ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း ‌ဆောင် များ(9)

by Hla Soewai - Dec 09 2025

အများစု စောင့်စားနေကြသည့် ထွက်ဆိုချက်သည် ၁၉၄၆ မတ်လ ၁၃ ရက်တွင် စတင်လာခဲ့သည်။ တရားခံ ဖြစ်သူ ဟာမင်း ဂိုရင်းအား စတင် စစ်ဆေးသည့် နေ့ ဖြစ်သည်။ ၎င်းကို ၁၉၄၅ မေလ ၉ ရက်နေ့တွင် အမေရိကန် အမှတ် (၇) တပ်တော်၏ တင့်ကားဖျက် တပ်ရင်း ၆၃၆ မှ လက်ရ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

 

ဂိုရင်း (ပုံတွင် တွေ့နိုင်) သည် ၎င်း လွတ်မြောက်ရေး အတွက် ဗိုလ်ချုပ်ကြီး ဒွိုက် အိုင်စင်ဟောင်ဝါ နှ‌င့် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးလျင် ရနိုင်ကောင်းသည်ဟု မှားယွင်းစွာ ယုံကြည်ထားခဲ့သည်၊ ထို့အတွက် ဘာဗေးရီယား ပြည်နယ် ရှိ ဖစ်ရ်ှဟွန်း ရဲတိုက်တွင် ဖွင့်လှစ်ထားသော SS ဌာန ချုပ် ဟောင်းရှိ အမေရိကန် တပ်များ ထံ သွားရောက် အဖမ်းခံခဲ့သည်။

 

ဂိုရင်းသည် ဩဇာအာဏာ အရှိဆုံး နာဇီ တဦး လည်း ဖြစ်၍ ၎င်း ကိုယ်တိုင် အစစ်ခံမည့် အရေးကို အားလုံးက စိတ်ဝင်တစား မျှော်လင့်နေခဲ့ကြခြင်းလည်း ဖြစ်ပေသည်။

 

ဂျာမန် လေတပ်၏ အကြီးအကဲ ဖြစ်သူ ဂိုရင်းသည် မတောင့်မတ မကြောင့်မကြ ဘဝ မျိုး ဖြင့် နေလာခဲ့သူ ဖြစ်သည်။ ၎င်း သွားရောက် အဖမ်းခံခဲ့ရာ နေရာမှ မိုင် သုံးဆယ်ခန့်ဝေးသည့် ရဲတိုက်ကြီး တခုတွင် မွေးဖွားကြီးပြင်း ခဲ့သည်။ ဖခင်သည် အစိုးရ အရာရှိကြီး တဦး ဖြစ်ပြီး မိခင်သည် အိမ်ထောင်ရေး ဖေါက်ပြန်ကာ ရဲတိုက် ပိုင်ရှင် နှင့် ညိစွန်းနေခဲ့သည်။

 

ဟာမင်းသည် ငယ်ရွယ်စဉ်ကပင် ကျောင်းအိပ်ကျောင်းစား ပညာသင်ယူခဲ့ရသည်။ ထို့နောက် စစ်တက္ကသိုလ် သို့ ရောက်ရှိလာခဲ့သည်။ ကြည်းတပ်တွင် စစ်မှုထမ်းရန် ရည်ရွယ်ခဲ့သော်လည်း စွန့်စားလိုသည့် စိတ်က အနိုင်ယူသွားခဲ့ပြီး လေတပ်ထဲသို့ ဝင်ခဲ့သည်။ ပထမ တွင်တော့ လေကြောင်း ပျံသန်းရန် ရွေးချယ် မခံခဲ့ရသော်လည်း ပထမ ကမ္ဘာစစ် အတွင်း ရန်သူ လေယာဉ် ၂၂ စီးကို ပစ်ချ နိုင်ခဲ့၍ ဂျာမဏီ၏ အတော်ဆုံး လေသူရဲ များထဲတွင် တဦး အပါအဝင် ဖြစ်လာခဲ့သည်။ ထိုမှတဆင့် Jagdgeschwader 1 ခေါ် Flying Circus ၏ တပ်မှုး အဖြစ် တက်လှမ်းလာခဲ့သည်။

 

