လူကာ ရှင်ကို ထံမှ စစ်အုပ်စု ဘာ‌ တွေ လေ့လာ သင်ယူ နိုင်မည်နည်း

by Hla Soewai - Dec 02 2025

ဘဲလာရုစ် သမ္မတ အလက်ဇန်ဒါး လူကာရှင်ကိုသည် မြန်မာ သို့ တရားဝင် ခရီး ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ပုံမှန် အခြေအနေ ဆိုက ထိုကဲ့သို့ ခရီးစဉ် မျိုးကို သတိပြုမိကြမည် မဟုတ်သော်လည်း စစ်အုပ်စု အဖို့ အကျပ်အတည်း နှင့် ရင်ဆိုင်နေရသည့် ယခုလို အချိန်တွင်တော့ နေပြည်တော်သို့ ရောက်လာသော ပြည်ပ ခေါင်းဆောင်များ၏ ခရီးစဉ်ကိုတော့ စိတ်ဝင်တစား ရှိလာကြသည်။

 

လူကာရှင်ကိုသည် စစ်အုပ်စု အာဏာ သိမ်းပြီးနောက် နေပြည်တော်သို့ ဒုတိယ‌ မြောက် ခြေချ ခဲ့သည့် ပြည်ပ ခေါင်းဆောင် ဖြစ်သည်။ ၎င်းမတိုင်မီ ပထမဆုံး ရောက်လာခဲ့သူက ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်သာ ရှိခဲ့ဖူးသည်။ သို့သော် ဟွန် ဆန်သည် ဝန်ကြီးချုပ် ဖြစ်၍ နိုင်ငံအကြီးအကဲ မဟုတ်‌ သေး ဟု ယူဆမည် ဆိုလျင် သမ္မတ အလက်ဇန်ဒါး လူကာရှင်ကိုအား ပထမဆုံး ရောက်လာသော နိုင်ငံ အကြီးအကဲ ဖြစ်ပေသည်။ ထို့အတွက်လည်း လူကာရှင်ကို ၏ ခရီးစဉ် ကြောင့် ၎င်းတို့ ကမ္ဘာအလယ် တွင် မည်မျှ အထိ အပယ်ခံဘဝ ရောက်နေရသည်ကို မီးမောင်းထိုးပြသလို ဖြစ်သွားရသည်။

 

လူကာ ရှင်ကို သည် မြန်မာတနိုင်ငံတည်းကိုတော့ ဦးတည်လာခဲ့ခြင်း မဟုတ်၊ အိုမန်၊ အယ်ဂျီရီယား နှင့် ကာဇာတ်စတန် နိုင်ငံများသို့ပါ ခြေဆန့်ဦးမည် ဖြစ်သည်။ မင်းအောင်လှိုင် နှင့် လူကာရှင်ကို တို့ လေးကြိမ်မြောက် တွေ့ဆုံပွဲလည်း ဖြစ်ပေသည်။ ပြီးခဲ့သည့် မတ်လ အတွင်း က မင်းအောင်လှိုင်သည် ဘဲလာရုစ် သို့ သွားရောက်ခဲ့ပြီး ဖြစ်၍ အပြန်အလှန် အနေဖြင့် ရောက်ရှိလာခဲ့ခြင်းဟု ဆို၍ ရပေသည်။

 

၎င်းအား အတီးအမှုတ် အကအခုန်များနှင့် အလံများ ဝှေ့ရမ်းပြီး နိုင်ငံတော် အခမ်းအနား ဖြင့် ကြိုဆိုခဲ့ကြသည်။ လူကာရှင်ကို အားလည်း ၎င်းတို့ ရွေးကောက်ပွဲ ကို ထောက်ခံသည့် အသွင်ရောက်အောင် ချိန်ကိုက် စီစဉ်ခဲ့ခြင်းလည်း ဖြစ်သည်။

 

လူကာရှင်ကို ၏ ခရီးစဉ်သည် ၂၄ နာရီပင် မပြည့်ခဲ့သော်လည်း သိပ္ပံ၊ နည်းပညာ နှင့် စီးပွားရေး ဆိုင်ရာသဘောတူညီချက် ၁၈ ခုကို မာရသွန် လက်မှတ်ရေးထိုး သွားခဲ့သည်။ 

 

