ချင်းဗျန် သေဆုံးသွားခဲ့သော်လည်း ပြဿနာကမူ ပြေလည် သွားခဲ့ခြင်း မရှိပေ။ ဗြိတိသျှ တို့သည်ရခိုင် မှ ထွက်ပြေး ခိုလှုံလာသော ဒုက္ခသည်များ ၎င်းတို့ နယ်မြေ ကို အသုံးပြု၍ မြန်မာ ထဲသို့ ဆက်၍ ဝင်ရောက် တိုက်ခိုက်နေမှု အား မဟန့်တားနိုင်၍ လော၊ သို့တည်း မဟုတ် ဟန့်တားလိုစိတ် မရှိ၍ လော ဆိုသည်ကား ကွဲကွဲပြားပြား ထွက်ပေါ်လာခဲ့ခြင်း မရှိပေ။ ထို့အတွက် စစ်ပွဲ ဖြစ်လာနိုင်သည့် အခြေခံ အကြောင်းရင်း အဖြစ် ဆက်ရှိ နေခဲ့သည်။
ထို သို့ ပြဿနာသည် အချိန်ကြာမြင့်စွာ ဆက်ရှိနေမှူ အား ဘိုးတော်ဘုရားသည် သည်းညည်း မခံနိုင်တော့ဘဲ ဗြိတိသျှ တို့အား စတင် ခြိမ်းခြောက်လာခဲ့သည်။
၁၈၁၇ မေလ တွင် ဘိုးတော်ဘုရားသည် ရခိုင် နယ်စား အား ၎င်း၏ သားဖြစ်သူကို ဗြိတိသျှ အာဏာပိုင်များထံ စေလွတ်ပြီး မပ်ဂ် ဟု ခေါ်သော ရခိုင်လူမျိုးစု သူပုန် များ အား လက်နက်ချဖို့ တောင်းဆိုသည့် စာကို ရေးသား ပေးအပ်ရန် ညွှန်ကြားခဲ့သည်။
"မောင်မင်း၏ နယ်မြေမှ မပ်ဂ်များ သည် ကျွန်ုပ်၏ နိုင်ငံကို ထိခိုက်ပျက်စီးအောင် ပြုလုပ်ခဲ့၍ မောင်မင်း နယ်မြေ အတွင်း ပြန်လာခိုင်းပြီး ထိမ်းသိမ်းထားရန် ဖြစ်သည်။"
ထိုစာထဲတွင် "မဂ်များ အား လွှဲပြောင်းပေးရန် တောင်းဆိုဖို့ အင်းဝ ဘုရင် မင်းတရားကြီးက အမိန့်တော်မှတ်၍ ကျွန်ုပ် မှ သားဖြစ်သူ မောင်ပြင်ကြီး အား အကြည်း တော် ထံ စေလွှတ်လိုက်ရခြင်း ဖြစ်သည်။ ဘုရင် မင်းတရားကြီး နှင့် ဗြိတိသျှ အစိုးရ အကြား ချစ်ကြည် ရင်းနှီးမှု သည် ရွှေ နှင် ငွေ ကဲ့သို့ တည်မြဲနေပြီး ဖြစ်သည်။ ဆွေမျိုးရင်းခြာများ အကြား ချစ်ကြည် ကြသကဲ့သို့ပင် ရှိနေသည်၊ ထိုသို့ ချစ်ကြည်ရင်းနှီးမှု အား အင်္ဂလိပ် အစိုးရဖက်မှ စောင့်ထိမ်း မှု မရှိခဲ့လျင် အမုန့်းပွားရဖို့ ဖြစ်လာနိုင်၍ လျှော်ကန် သင့်မြတ်မှု ရှိမည် မဟုတ်၊ အသင်တို့သည် နိုင်ငံရေးရာ များ ကို မီး နှင့် ကျည် အလား ကြိုးစားခဲ့ကြသည်။