မောက်မာ ဝင့်ကြွားတတ်သည့် စိတ်ရင်းခံ ရှိသော ဂိုးရင်းသည် ဂျာမန်တို့ စစ်ရှူံးခဲ့ရမှု အပေါ် နာကျည်း နေခဲ့သည်။ ဂျုး များ နှင့် ချိနဲ့နေသော အစိုးရတို့က ဂျာမန် ပြည်သူ များ အပေါ် သစ္စာဖေါက်ခဲ့ခြင်း ကြောင့်သာ ဖြစ်သည်ဟု ယုံကြည် နေပြန်သည်။

 

နောက်ဆုံးတွင် ၎င်း နှင့် အမြင်ချင်း တူသည် ဂျာမန် စစ်သားဟောင်း တဦး၏ မိန့်ခွန်းကို နားထောင်မိခဲ့သည်။ ထိုစစ်သားဟောင်းသည် အသက် ၃၃ နှစ်သာ ရှိသေးသည့် အဒေါ့ဖ် ဟစ်တလာ ပင် ဖြစ်သည်။ ၎င်း၏ မိန့်ခွန်းကို ၁၉၂၂ အတွင်း မြူးနစ် တွင် ရှိနေစဉ် ကြားခဲ့ရခြင်း ဖြစ်သည်။

 

ဤသို့ဖြင့် ဂိုးရင်းသည် ဟစ်တလာ၏ နာဇီ ပါတီ မူဝါဒ များ အပေါ် လုံးဝဥသုံ ယုံကြည်သွားခဲ့ပြီး နောက်တနေ့မှာပင် နာဇီပါတီသို့ ဝင်ရောက်ခဲ့သည်။ ဟစ်တလာသည် ဂိုးရင်းအား ပါတီ၏ ဖွဲ့စည်းကာစ ရှိသေးသည့် Sturmabteilung (SA) လက်ရုံးတပ်ဖွဲ့ အကြီးအကဲ အဖြစ် ခန့်အပ်လိုက်သည်။ ဟစ်တလာ၏ ဩဇာအာဏာ ကြီးထွားလာသည် နှင့် အမျှ ဂိုးရင်းသည် တန်ခိုး ထွားလာခဲ့သည်။

 

ဟစ်တလာက ထိုသို့ အရေးကြီးသော ရာထူး ကို တိုးမြှင့်ပေးခဲ့မှု အပေါ် "ကျုပ် သူ့ကို သဘောကျလို့ပဲ" ဆိုသော စကား တခွန်းတည်း နှင့် ရှင်းပြသွားခဲ့သည်။

 

၁၉၄၁ မှ ၁၉၄၅ အထိ ဂိုရင်း သည် ဂျာမဏီ၏ ဒုတိယ အဓိပတိ အဖြစ် ဆောင်ရွက်ခဲ့၍ ဒုတိယ ဩဇာ အာဏာ အရှိဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ ဂျာမန် လေတပ်၏ အကြီးအကဲ ဖြစ်သည့် အပြင် သစ်တော နှင့် စီးပွားရေး တာဝန်ခံလည်း ဖြစ်လာခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင် ပြင်သစ်ကို သိမ်းယူခဲ့ပြီးနောက် မကြာမီမှာပင် ဟစ်တလာသည် ဂိုးရင်း ကို ရိုက်ချ်မာရှယ် ဒက်စ် ဂရို့စ်ဒေါ့ချ်ချင်း ရိုက်ခ်စ် (Reichsmarschall des Grossdeutschen Reiches) ဟူသည့် ရာထူးဖြင့် ခန့်အပ်ခဲ့သည်။ ဤရာထူးသည် ပိုမိုကြီးမားသော ဂျာမန် ရိုက်ခ်ျ၏  ရိုက်ချ်မာရှယ် (Reich Marshal of the Greater German Reich) ဟု အဓိပ္ပာယ်ရပြီး နာဇီဂျာမနီတွင် အမြင့်ဆုံး စစ်ဘက်ရာထူး ဖြစ်သည်။

 

