"ကျမ အခုလာတာက လည်း ရှင့် ဆီ မှာ အကူ အဖြစ် လုပ်လို့ရမလား မေးချင်လို့ပါ" ဟု အမေက ကြက်တူရွေး လို တတွတ်တွတ် ပြောနေသည့် သူ့စကား ကို ဖြတ်ပြောလိုက်ရသည်။
"ဘယ်လို ဖြစ်ရတာတုန်း" ဟု မေးရင်း အမေ ရှင်းပြသည် များ ကို ကြားရ ပြီးနောက် တွင် သဘောတူ သည့် ပုံ ဖြင့် ခေါင်းကို ငြိမ့်ပြလိုက်သည်။
"ဖြစ်ရမှာပေါ့"၊ ရှင် မှတ်မိလား တခါ ကျမ ကို ယောက်ျား မမြင်အောင် ရှင် ဝှက်ပေးထားတာလေ၊ အင်း..အခုလည်း ရှင်ကို ဆင်းရဲဒုက္ခ တွေကနေ ဝှက်ပေးရမှာပေါ့လေ၊ ရှင့်သားက အများ အကျိုး အတွက် ဒုက္ခ ရောက်နေရတာဆို တော့၊ လူတိုင်းက ရှင့်ကို ကူညီသင့်တယ်နော်၊ ရှင့်သား က လူကောင်းသူကောင်း လေးပါ၊ အားလုံးကလည်း အဲ့လိုပဲ ပြောကြတယ်၊ ဝိုင်းပြီး ဆုတောင်းပေးနေကြတယ်၊ သနားကြတာလည်း ပါမှာပေါ့၊
ကျမပြောမယ်၊ သူ့ကို ဖမ်းလို အာဏာပိုင်ဆိုတဲ့လူတွေ ဘာ အကျိုးကျေးဇူး မှ သူတို့အတွက် ရလာမှ မဟုတ်ဘူး၊ ကျမ ပြောတာ မှတ်ထား၊ အခုပဲကြည့် စက်ရုံ မှာ ဘာတွေ ဖြစ်နေလဲဆိုတာကို၊ သူတို့ ပြောတာ နားထောင်ကြည့်ရင်ကို သိတယ်၊ အားလုံးရဲ့ စိတ်တွေက မုန်ယိုနေကြတယ်၊
အရာရှိ ဆိုတဲ့ လူတွေက လူတယောက်ရဲ့ ခြေဖနောင့်ကို ကိုက်လိုက်ရင် ဒီလူ ဝေးဝေး မသွား နိုင်တော့ဖူး ဆိုတာပဲ တွေးနိုင်ကြတဲ့ လူစားတွေ၊ အဲ့ဒီတော့ ဘာဖြစ်လာလဲ ဆို လူ ဆယ်ယောက်ကို ထိရင် လူ အယောက် တရာလောက် ဒေါသ ထွက်လာကြတာပဲ၊ အလုပ်သမား တယောက်ကို သတိနဲ့ ကိုင်တွယ်ရမှာ၊
လူဆိုတာ မျိုးက သူ့အပေါ် ပုံလာတဲ့ အရာအားလုံးကို အကြာကြီး၊ အကြာကြီး သည်းခံ အောင့်အီးပြီး ဆက်သွားနေနိုင်ပေမယ့်၊ ရုတ်တရက်ဆိုသလို တစ်ခါတည်းနဲ့ ပေါက်ကွဲသွားနိုင်တယ်!"