ရခိုင်ရှိ မပ်ဂ်များသည် အင်းဝ မင်းတရားကြီး၏ ကျေးကျွန်များသာ ဖြစ်သည်။ ကျွနုပ်တို့ ပြည်နယ် လေးပြည်နယ် အတွင်းရှိ မပ်ဂ်များကို အင်္ဂလိပ် အစိုးရသည် ကူညီ ခဲ့ယုံမက နေထိုင်ခွင့် ပါ ပေးထားခဲ့သည်။ ထို့အတွက် အကြည်းတော် နှင့် ကျွန်ုပ် တို့ အကြား အငြင်းပွားမှုသည် မီးတောက်ကြီးကဲ့သို့ ဖြစ်လာပေလိမ့်မည်။
အကြည်းတော် အနေဖြင့် ၎င်းတို့ကို ကျွန်ုပ်တောင်းဆိုသည့် အတိုင်း မဆိုင်းမတွ ပြန်လည် မထားရှိက ကျွန်ုပ်တို့ နှစ်နိုင်ငံ အကြား ချစ်ကြည် ရင်းနှီးမှု ပျက်ပြားသွားရဖို့သာ ရှိတော့သည်။ ထို့အတွက်ကြောင့် ချစ်ကြည်ရင်းနှီးမှု ဆက်လက် ခိုင်မြဲ နေစေရန် မပ်ဂ်များအား ပြန်လည် လွှဲပြောင်းပေးပါဟု ကျွန်ုပ် စာရေးသား ပေးပို့လိုက်ရပါသည်။"
ဗြိတိသျှ တို့ဖက်က ရာဇသံ ပေးပို့လာသည်ကို မကျေမနပ် ဖြစ်သွားခဲ့ကြသည်၊ ဘုရင်ခံချုပ် ဖြစ်လာသည့် လော့ဒ် ဟေစတင်းစ်သည် ပဲခူး နယ်စားထံ ယခုလို မရေမရာ စကားများ နှင့် အကြောင်းပြန်လာခဲ့သည်။
"ဗြိတိသျှအစိုးရသည် ၎င်းတို့၏ အကာအကွယ်ကို ယူလာကြသော၊ ထိုအထဲမှ တချို့မှာ ၎င်း၏ နယ်မြေအတွင်း အနှစ် ၃၀ ကြာ နေထိုင်ခဲ့ကြသော လူအုပ်စုတစ်စုကို လွှဲပြောင်းပေးအပ်မည်ဆိုပါက မိမိတို့ အမြဲတမ်း ကျင့်သုံးနေသည့် တရားမျှတမှုဆိုင်ရာ မူဝါဒများကို ချိုးဖောက်ရာ ကျမည် ဖြစ်၍ မအပ်နှင်းနိုင်ပါ”။
ထိုစာထဲတွင်ပင် အရှင်မင်းမြတ် အနေဖြင့် နယ်ခြားဒေသ အေးချမ်းရေး အတွက် အနှောက်အယှက်များကို တားဆီးရန် မျက်ခြေမပြတ် စောင့်ကြည့် နေသော ဗြိတိသျှ အရာရှိများကို အားကိုးနိုင်ပါသည် ဟုလည်း ပါရှိခဲ့သည်၊ သို့သော် နယ်ခြားဒေသတွင် မကြာခဏ နှောက်ယှက်ခံနေရ၍ ဘိုးတော် ဘုရား၏ စိတ်ပူပန် နေရမှု များကို တော့ အနည်းငယ်မျှပင် လျော့ပါးမသွား စေနိုင် ခဲ့၍ စစ်တကောင်းသို့ စစ်ချီရန် ဆုံးဖြတ်ခဲ့သည်၊