ဤသို့ဖြင့် ပထမ ကမ္ဘာစစ် အတွင်းက ထူးချွန် ထက်မြက်ခဲ့သည့် တိုက်လေယာဉ် မှုး လေးသည် ဂျာမန် တို့၏ အပြောအရဆိုရင် "der dicke Hermann" (ဝတုတ် ဟာမန်း) အဖြစ် ‌‌ ပြော စမတ် တွင် လောက်အောင် ဝဖြိုး လာခဲ့သည်။ ဂိုရင်းသည် အထိန်းအကွပ် မရှိ စားသောက်တတ်သူ ဖြစ်သည်။ ခြင်္သေ ကိုပင် အိမ်မွေးတိရစ္ဆာန် အဖြစ် မွေးမြူထားသည်။ အနုပညာ လက်ရာ အမြောက်အမြား ကိုလည်း ယူငင် သိမ်းဆည်း ထားသည်။ ၎င်း အတွက် ယူနီဖောင်းကိုပင် ကိုယ် တိုင် ကိုယ်ကျ ပုံစံ ထုတ် ဝတ်ဆင်ခဲ့သူ ဖြစ်သည်။

 

သူသည် ဟစ်တလာ လို ခြိုးခြိုးခြံခြံ နေတတ်သူမျိုး မဟုတ်ဘဲ ဆန့်ကျင်ဘက် ပျော်ပျော်ပါးပါး နေတတ်သူ ဖြစ်သည်။ ဂိုးရင်း၏ ကြီးမားသော ဉာဏ်ရည်နှင့် အာဏာ မက်‌ မော ခြင်းကို မသိသူများကသာ သူ့အား အထင်သေးကြခြင်း ဖြစ်သည်။

 

**************

 

ဂိုရင်းသည် တရားခွင် တွင် ထွက်ဆိုရာတွင်လည်း နားထောင်သူများ စိတ်ပျက်မသွားအောင် လုပ်ပြ နိုင်ခဲ့သည်။ ပရိသတ် ကို ဆွဲဆောင်နိုင်သည့် အပြောများ နှင့် သူ၏ ကိုယ်ပိုင်ဒဿန များကို တလှည့်စီ ပြောသွား နိုင်ခဲ့သည်။ သူ၏ လေလုံးထွားပြီး ပြောနေသော စကားများကို နားထောင်နေရသော ပူးတွဲ တရားခံ များပင် ရွံရှာလာခဲ့ရသည်။

 

နာဇီ တို့၏ လက်နက် ထုတ်လုပ်ရေး ဖက်တွင် ဒါရိုက်တာ ဖြစ်ခဲ့သူ အဲလ်ဘတ် စပီယားက "အမှု၏ အဓိက တရားခံဖြစ်သူ ဟာမန် ဂိုးရင်း သည် တာဝန်အားလုံးကို ဝင့်ကြွား ထည်ဝါစွာ ယူခဲ့သော်လည်း၊ သူ၏ လိမ္မာပါးနပ်မှုနှင့် အစွမ်းခွန်အားအားလုံးကို အသုံးချ၍ မည်သို့သော ပြစ်မှု တခုတ‌ လေ ကိုမျှ ကိုယ်တိုင်ကိုယ်ကျ ကျုးလွန်ခဲ့ခြင်း မရှိဟု ငြင်းဆိုသွားခဲ့သည်။ သူသည် ယခင်က ဖောက်ပြန်ပျက်စီးသွားသည့် ကပ်ပါးတစ်ကောင် ဖြစ်ခဲ့‌ သော်လည်းအကျဉ်းထောင်ထဲတွင် သူ၏ ပုံစံဟောင်းကို ပြန်လည်ရရှိခဲ့ပြီး တတိယ ရိုက်ခ် ၏ အစောပိုင်း ကာလများကတည်းက ကွယ်ပျောက်သွားသော အသိဉာဏ်၊ ထက်မြက်မှုနှင့် လျင်မြန်သော ဉာဏ်ရည်တို့ကို ပြသနိုင်ခဲ့သည်။" ဟု ရေးသားခဲ့သည်။

 

