဖက်ဒရယ် စနစ်ကိုပါ စွန့်လွှတ်ပြီးသား ဖြစ်သွား ခဲ့ပါတယ်။ ဒီအတွက် စစ်တပ်ကို ကျေနပ်စေခဲ့တာတော့ အမှန်ပဲ ဖြစ်ပါတယ်။

 

ဒီ သဘောတရားတွေကို မစွန့်လွှတ်ခဲ့ရင် နစ်နာစရာ တွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဒီမိုကရေစီ သို့ တဖြေးဖြေး ချင်း အသွင်ကူးပြောင်းလာနေမှုသည် ပြင်းထန်လှတဲ့ ဆင်ဆာ ဥပဒေများ၊ လူထုအတွက် လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်များ ဆုံးရှုံးခံရနိုင်ပြီး အဆုံးမရှိတဲ့ ပန်းတိုင်ကြီး ဖြစ်လာနိုင်စရာ ရှိနေပါတယ်။ အလားတူပဲ ဒုတိယ ပင်လုံ ဆိုတဲ့ သူမရဲ့ တိုင်းရင်းသားများနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည်လည်း ထိခိုက်သွားရဖို့ ရှိနေပါတယ်။

 

တိုင်းရင်းသားများဖက်ကတော့ ငြိမ်းချမ်းရေး အတွက် ဘာမှ မျှော်လင့်စရာ မမြင်တဲ့ အတွက် ဆက်လက်ပြီး လက်နက်စွဲကိုင် တိုက်ပွဲဝင်သွားမှာလည်း ဖြစ်ပါတယ်။ ဒါကလည်း စစ်တပ်အတွက် ၎င်းတို့ ရပ်တည်ခွင့် နဲ့ ဆက်လက် အင်အား တိုးချဲ့ နိုင်ရန်လို့ အကြောင်းပြကောင်းတွေ ဖြစ်လာရပြန်ပါတယ်။ သို့သော်လည်း ကချင် နှင့် ရခိုင်ပြည်နယ်များမှာ ပဋိပက္ခများ ဆက်ပြီး အရှိန်မြှင့်လာနေတာကြောင့် စစ်တပ်အနေနဲ့ ၎င်းတို့ရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွား နဲ့ အညီ နိုင်ငံခြားရေး မူဝါဒကို အလှည့်အပြောင်း လုပ်လာနိုင်ပါတယ်။

 

အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ‘ပွဲသိမ်းတိုက်ပွဲ’ လို့ ကြွေးကြော်ပြီး ရခိုင်ပြည်နယ်ကို ဖဲ့ထုတ်ဖို့ ကြံလာနေတဲ့ AA က အခုဆို အာဆာ အကြမ်းဖက် အဖွဲ့ နဲ့ နည်းဗျူဟာအရ ပူးပေါင်းခြင်း လို့ ဆိုကာ တိုက်ခိုက်လာနေပြီ ဖြစ်တဲ့ အတွက် တပ်မတော်က အိန္ဒိယ စစ်တပ်ကို အားကိုး လာပါတယ်။ အိန္ဒိယကလည်း ၎င်းရဲ့ မီလျံပေါင်း များစွာ တန်တဲ့ ကုလားတန် မြစ် စီမံကိန်း တွေကို AA ကြောင့် ရှေ့မတိုးနိုင် ဖြစ်နေရမှုကို စိတ်အနှောက်အယှက် ဖြစ်လာနေပါတယ်။ ကုလားတန် မြစ် စီမံကိန်းသည် အိန္ဒိယ ပြည်မကြီး နဲ့ အနောက်မြောက် နယ်မြေတွေကို ပင်လယ်ဖက်ကနေ တဆင့် စစ်တွေ-ပလက်ဝ အထိ ကုလားတန် မြစ်ကြောင်း၊ ထိုမှတဆင့် မီဇိုရမ် နယ်ခြားရှိ ဇိုအင်ပူအီ အထိ ကုန်လမ်း ဖြင့် ချိတ်ဆက်ပေးမယ့် စီမံကိန်းတွေ ဖြစ်ပါတယ်။ AA သတင်းရပ်ကွက်တွေ အဆိုအရ အိန္ဒိယက ၎င်းတို့ကို ဒရုန်းများ နဲ့ ပစ်မလွဲ တိုက်ခိုက်လာဖို့ ပြင်ဆင်နေပြီ လို့ ပြောလာကြပေမယ့် အိန္ဒိယကတော့ ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည် အစိုးရသည်လည်း ၁၉၈၀ နောက်ပိုင်းမှာ ပထမဆုံးအကြိမ် အဖြစ် တရုတ် အစိုးရရဲ့ လျှာနှစ်ခွ နဲ့ ဆက်ဆံလာနေမှု အပေါ် ဗြောင်ကျကျ ဆန့်ကျင်လာနေပြီ ဖြစ်ပါတယ်။ တရုတ်အတွက် အရေးပါတဲ့ လမ်း နှင့် ရပ်ဝန်း စီမံကိန်း အချို့ကိုတောင် ဖျက်သိမ်းပြစ်တဲ့ အထိ ဖြစ်လာပါတယ်။ ဖမ်းဆီးထားတဲ့ အိန္ဒိယ အရှေ့မြောက် ဒေသက သူပုန် ၂၂ ယောက်အား အိန္ဒိယကို တိုက်ရိုက် လွှဲပြောင်းပေးခဲ့ပါတယ်။ အိန္ဒိယ နှင့် မြန်မာတို့ စစ်တပ်အချင်းချင်း နွေးထွေးစွာ ဆက်ဆံလာမှုသည် နှစ်နိုင်ငံ နယ်နမိတ် အစပ်တွင် လှုပ်ရှားနေကြတဲ့ သောင်းကျန်းသူများ ကို ထိရောက်စွာ ကိုင်တွယ်နိုင်မယ့် အပြင် တရုတ်အစိုးရကနေ AA အား ပေးလာမယ့် အကူအညီတွေကို ထိထိရောက်ရောက် ပိတ်ဆို့ ဟန့်တားနိုင်မှာလည်း ဖြစ်ပါတယ်။ ထိုသို့ အိန္ဒိယ နဲ့ မြန်မာတို့ နီးကပ်စွာ ဆက်ဆံလာနေတဲ့ အဖြစ်ကို မရှုစိမ့်နိုင် ဖြစ်မှာကတော့ ဘင်္ဂလားဒေ့ရှ် ပဲ ဖြစ်ပါတယ်။