သို့သော် ရမ်းဗြဲ နယ်စားအား နောက်ထပ် ခြိမ်းခြောက်စာတစောင် ရေးသားပြီး ဘုရင်ခံချုပ် ထံ ပေးပို့ရန် ညွန်ကြားခဲ့ပြန်သည်။ ၎င်း၏ အာဏာစက် မည်မျှထိ ကျယ်ပြန့်သည်ကို ဗြိတိသျှ တို့ အထင်ကြီးသွားအောင် ရည်ရွယ်ခဲ့ပုံ ရသည်။
ထိုအချိန်က မြန်မာတို့ စိတ်ဓါတ် စစ်ဆင်ရေး စစ်ပွဲ အသွင် မည်သို့ မည်ပုံ ဆင်နွဲ ခဲ့သည်ကို နမူနာ အဖြစ် စာပါ အကြောင်းအရာ အချို့ကို ဖေါ်ပြလိုပေသည်။
"စကြဝဠာကို အစိုးရတော်မူသော ကျေးဇူးတော်ရှင် ဘဝရှင်မင်းတရားကြီး ၏ အလွန်ဘုန်းတန်ခိုး ကြီးလှသည့် ဂုဏ်ကျေးဇူးနှင့် ပြည့်စုံတော်မူသည့် ဆင်ဖြူရှင်၊ ဓမ္မသတ်ကျမ်းဂန်တို့ကို အမြဲရိုသေစွာ လိုက်နာတော်မူသော၊ ဒသရာဇဓမ္မ မင်းကျင့်တရားဆယ်ပါးနှင့် ရှေးလွန်လေပြီးသော မင်းကောင်းမင်းမြတ်တို့၏ ကောင်းမှုတော်များကို ကျင့်ကြံအားထုတ်တော်မူသော၊ မနီးမဝေး သတ္တဝါအပေါင်းတို့အား ချီးမြှင့်မစတော်မူသော၊ နတ်ဘီလူးတို့ပင် မဖျက်ဆီးနိုင်သည့် ထူးခြားသော လက်နက်တော်များ ပိုင်ဆိုင်တော်မူသော အစရှိသော ဘုန်းတော်သတင်းများကို တန်ဆောင်မီးပမာ လွှမ်းမိုးတော်မူသည့် အရှင်၏ ရွှေကြာဖူးနှင့် တူသော ခြေတော်အစုံအောက်တွင် ဦးခိုက်လျှောက်တင်ရင်း၊ အရှင်မင်းတရားကြီး၏ အမိန့်တော်များကို နာခံလျက် ရမ်းဗြဲမြို့စား ကျွန်ုပ် နာမေဩသူရက ဘင်္ဂလား ဘုရင်ခံချုပ်ထံ သံတော်ဦးတင် လျှောက်ထားရသည်မှာ၊ အကျွန်ုပ်တို့၏ ကြီးမြတ်တော်မူသော ဘုရင်မင်းတရားကြီးသည် ကျယ်ပြန့်သော ကမ္ဘာလောကတစ်ခွင်လုံးတွင် အတုမရှိသော ဘာသာတရားကို ရိုသေကိုင်းရှိုင်းမှုနှင့် တရားမျှတမှုတို့ကြောင့် ထင်ရှားကျော်ကြားတော်မူပါသည်..."