ဂိုးရင်းသည် ကိုးရက်မျှ ရုံးတော်တွင် အစစ်ခံပြီးနောက် ရပ်နားသွားခဲ့သည်။ အခြား တရားခံ တဦး တလေမျှ ထိုမျှထိ ကြာအောင် ထွက်ဆိုခဲ့ကြခြင်း မရှိ။ "ကျွန်တော့်ကို ဦးဆောင် လမ်းပြခဲ့တဲ့ တစ်ခုတည်းသော အရာကတော့ ကျွန်တော့် လူမျိုးအပေါ်ထားရှိတဲ့ ကျွန်တော့်ရဲ့ ပြင်းပြတဲ့ ချစ်ခြင်းမေတ္တာ၊ သူတို့ရဲ့ ပျော်ရွှင်မှု၊ သူတို့ရဲ့ လွတ်လပ်မှုနဲ့ သူတို့ရဲ့ အသက်ရှင်ရပ်တည်မှုတို့ အတွက်ပဲ ဖြစ်ပါတယ်။ ဒီအတွက် အနန္တတန်ခိုးရှင်နဲ့ ကျွန်တော့် ဂျာမန်လူမျိုး‌ တွေကို သက်သေအဖြစ် ခေါ်ယူပါတယ်' ဟု ၎င်း၏ အပြီးသတ် လျှောက်လှဲချက်ကို မတင်ပြ မီ ချက်ချင်း လို မတ်တပ်ထရပ်၍ ပြောဆို သွားခဲ့သည်။

 

အပြီးသတ် စီရင်ချက်ကို အောက်တိုဘာ ၁ ရက် နေ့တွင် ချမှတ်ခဲ့သည်။ တရားခံများထဲမှ ဆယ်နှစ်ဦး အား သေဒဏ်၊ သုံးဦး အား တသက်တကျွန်း၊ လေးဦး အား ထောင်ဒဏ် ဆယ်နှစ် မှ အနှစ်နှစ်ဆယ် အကြား ချမှတ်လိုက်သည်။ သုံးဦး ကို ကွင်းလုံးကျွတ် လွှတ်ပေးခဲ့သည်။

 

"ကျွန်တော်က ဘယ်တုန်းကမှ ရက်စက်တတ်တဲ့ လူစား မဟုတ်ဘူးဗျ" ဟု ဂိုရင်းက တမနက်တွင် တရားရုံး ခန့် စိတ်ပညာရှင်အား ဝန်ခံခဲ့ဖူးသည်။ "ကျွန်တော် ခပ်ကြမ်းကြမ်း လူဆိုတာတော့ ဝန်ခံတယ်၊ လူ အယောက် ၁,၀၀၀ လောက်ကို လက်စားချေဖို့ ၊ ခင်ဗျား တို့ သဘောရှိ ပြော‌ နေတဲ့ အကြောင်းတွေနဲ့ ပစ်သတ်တယ် ပြောတာ ကျွန်တော် မရှက်ပါဘူး၊ ဒါပေမယ့်ဗျာ ရက်စက်တယ်၊ အမျိုးသမီးတွေ၊ ကလေး တွေကို နှိပ်စက်ညှင်းပမ်းတယ် ဆိုတာကတော့ ဗျာ ကျွန် တော် စိတ်သဘာဝ၊ ကိုယ်ကျင့် တရား နဲ့ ဆိုရင် ဝေလာဝေးပဲ"

 

"ခင်ဗျား တို့ က ကျွန်တော် ပြောနေတာတွေက စိတ်ပိုင်း ဆိုင်ရာ ချို့ယွင်းချက်ကြောင့် လို့ ထင်ကောင်းထင်မယ်၊ ဟစ်တလာ အနေနဲ့ ဒီလို အကျည်းတန်လှတဲ့ အသေးစိတ် ကို ဘယ်လို များ သိပြီးသား ဖြစ်‌ နေမယ် ဆိုတာ ကိုတော့ ကျွန်တော် ခုထိ နားမလည် နိုင်ဘူး၊ ကျွန်တော်ဆို ကျွန်တော် သိထားပြီးသားကို သိတယ်၊ ဖြစ်နိုင်မယ် ဆိုရင် ဟင်မလား ကို ဆယ်မိနစ် လောက် လှမ်းခေါ်လို့ ရရင် ခေါ်ပြီး ခင်ဗျား အဲ့ဒီမှာ ဘာတွေ လုပ်ခဲ့တာလဲ လို့ မေးချင်လှတယ်"