နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(13)

by Hla Soewai - Dec 09 2025

တရားလို ဖက် က အချက် နှစ်ချက်သာ သက်သေပြဖို့လိုသည်။ ပထမ အချက် အဖြစ် စကုပ်သည် ကျောင်း တွင် ဆင့်ကဲ ဖြစ်စဉ်ကို တကယ်လည်း သင်ကြားခဲ့သည် ဆိုသည် နှင့် ဒုတိယ အချက် အဖြစ် ၎င်း သင်ကြားခဲ့သည့် သီအိုရီသည် ဓမ္မ ဟောင်း ကျမ်းစာပါ ဖန်ဆင်းရှင် အကြောင်းအရာ နှင့် ဆန့်ကျင်ဖက် ဖြစ်နေသည် ဆိုခြင်းပင်။

 

ကျောင်းအုပ်ချုပ်ရေး မှုး ဝေါ်လ်တာ ဝှိုက်သည် တရားလို သက်သေ အဖြစ် အစစ်ခံရာတွင် ဂျွန် စကုပ်သည် ရော်ဘင်ဆန်၏ ဆေးဆိုင်တွင် ဆင့်ကဲ ဖြစ်စဉ်ကို သင်ကြားနေသည်ကို ဝန်ခံခဲ့သည်ဟု ထွက်ဆိုသွားခဲ့သည်။ ဒဲရိုး က ၎င်းအား ပြန်လှန် မေးခွန်း ထုတ်ခြင်း ဖြင့် အကျိုး ရှိမည် မဟုတ် ဆိုသည်ကို သိထားသည်။ တရားလို အကျိုးဆောင် ရှေ့နေ ခေါင်းဆောင် တွမ် စတီးဝပ်က စကုပ် ကျောင်း တွင် ဘာတွေ သင်ခဲ့သည် ဆိုသည်ကို သိရန် ကျောင်းသား နှစ်‌ယောက် ကို သက်သေ အဖြစ် စစ်ဆေး ခဲ့သည်။

 

အစစ်ခံရသူ ကျောင်းသား ဟိုးဝပ် မော်ဂန် အား "သူ ဘာတွေ သင်ခဲ့လည်း ဆိုတာ မောင်ရင့် စကား နဲ့ ပြန်ပြောပါဟု" စတီးဝပ်က မေးသည်။

 

မော်ဂန် က ကမ္ဘာမြေသည် တစ်ချိန်က အပင် သို့မဟုတ် တိရစ္ဆာန်များ ရှင်သန်ရန် မဖြစ်နိုင်လောက်အောင် ပူပြင်းသည့် အရည်ပျော်နေသော အစုအဝေးကြီး ဖြစ်ခဲ့သည်။ ပင်လယ်ပြင်၌ ကမ္ဘာမြေသည် အေးမြသွားသည်။ ထို့နောက် ဆဲလ်တစ်လုံးတည်းသာရှိသော သေးငယ်သည့် မျိုးစေ့ပိုး (organism) လေးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ဤမျိုးစေ့ပိုးသည် တဖြည်းဖြည်း ပြောင်းလဲတိုးတက်လာရာ အရွယ်တော် တိရစ္ဆာန်အဖြစ်သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက်မှ ကုန်းနေ တိရစ္ဆာန် ဖြစ်လာခဲ့ပြီး ဆက်လက် ပြောင်းလဲတိုးတက်လာရာမှ လူသား ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု သင်ယူခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။

 

ဒဲရိုးက တရားလိုပြ သက်သေအား ပြန်လှန် စစ်ဆေးရာတွင် လေသံက ငြင်ငြင်သာသာ ရှိသော်လည်း ထေ့လုံး ငေါ့လုံးများ နှင့် ပြည့် နှက်နေသည်။ "မောင်ရင့်ကို အခြား မကောင်းတဲ့ အကြောင်းတွေကော ပြောခဲ့သေးလား"၊ မော်ဂန်က သူ မှတ်မိသလောက် ပြောရလျင် မရှိပါဟု ‌ပြန်ဖြေခဲ့သည်။

 

နောက်ဆုံး ခေါ်သည့် တရားလိုပြ သက်သေ ကား ဆေးဆိုင်ပိုင်ရှင် ဖရက် ရော်ဘင်ဆန် ဖြစ်သည်။ ၎င်းက သူ့ဆိုင်ထဲတွင် စကုပ် က "ပြည်နယ် အတွင်းရှိ မည်သည့် ကျောင်းဆရာ မဆို Hunter's Biology ကို သင်သည် ဆိုက ဥပဒေကို ချိုးဖောက်နေခြင်း ဖြစ်သည်"'ဟု ပြောခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ တရားလို ဖက်က သက်သေ ခေါ်ယူ အစစ်ခံခြင်းကို ရပ်နားလိုက်သည်။ အမှုက ရိုးရိုးရှင်းရှင်း ပင် ဖြစ်သည်။