ထိုစာထဲတွင် စစ်တကောင်း၊ မူရှီဒါဗတ်၊ ရာမူး နှင့် ဒက္ကား တို့သည် အင်္ဂလိပ် အပိုင် မဟုတ်၊ မူလက ရခိုင် အစိုးရ လက်အောက်ခံ ဖြစ်၍ ယခု အခါ ဗမာတို့၏ အချုပ်အခြာ အာဏာအောက်တွင် ရှိနေသည်ဟု ပါရှိခဲ့သည်။ အင်္ဂလိပ် ကုမ္ပဏီ ဘုရင်ခံချုပ် အနေဖြင့် ထိုနယ်မြေများကို စွန့်လွှတ်ပြီး ယခင်က ကောက်ခံရရှိထားသော အခွန် မှန်သမျှ ကို ကျွန်ုပ် တို့ အစိုးရသို့ ပြန်လည် လွှဲပြောင်းပေးရမည်ဟုလည်း ဆိုသည်။
"ငြင်းပယ်မည် ဆိုက ကျွန်ုပ်တို့၏ လွန်စွာ အစွမ်းထက်မြက်သော ဗိုလ်ချုပ်ကြီးများ၏ ကြည်းကြောင်း နှင့် ရေကြောင်းမှ စစ်ဆင်ခြင်း ခံရလိမ့်မည်။ ကျွနုပ် ကိုယ်တိုင်လည်း ဝင် ရောက် စီးနင်းပြီး အင်္ဂလိပ် ပိုင် ပစ္စည်းဥစ္စာ များ ကို ဖျက်ဆီး သိမ်းယူ ရလိမ့်မည်၊ သိမ်းယူခဲ့သည် များ အားလုံးကို ရွှေနန်းရှင် အစိုးရ အား ဆက်သမည်။ ယခုစာကိုလည်း ကျွနုပ်တို့၏ တောင်းဆိုချက် ကို သိစေရန် ဘုရင်ခံချုပ်ထံ ရေးသား ပေးပို့ လိုက်ရခြင်း ဖြစ်သည်ဟု လည်း ပါရှိခဲ့သည်။
ထိုစာသည် ဗြိတိသျှ ပိုင် နယ်မြေ အား ကျူးကျော် မည်ဟု ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်လိုက်ခြင်း ပင် ဖြစ်သည်။ လောဒ် ဟေစတင်က ယခုစာအား အင်းဝဘုရင်မှ နှုတ်ထွက် အတိုင်း ရေးသားခဲ့သည်ဟု သူ့အနေဖြင့် ယူဆခဲ့ မည်ဆိုက ဗြိတိသျှ အစိုးရ အနေဖြင့် စစ်ကြေညာဖို့ အကြောင်း ခိုင်လုံသွားပြီ ဖြစ်၍ ထိုမှတဆင့် မင်းတရားကြီး ပိုင် အင်ပိုင်ယာ ၏ ကုန်သွယ်ရေး ကို ဖျက်ဆီးပစ်ရလိမ့်မည်ဟု ပြန်လည် တုန့်ပြန်ခဲ့သည်။
အင်းဝ ဖက်က စစ်ချီရန် ပြင်ဆင်နေချိန်မှာပင် ဘိုးတော်ဘုရား နတ်ရွာစံသွားခဲ့သည့် အတွက် ရပ်ဆိုင်းသွားခဲ့ရသည်။ မြေးတော်သူ ဘကြီးတော်သည် အတိုက်အခံ မရှိဘဲ ထီးနန်းကို စိုးစံလာခဲ့သည်။ သူသည် ဘိုးတော်ဘုရား ကဲ့သို့ပင် မာနကြီးပြီး စိတ်လိုလက်ရ လုပ်တတ်သူဟု ဆိုကြသော်လည်း အရည်အချင်းမှာ အစစအရာရာ နည်းပါးသည်။ ထို့ပြင် သူ၏ ဒုတိယဇနီးဖြစ်သူ၏ (နန်းမတော် မယ်နု) လွှမ်းမိုးထားခြင်း ခံခဲ့ရသည်။ ထိုမိဖုရားသည် လှပသူမဟုတ်သော်လည်း သူမ၏ အာဏာစက်ကြီးမားမှုကို စုန်းအတတ် ကြောင့်ဟု ယူဆ သမုတ်ကြသည်။ မည်သို့ပင်ဆိုစေ၊ သူမသည် ရည်မှန်းချက်ကြီးသူ ဖြစ်သည်မှာ သေချာသည်။ ထို့ပြင် သူမသည် နန်းတက်လာသူ ဘကြီးတော် အား အဘိုးဖြစ်သူ၏ မူဝါဒအတိုင်း ဗြိတိသျှတို့ကို စိန်ခေါ်ရန် အားပေးလှုံ့ဆော်ခဲ့သည်။