ထိုခရီးစဉ်သည် ကမ္ဘာ အပယ်ခံ တို့ လက်ချင်းချိတ်ကြသည့် ပွဲလည်း ဖြစ်သည်။ သို့သော် ထိုထက် ပို၍ လေးနက်သော တစုံတရာ ရှိနိုင်သလားဟု ဆန်းစစ်ရမည် ဖြစ်သည်ဟု Modern Diplomacy ဝက်ဆိုက်မှ ယခုလို သုံးသပ်ထားသည်။

 

ယခင် စုပေါင်းလယ်ယာ၏ ဒါရိုက်တာ တဦး ဖြစ်ခဲ့သော လူကာရှင်ကိုသည် ၁၉၉၄ တွင် ရွေးကောက်ပွဲ ဖြင့် သမ္မတ ဖြစ်လာခဲ့သူ ဖြစ်သည်။ ထိုအချိန်ကစ၍ အနောက်ကို ဆန့်ကျင်သည့် ရုရှားလိုလားသော ကြားခံ နယ်ရုပ်လေး တရုပ် ဖြစ်လာခဲ့သည်။ သို့သော် လူကာရှင်ကိုသည် နိုင်ငံ လွတ်လပ်ရေး ကို တော့ အထိခိုက် မခံဘဲ ကြံ့ကြံ့ခံ ကာကွယ်ခဲ့သူ ဖြစ်သည်။

 

နိုင်ငံတကာ ဆက်ဆံရေးတွင် Multi-Vectorism ခေါ် ဘက်ပေါင်းစုံ ချည်းကပ်မှု ဝါဒ ကို ကျင့်သုံးလာခဲ့သည်။ ယင်းသည် မည်သည့် ဘက်မှ မပါဝင်သော ဘက်မလိုက် မူဝါဒ ထက် ပို၍ ထိရောက်သည်။ ရုရှား နှင့် အီးယူ အမေရိကန်တို့ အကြား တင်းမာမှု မြင့်တက်နေချိန်တွင် အားလုံး နှင့် ထိတွေ့ဆက်ဆံခဲ့သည်၊ မည်မျှပင် ရုရှား လိုလားသည် ဆိုစေကာမူယခု ထိလည်း ယူကရိန်းစစ်တပ်အား ရုရှားရေနံမှ ထုတ်လုပ်သည့် ဒီဇယ်ဆီများ ရောင်းချပေးနေဆဲ ဖြစ်သည်။

 

ရုရှားသည် ၎င်းအာဏာ ဆက်လက်တည်မြဲရေး အတွက် အာမခံ ပေးထားသော်လည်း ၎င်း အကျိုးရှိရာ ရှိကြောင်း လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ကို ထိမ်းသိမ်းထားနိုင်ခဲ့သည်။

 

ဝါရှင်တန် နှင့် ဆက်ဆံရေးကို ဆက်၍ တည်မြဲနေ အောင် ထိန်းသိမ်းထားသည်။ ဘီဂျင်းကလည်း ၎င်းအပေါ် သက်သက်ညှာညှာ ဆက်ဆံခဲ့သည်။

 

မြန်မာ စစ်အုပ်စု မှ နိုင်ငံတကာ ၏ အသိအမှတ်ပြုခံရရေး အရမ်းကာရော မျှော်လင့်နေချိန်တွင် လူကာ ရှင်ကိုသည် နေပြည်တော်သို့ ရောက်လာခြင်းလည်း ဖြစ်သည်။ စစ်ဗိုလ်ချုပ်များက ၎င်းအား ဝါရှင်တန် နှင့် ဆက်ဆံရေး ကောင်းလာဖို့ အောင်သွယ် လုပ်ခိုင်းဖို့ ရည်ရွယ်နေသည်လား ဆိုသည်က ပြောရခက်လှသည်။ သို့သော် ထိုနည်းလမ်းသည် ဒေါ်လာ သန်း နှင့် ချီ ကုန်ကျခဲ့ပြီး အလုပ် မဖြစ်သည့် အမေရိကန် ရှိ လော်ဘီ ကုမ္ပဏီ များ နှင့် စာလျင် ပို၍ နှစ်လိုဖွယ် ဖြစ်လာရသည်။ စစ်ဗိုလ်ချုပ်များက လူကာရှင်ကို အား အသုံးချပြီး အိမ်ဖြူတော်မှ ၎င်းတို့အပေါ် အပေါင်းလက္ခဏာ ဆောင်မည့် စိတ်ဝင်စားမှု များ ရှိလာရန် အောင်သွယ် ခိုင်းကောင်း ခိုင်းလာနိုင်သည်။

 