 

ယခုအခါ တရားခံဖက်က သက်သေ ခေါ်ယူရန် အလှည့် ကျလာခဲ့ပြီ ဖြစ်သည်။ ဒါရိုးသည် ဒါဝင်၏ သီအိုရီ မှန်ကန်ကြောင်း သက်သေပြနိုင်ရန် ကျွမ်းကျင်သူ အမြောက်အမြား ကို ဒေတွန်သို့ ခေါ်ယူထားခဲ့သည်။ ပထမဆုံး သက်သေ အဖြစ် ဂျွန် ဟော့ကင်း တက္ကသိုလ်မှ သတ္တဗေဒ ပညာရှင် ဒေါက်တာ မေးနတ် မက်ကပ်ဖ်ကို ထွက်ဆိုစေခဲ့သည်။ တရားလို ဖက် က ၎င်းထွက်ဆိုမည့် အကြောင်းအရာများသည် စကုပ် အပြစ်ရှိသည်၊ မရှိသည် နှင့် မသက်ဆိုင်ဟု ဆိုကာ ကန့်ကွက်ခဲ့ကြသည်။

 

သိပ္ပံပညာရှင်တဦး၏ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ် အပေါ် ထင်မြင်ချက်သည် မည်သို့များ အရေးပါနိုင် မည်နည်း။ ပြ‌ဋ္ဌာန်းထားသည့် ဥပ‌ဒေ အရ စကုပ်သည် ဒါဝင် သီအိုရီကို သင်ခဲ့ခြင်း ရှိမရှိ နှင့်သာ သက်ဆိုင်သည်ဟု ဆိုကာ ဆင်‌ခြေ ပေးခဲ့ကြသည်။

 

တရားလိုဖက်က ကန့်ကွက်ချက် အား မဆုံးဖြတ်ခင် တရားသူကြီး ရော်စတန် သည် ဂျူရီများကို အပြင်သို့ ထွက်စေပြီး ဒေါက်တာ မက်ကပ်ဖ် ထွက်ဆိုမည့် အကြောင်းအချက် အချို့ကို အရင်ဦးဆုံး နားထောင်ခဲ့သည်။ သိပ္ပံပညာရှင် ၏ ထွက်ဆိုချက် ကြောင့် တရားခွင် တွင် ဘရိုင်ယန် အဖို့ အရှည်ကြာဆုံး လျှောက်လှဲ ချက် ပေးရသည် အထိ ဖြစ်လာခဲ့သည်။

 

ဘရိုင်ယန်သည် မက်ကပ်ဖ်၏ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ် အပေါ် ရှင်းလင်းချက်များကို လှောင်ပြောင် သရော်ခဲ့သည်။ ဘရိုင်ယန်က မက်ကပ်ဖ် အပြောအရ ဆိုမူ လူသည် အမေရိကန် မျောက်များ မှ ဆင်းသက်လာခြင်းမျိုး မဟုတ်ဘဲ ကမ္ဘာဟောင်း၏ မျောက်များ မှ ဖြစ်နေပြန်သည် ဟု မကျေမနပ် ပြောဆိုခဲ့ပြန်သည်။

 

သူ၏ အပြောများကို ဒပ်ဒလေ မယ်လုံက တရားခံဖက်မှ ပြန်လည် ချေပခဲ့သည်။ မိုးချုန်းသံအလား ကျယ်လောင်လှသည့် အသံကြီး ဖြင့် မယ်လုံး က "တရားလိုဖက်မှ ရပ်တည်ချက်သည် ရှေးယခင်က  ဂယ်လီယို ကို ရုံးတင်ခဲ့ကြသည့် ဘာသာ‌ ရေး သမားများ၏ မသိနားမလည် မှု နှင့် ခြားနားမှု မရှိဟု ပြောဆိုခဲ့သည်။ (ဂယ်လီယို ဂယ်လီလီသည် ကမ္ဘာ ကြီးသည် စကြဝဠာ၏ ဗဟိုဖြစ်ပြီး နေ နှင့် ဂြိုဟ်များသည် ကမ္ဘာကို လှည့်ပတ်‌ နေသည် ဆိုသော် ရှေးရိုးအယူအဆကို ပယ်ချပြီး နေ သည် သာ စကြဝဠာ၏ ဗဟိုဖြစ်ပြီး ကမ္ဘာအပါအဝင် အခြားဂြိုဟ် များသည်သာ နေကို လှည့်ပတ်နေသည်ဆိုသော ကိုပါးနီးကပ်စ်၏ အယူအဆကို ဂယ်လီယို က သက်သေအထောက်အထားများနှင့် ထောက်ခံခဲ့သည့် အတွက် ၁၆၃၂ တွင် ရောမ ကက်သလစ် ချာခ်ျ ရှိ ဘာသာရေး ခုံရုံး တွင် တရားစွဲ ဆို စစ်ဆေးခံခဲ့ရသည်။)