*************
အခန်း (၁၀)
နောက်တနေ့ တွင် မာယာ ချက်ပြုတ်ထားသည့် စားစရာ အိုးကြီး နှစ်အိုး နှင့် စက်ရုံ ဝင်းထဲတွင် အမေအား တွေ့မြင်လာကြသည်။ မာယာ ကတော့ ဈေးတွင် သွားရောင်းရန် ပြောင်းရွှေ့ သွားပြီ ဖြစ်သည်။
အလုပ်သမား များကလည်း ချက်ခြင်းဆိုသလို လူသစ် အဖြစ် ရောက်လာသော ဈေးသည်ကို သတိထားမိခဲ့ကြသည်။ အချို့ကလည်း အမေ ရောက်လာသည်ကို သဘောကျ သည့် ပုံဖြင့် "အလုပ်လုပ်နေပြီပေါ့ နီလော့ဗ်နာ" ဟု မေးကြမြန်းကြသည်။
သူမအားလည်း ပါဗယ်သည် အများကောင်းကျိုး ဆောင်ခဲ့သူ ဖြစ်၍ မကြာမီ လွတ်လာမှာပါဟု နှစ်သိမ့်စကား ပြောခဲ့ကြသည်။ အချို့ကလည်း နှစ်သိမ့်စကားကိုပင် သတိကြီးစွာ ထား၍ ပြောလာကြသဖြင့် နကိုယ်ကမှ ပူဆွေးနေသော သူမ အဖို့ စိုးရိမ်ထိတ်လန့် လာခဲ့ရပြန်သည်။ အချို့ကလည်း မန်နေဂျာ နှင့် ပုလိပ်များကို ပွင့်ပွင့်လင်းလင်း နှင့် ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချ ပြောဆိုကြပြန်၍ အမေ၏ စိတ်ထဲ မခံချင်စိတ်များ ပဲ့တင် ရိုက်ခတ်လာခဲ့ရသည်။ ရန်လိုသည့် မျက်နှာပေးများ နှင့် ကြည့်သူ များလည်း ရှိသည်။
ထိုအထဲတွင် အီဆေး ဂိုဘော့ ဆိုသည့် လူက "ကျုပ်သာ ဘုရင်ခံ ဖြစ်လို့ကတော့ ခင်ဗျားသားကို လူတွေကို လမ်းလွဲအောင် လုပ်လို့ဆိုပြီး ကြိုးစင်တင်ပစ်မယ်"
ထိုသို့ ကြမ်းကြုတ်လှသော ခြိမ်းခြောက်စကားက သူမ၏ ခန္ဓာကိုယ်ထဲသို့ သေခြင်းတရား၏ အေးစက်သော လေပြင်း တိုက်ခံလိုက်ရသလို တိုးဝင်သွားသည်။ သူမသည် ဘာမှ ပြန်မပြောဘဲ သူ၏ သေးငယ်ပြီး မှဲ့ခြောက်များ ပြည့်နှက်နေသော မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချကာ မျက်လွှာ ချ နေလိုက်သည်။
စက်ရုံထဲတွင် လှုပ်လှုပ်ရွရွ နှင့် ဂဏှာမငြိမ် ဖြစ်နေသည်ကို သတိထားမိနေသည်။ အလုပ်သမား များ က နီးစပ်ရာ လူစုပြီး တိုး တိုး တိုးတိုး နှင့် ပြောနေကြသည်။ အလုပ်ကြပ်များလည်း ပင်ပန်း နွမ်းနယ်နေသည့် ကြားမှ စိုးရိမ်ပူပန်သည့် မျက်နှာ ပေး များဖြင့် လှည့်လည်သွားလာရင်း အလုပ်သမား ကြားထဲ ဝင်၍ စပ်စုစ ပြုလာကြသည်။ တစ်နေရာမဟုတ် တစ်နေရာမှ ဒေါသတကြီး ကျိန်ဆဲသံများနှင့် စိတ်အနှောင့်အယှက်ဖြစ်နေသည့် ရယ်မောသံများ ကြားနေရသည်။
ပုလိပ် နှစ်ဦးက သူ့ရှေ့မှ ဖြတ်ကာ စမွိုင်လော့ဗ်ကို ခေါ်ထုတ်သွားသည်။ စမွိုင်လော့ဗ်သည် လက်တဖက်ကို အိပ်ထဲထည့်ရင်း လက်တဖက်က သူ့ ဆံပင်နီများကို သပ်တင်နေသည်။
တရာလောက် ရှိမည် ထင်ရသော အလုပ်သမား အုပ်ကြီးက သူ့ နောက်မှ လိုက်လာကြပြီး ပါးစပ်ကလည်း မျိုးစုံ အော်ဟစ် ကြိမ်းမောင်းနေကြသည်။