 

ယခုအခါ အမေရိကန် ပြည်ထောင်စုကပင် တရုတ်မှ ငွေအင်အား လက်နက်အင်အား တွေ ထောက်ပံ့ပေးထားတဲ့ AA အဖွဲ့ကို ချေမှုန်းသွားမယ့် အိန္ဒိယ အစီအစဉ်တွေကို ထောက်ခံလိုက်ပြီ ဖြစ်ပါတယ်။

 

ယခုလို မြန်မာပြည်တွင်းရှိ လက်နက်ကိုင် အဖွဲ့များကို ထောက်ခံပြီး အချုပ်အခြာ အာဏာကို ထိပါးနေတဲ့ တရုတ် အပေါ် ထိရောက်စွာ တုန့်ပြန်လိုက်ခြင်းသည် ဒေသတွင်း အာဏာချိန်ခွင်လျှာကို အလှည့်အပြောင်း ဖြစ်လာမယ့် အရေးမှာ ရှင်းလင်းပြတ်သားစွာ ပြဆိုလိုက်ခြင်း ဖြစ်တယ်လို့ ရန်ကုန် ရှိ အမေရိကန် သံရုံး ယာယီ တာဝန်ခံ ဂျော့ချ် ဆီဘလေး က ပြောဆိုလိုက်ပါတယ်။ ဘာတန် လစ်တနာ ကလည်း လွန်စွာ ရှုပ်ထွေး ကျယ်ပြန့်လာမယ့် ဘူမိ နိုင်ငံရေး မျက်နှာစာ တခု ဖြစ်လာပြီး ဆယ့်ကိုးရာစုနှစ် အတွင်း ဗြိတိန် နဲ့ ရုရှား တို့ တရုတ် နှင့် အာရှ အလယ်ပိုင်း တွင် သူနိုင်ကိုယ်နိုင် အပြိုင်ကျဲခဲ့တဲ့ ‘Great Game’ နဲ့ နှိုင်းယှဉ် ပြောဆိုခဲ့ပြီ ဖြစ်ပါတယ်။

 

(ပုံတွင် ကာကွယ်ရေး ဦးစီးချုပ်နှင့် လာရောက် တွေ့ဆုံခဲ့ကြသည့် သုံးဆယ့်လေးဦး ဂိုဏ်းဝင်များကို တွေ့နိုင်သည်)

 

(အိန္ဒိယ နိုင်ငံထုတ် တယ်လီဂရပ်ဖ် သတင်းစာတွင် ဆောင်းပါးရှင် Subir Bhaumik ရေးသားသော “The Game is afoot: Election in Myanmar” အား ကိုးကား တင်ပြသည်)