ဘကြီးတော်သည် နန်းတက်ပြီးလျင် ပြီးချင်း မြောက်ပိုင်းသို့ လှည့်လာခဲ့သည်။ အိန္ဒိယ နှင့် ကာချာ နယ်သာ ခြားသော မဏိပူရ နိုင်ငံငယ်လေး၏ စော်ဘွားသည် ဘကြီးတော်၏ နန်းတက်ပွဲ သို့ အခစား ဝင်ရန် ပျက်ကွက်ခဲ့သည်။ မိဖုရား ၏ တိုက်တွန်းမှု ဖြင့် စော်ဘွားအား နန်းချပြီး မဏိပူရ ကို သိမ်းယူရန် ဘကြီးတော်က ဆုံးဖြတ်လိုက်သည်။
မိုးရာသီ ကုန်ဆုံးသည် နှင့် မဟာဗန္ဓုလ ဦးဆောင်သည့် စစ်တပ်ကြီးကို စေလွှတ်လိုက်သည်။ အချိန်တို အတွင်းမှာပင် မဏိပူရ ကို သိမ်းပိုက် နိုင်ခဲ့သည်။
ဤသို့ဖြင့် မြန်မာသည် ဗြိတိသျှ တို့ အား တိုက်ခိုက်ရန် အိန္ဒိယ နှင့် ကချာ မြစ်သာ ခြားသည့် နေရာ သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဗြိတိသျှ တို့က ရှေ့ဆက်မတိုးလာအောင် ဟန့်တားခဲ့ပြီး ချက်ခြင်းလို ကချာ သို့ တပ်များ စေလွှတ်ခဲ့ပြီး ၎င်းတို့၏ အစောင့်ရှောက်ခံ အဖြစ် ကြေညာခဲ့သည်။
ဘကြီးတော်သည် အောင်ပွဲရ မဟာဗန္ဓုလ ၏ တပ်များကို အာသံသို့ စေလွှတ်ခဲ့ပြန်သည်။ ဗြိတိသျှ တို့ လက်နက်တပ်ဆင်ပေးထားသော အာသံ တပ်များ ကို နှိမ်နှင်းခဲ့ပြီး မြန်မာ ပိုင် ပြည်နယ် တခု အဖြစ် ကြေညာလိုက်သည်။
အောင်ပွဲများ ဆက်တိုက်ရလာသော မြန်မာတပ်များသည် နတ်ဖ် မြစ်ဝရှိ ရှင်မဖြူ ကျွန်းကို တိုက်ခိုက်လာခဲ့သည်။ နတ်ဖ် မြစ်သည် စစ်တကောင်း နှင့် ရခိုင် အကြားရှိ နယ်ခြား မြစ်လည်း ဖြစ်သည်။ ရှာပူရီ ခေါ် ရှင်မဖြူ ကျွန်းသည် ဗြိတိသျှ တို့ သိမ်းပိုက်ထားရာ နယ်မြေ အဖြစ် ကာလကြာမြင့်စွာ ကတည်းက အသိအမှတ်ပြုထားခဲ့ပြီးလည်း ဖြစ်သည်။ ကျွန်းပေါ်ရှိ အစောင့်များကို သတ်ဖြတ်ကာ မြန်မာ တို့က အလံ လွှင့်ထူပြီး ပြန် ဆုတ်လာခဲ့သည်။
ဗြိတိသျှ တို့ဖက်မှ ကန့်ကွက်လာသည်ကို အင်းဝ ဘုရင်ကိုယ်စား ရခိုင် နယ်စားက ရိုင်းစိုင်းစွာ တုန့်ပြန်ခဲ့သည်။ "ငြိမ်းချမ်းရေး လိုချင်ရင် တိတ်တိတ် နေပါ၊ သို့သော် [ရှာပူရီ] ကျွန်း၊ ရှင်မဖြူ ပေါ်တွင် ခံတပ်မြို့ရိုးကို ပြန်တည်ဆောက်မည် ဆိုလျင်၊ မူလက ရခိုင်ဘုရင်ပိုင်ဆိုင်ခဲ့သည့် ဒါကာမြို့နှင့် မူရှီဒါဗတ်မြို့တွေကို လက်နက်အင်အားသုံးပြီး သိမ်းယူစေမယ်။"