"ဟေး ဂရီချာ သူလမ်းလျောက်နေတာကို မင်းတို့ ဘေးက လိုက်ပေးနေတာလား"
"ဟေး...အဲ့တာ ငါတို့ကို ဂုဏ်ပြုပေးနေတာကွ"
"နောက်ဆို ငါတို့ လမ်းလျှောက်ထွက်ရင် နောက်က လိုက်မယ့် ကိုယ်ရံတော်တွေ ရှိနေပြီကွ"
"မင်းတို့လို ကောင်တွေက သူခိုး တွေ ကို ဖမ်းဖို့ စိတ်မကူးဘူး၊ ရိုးသားတဲ့ လူတွေကို ဖမ်းဖို့ လောက် သိတယ်"
"မင်းတို ညဖက်တောင် မဟုတ်တော့ဘူး၊ နေ့ခင်း ကြောင်တောင် မှာ တောင် လူတွေကို ဆွဲခေါ်နေကြတာ မရှက်ဘူးလား၊ ရိုင်းစိုင်းတဲ့ လူယုတ်မာတွေ"
ပုလိပ်များက မျက်နှာ သုံသုံမှုန်မှုန် ဖြင့် ခပ်သွက်သွက် လျှောက်နေကြသည်၊ လူအုပ်ကြီး ကို ရှောင်ရှားဖို့ ကြိုးစားနေဟန် ရှိပြီး နေရာအနှံ့ မှ ထွက်ပေါ်လာသော ဒေါသတကြီး အော်ဟစ် ကြိမ်းမောင်းနေသံ များကိုလည်း မကြားဟန် ဆောင်နေကြသည်။သံတုတ် ရှည်ကြီး များ ကိုင်ထားသော အလုပ်သမား သုံးယောက်နား ရောက်သွားသည့် အခါကာ ထိုလူများက ရဲများအား "မင်းတို့ တံငါသည် တွေ ကောင်းကောင်း သတိထားနေ" ဟု အော်ဟစ် ကြိမ်းမောင်းလိုက်သည်။
ဆမွိုင်လော့ဗ်သည် အမေ့ နား ရောက်လာသည့် အခါ ခေါင်းငြိမ့် ပြုံးပြလိုက်ရင်း "ကြည့်ထားကြ ဘုရားသခင်ရဲ့ အမှုထမ်း ဂရီဂိုရီ အဖမ်းခံနေရတာကို"
အမေက ဘာမှ မပြောဘဲ ဦးညွတ် နှုတ်ဆက်လိုက်သည်။ လူငယ် လေးများ တော်လည်း တော်ကြပါ ပေတယ်။ ယခုလည်း အကျဉ်းထောင်သို့ပင် တည်တည်ငြိမ်ငြိမ်ပင် အပြုံးမပျက် ဝင်သွားကြသည်ကို တွေ့ရ၍ သူမ ရင်ထဲ လှုပ်ခတ်သွားမိသည်။ မိခင်တယောက်၏ မေတ္တာဖြင့် မသိစိတ်ကလည်း သနား နေမိပြန်သည်။ အာဏာပိုင်ဆိုသူများအား အလုပ်သမား များ၏ ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့မှု ကြားရ၍လည်း ကျေနပ်နေမိသည်။ သားဖြစ်သူ၏ သက်ရောက် နိုင်ခဲ့မှု ကြောင့် ဟု သိနေ၍လည်း ဖြစ်သည်။
စက်ရုံမှ ပြန်လာပြီး နောက် မာယာ အိမ်တွင် ပင် သူ့အလုပ် ကို ဝိုင်းလုပ်၊ သူ တတွတ်တွတ် ပြောနေသည်များကို နားထောင်ရင်း တနေ့တာ ကုန်ဆုံးခဲ့သည်။ ည နေ စောင်း မှ အိမ်ပြန်လာခဲ့သည်၊ အိမ်ထဲ လှမ်းဝင်လိုက်သည့် အခါ ရင်ထဲ ဟာလာဟင်းလင်း နှင့် အေးစိမ့်နေသလို ခံစားလိုက်ရသည်။ အိမ်ထဲ ဟိုဟိုဒီဒီ လျှောက်နေမိပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ၊ ဘယ်နေရာ ထိုင်ပြီး နားနေရမည်ကိုပင် မဝေခွဲနိုင် ဖြစ်လာနေသည်။
ည ရောက်လာသည်က မြန်လွန်းလှသည်။ ရီဂေါ အီဗန်နိုဗစ်ခ်ျလည်း သူ လာပေးမည် ဆိုသည့် လက်ကမ်း စာရွက် များလည်း လာမပေး သေးသည့် အတွက် စိုးရိမ် ပူပန်လာမိသည်။