မြန်မာသည် တရုတ် နှင့် ထိစပ်နေသလို ဘဲလာရုစ်သည်လည်း ရုရှား နှင့် ကပ်နေသည်။ ထို့အတွက် နှစ်နိုင်ငံ စလုံးသည် အင်အားကြီး နှစ်နိုင်ငံ အကြား ညပ်နေသည့် နိုင်ငံငယ်များ ဖြစ်နေသည်။ မြန်မာ တွင် တရုတ်၏ ရေနံ ပိုက်လိုင်း ရှိနေသလို ဘဲလာရုစ် တွင်လည်း ရုရှား၏ ဒရူးရှ်ဘာ ပိုက်လိုင်း ရှိနေသည်သို့သော် ဘဲလာရုစ်သည် မြန်မာ လို မဟုတ်ဘဲ မဟာဗျူဟာ အရ လွတ်လပ်စွာ လှုပ်ရှားနိုင်နေသည်။

 

ဘဲလာရုစ်သည် ၎င်းတို့၏ ဘက်ပေါင်းစုံ ချည်းကပ်မှု ဝါဒ ကို စစ်‌ဗိုလ်ချုပ်များအား သင်ကြားပေးပြီး တရုတ်၏ အမှီအခို မှ မည်သို့ လွတ်မြောက်အောင် လုပ်ရမည်ဆိုသည့် နည်းလမ်းကို ပြသပေးနိုင်မည့် ဆရာသမား ဖြစ်လာနိုင်သည်။

 

လူကာ ရှင်ကိုသည်လည်း ၁၉၉၄ မှစ၍ ရွေးကောက်ပွဲ များအား မဲမသမာ မှုများ နှင့်ခုနှစ်ကြိမ်တိုင်တိုင် ကျော်ဖြတ်လာနိုင်ခဲ့သူ ဖြစ်၍ စစ်အုပ်စု၏ ရွေးကော်မှ လေ့လာရေး အဖွဲ့ပင် စေလွှတ်ခဲ့ရသည်။ သို့သော် စစ်အုပ်စု ကဲ့သို့ မဟုတ်ဘဲ ၎င်းအား အပြင်းအထန် ဆန့်ကျင်သူများထဲမှ အချို့ကို သူ့ဖက်ပါအောင် စည်းရုံးနိုင်ခဲ့၍ စစ်ဗိုလ်ချုပ်များလည်း အတုခိုး လာနိုင်သည်။

 

လူကာရှင်ကို ၏ အပယ်ခံဘဝ မှ ရုန်းထွက်နိုင်မည့် နိုင်ငံခြားရေး မူဝါဒ မျိုး အားကျကောင်း အားကျ လာနိုင်ပေသည်ဟု ဆောင်းပါး တွင် ရေးသားထားသည်။

 

 သေချာသည်ကတော့ လူကာရှင်ကို ၏ နှစ်ပေါင်း သုံးဆယ် နီးပါး အာဏာကို ဆုပ်ကိုင်ထားနိုင်ခဲ့သည့် နည်းလမ်း ကိုတော့ ဦးစားပေး အတုယူ ပေလိမ့်မည်။

 

လူကာရှင်ကို က မင်းအောင်လှိုင်ကို "ရှားရှားပါးပါး ခေါင်း‌ ဆောင်" ဟု ပြောယုံမက "နေစဉ် နှင့် အမျှ တိုင်းပြည် အတွက် မနားမနေ လုပ်နေသည့် သူလို လူမျိုး မတွေ့ဖူးဘူး" ဟု ပင် ပြောသွားသည်၊ အကယ်၍ လူကာရှင်ကိုသည် လေယာဉ် ပေါ်တွင် မြန်မာ နှင့် ပတ်သက်သော ထောက်လှန်းရေး အစီရင်ခံစာများကို လှန် လှော ဖတ်ရှု ကြည့်မည်ဆိုက တိုင်းပြည် အတွက် အစား "သူ ရှင်သန် နိုင်‌ ရေးအတွက်" ဟု စိတ်ထဲက အစားထိုး ပြောနေပေလိမ်မည်။ နေ့စဉ် နှင့် အမျှ ပြည်သူများကို တိုက်လေယာဉ် များ လွှတ်ပြီး ဗုံးကြဲ သတ်ဖြတ်နေသည့် ရှားရှားပါးပါး ခေါင်းဆောင်ဟူ၍သာ ကြားရသူ အပေါင်းသဘောပေါက်စေမည့် အပြောမျိုး ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!