 

မယ်လုံး ၏ အမှန်တရား၏ အားမန်ကို ဖေါ်ကျုးပြီးချေပချက်သည် လွန်စွာ ထိရောက်ပြီး မှတ်သားဖွယ် ကောင်းလှသည်။

 

"အမှန်တရားနဲ့ စစ်ထိုးမည့် ပြိုင်ဖက်ဆိုသည်က ဘယ်တော့မှ မရှိခဲ့ပါဘူး။ အမှန်တရားက အမြဲတမ်း အနိုင်ရပါတယ်။ ကျွန်တော်တို့က အမှန်တရားကို မကြောက်ပါဘူး။ အမှန်တရားဟာ သူရဲဘောကြောင်သူ မဟုတ်ပါဘူး။ အမှန်တရားကို ဥပဒေက မလိုအပ်ပါဘူး။ အမှန်တရားကို အစိုးရရဲ့ အင်အားက မလိုအပ်ပါဘူး။ အမှန်တရားကို မစ္စတာ ဘရိုင်ယန် က မလိုအပ်ပါဘူး။ အမှန်တရားသည် မပျက်စီးနိုင်၊ ထာဝရတည်တံ့ပြီး သေဆုံးခြင်းမရှိသောကြောင့် ၎င်းကို ထောက်ပံ့ရန်အတွက် မည်သည့်လူသား၏ ဆောင်ရွက်ချက်ကိုမျှ မလိုအပ်ပါဘူး။

 

ကျွန်တော်တို့ နားလည်ထားတဲ့ အမှန်တရားကို ပြောပြဖို့ အသင့်ဖြစ်နေပါပြီ။ သူတို့ကနေ အချက်အလက်တွေအဖြစ် တင်ပြလာနိုင်တဲ့ အမှန်တရား အားလုံးကိုလည်း ကျွန်တော်တို့ မကြောက်ပါဘူး။ ကျွန်တော်တို့ အသင့်ရှိပါပြီ။ ကျွန်တော်တို့ အသင့်ရှိပါတယ်။ ကျွန်တော်တို့ဟာ တိုးတက်မှုဘက်မှာ ရပ်တည်နေတယ်လို့ ခံစားရပါတယ်။ သိပ္ပံပညာဘက်မှာ ရပ်တည်နေတယ်လို့ ခံစားရပါတယ်။ ဉာဏ်ပညာဘက်မှာ ရပ်တည်နေတယ်လို့ ခံစားရပါတယ်။ အမေရိကန်ပြည်ထောင်စု မှာရှိတဲ့ အခြေခံ လွတ်လပ်ခွင့်ဘက်မှာ ရပ်တည်နေတယ်လို့ ခံစားရပါတယ်။ ကျွန်တော်တို့ မကြောက်ပါဘူး... အမှန်တရားနဲ့ ကိုက်ညီတဲ့ ဥပဒေရေးရာအရ ရော၊ စနစ်ကျတဲ့ လုပ်ထုံးလုပ်နည်းအရရော၊ တရားမျှတစေဖို့ အတွက်ရော ဒီအမှုမှာ ခုခံချေပသူဘက် က တင်သွင်းမယ့်အထောက်အထားတွေကို လက်ခံပေးဖို့ ဂုဏ်သရေရှိ တရားသူကြီးမင်းအား ကျွန်တော်တို့ တောင်းဆိုပါတယ်။"

 

ဆင်ကဲ့ ပြောင်းလဲမှု ဖြစ်စဉ် ကို ပိတ်ပင်ရမည် ဟု ဥပဒေ တင်သွင်းခဲ့သူ ဂျွန် ဘတ်တလာကပင် "ရာစုနှစ် အတွင်း အကောင်းဆုံး အပြော" ဟုပင် မှတ်ချက် ချခဲ့ရသည်။ တရားခွင် တွင် ရောက်ရှိနေကြသော သတင်းသမား များ အားလုံးလိုလို မတ်တပ်ထရပ်ပြီး လက်ခုပ်တီးကာ တခဲနက် အားပေးခဲ့ကြသည်။ ပရိသတ်ထဲရှိ အတော်များများထံမှ အလားတူ အားပေး သံများ ထွက်ပေါ်လာခဲ့ပြန်သည်။ ၎င်းတို့ အမြင်တွင်တော့ နှစ်ဖက် အပြန်အလှန် ချကြမည့် ပွဲကြီးပွဲကောင်းပမာ သဘောထား လာကြသည်။

 

သို့သော် တရားသူကြီး ရော်စတွန်၏ စိတ်ကို ပြောင်းလဲ အောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပေ၊ နောက်‌တနေ့ မှာပင် ပညာရှင်များအား တရားရုံးတော်တွင် ထွက်ဆိုခွင့် မပြုဟု စီရင်ချက် ချခဲ့သည်။