ဂေါ်ကီ ၏ အမေ(39)

by Hla Soewai - Dec 02 2025

အမေက ရီဂေါ၏ စကားကို လက်တကာ ကာ နှင့် ငြင်းလိုက်သည်။

 

"မဖြစ်ပါဘူး၊ ဒီမိန်းမက ပစိပစပ် အရမ်းများတာ၊ သူ့ဆီ က တဆင့် ကျမ အဲ့လို ပြောတာကို သိသွားကြရင်၊ မဖြစ်ပါဘူး"

 

အမေသည် ထိုသို့ ပြောရင်းက ရုတ်ခြည်း ဆိုသလို အကြံ တခု ရသွားပြီး ဝမ်းသာအားရ ဖြင့်.....

 

"ကျမကို ပေး၊ ကျမ ကိုသာ ပေးလိုက်၊ ကျမ ဖာ ကျမ ကြည့်စီစဉ်ပြီး နည်းလမ်း ရှာကြည့်မယ်၊ ကျမ ဝင်ငွေ လေး ဘာလေး ရအောင် သူနဲ့ ဝိုင်းကူ ရောင်းပေး ပါရစေလို့ မာယာ ကို ပြောကြည့်မယ်၊ ကျမလည်း အလုပ်လုပ်ရတော့မယ်လေ၊ ဟုတ်တယ် မဟုတ်လား၊ စက်ရုံမှာ ညစာ သွားရောင်းပေးမယ်၊ ကျမ လုပ်နိုင်တယ်။"

 

ရင်ပတ်ကို လက်နှင့် ဖိရင်းက ထိုအလုပ်ကို မည်သူမျှ မသိအောင် ကောင်းစွာ လုပ်နိုင်ကြောင်း ကမန်းကတမ်း အာမခံလိုက်သည်။ ထို့နောက် "ပါဗယ် ဗီလာဆော့ဗ် ရဲ့ လက်တွေက ထောင်ထဲ ရောက်နေတာတောင် အပြင်ကို ဆန့်ထုတ် နိုင်တယ် ဆိုတာ ဒင်းတို့ သိစေရမယ်" ဟု အောင်နိုင်သူ တဦး၏ လေသံ ဖြင့် ကြွေးကြော်လိုက်သည်။

 

သူတို့ သုံးယောက်စလုံးလည်း စိတ်အား တက်ကြွလာကြသည်။ ရီဂေါက သူ့ လက်နှစ်ဖက်ကို ပွတ်လိုက်ရင်းက "အဖွား အကြံက အံ့မခန်းပဲ၊ သိတ်ကို ကောင်းလွန်းတယ်"

 

"ဒီအလုပ်သာ အောင်မြင်သွားရင် ကျွန်တော်တော့ ထောင်ထဲ မှာ မိန့်မိန့်ကြီး ထိုင်နေလိုက်တော့မယ်ဗျာ" ဟု ဆမွိုင်လော့ဗ် က ရီရီမောမော နှင့် ပြောလိုက်သည်။ ရီဂေါ ကလည်း "အဘွား တကယ်တော်တယ်ဗျာ"

 

အမေက လက်ကမ်း စာစောင်များ အရင်လိုပင် စက်ရုံ ထဲ ပျံ့နှံ့ တော့မည်ကို မြင်ယောင်မိပြီး ပြုံးလိုက်သည်။ ထိုအခါ အာဏာပိုင်တွေ က စာရွက်စာတမ်း များ ဖြန့်ဖြူးနေသူသည် သူ့သား မဟုတ်ဆိုသည်ကို သိလာကြ ပေတော့မည်။ ကြိမ်းသေပေါက် အောင်မြင်ရမည် ဆိုသည့် အတွေးဖြင့် သူမ တကိုယ်လုံး အပျော်များ စိမ့်ဝင်လာ၍ ကတုန်ကယင် ပင် ဖြစ်လာခဲ့သည်။

 

"ခင်ဗျား ပါဗယ်ကို သွားတွေ့ရင် ပြောလိုက်ဗျာ သူ့ မှာ အရမ်းတော်တဲ့ အမေ တယောက် ရှိနေတယ် ဆိုတာ" ဟု ရီဂေါ က ဆမွိုင် လော့ဗ် ကို လှမ်း ပြောလိုက်သည်။

 

"ကျွန်တော် လည်း သိတ်မကြာဖူး တွေ့တော့မှာပါ၊ ကြိမ်းသေ ပြောလိုက်ပါမယ်"

 

အမေက ဆမွိုင်လော့ဗ် လက်ကို ဖမ်းဆုပ်ပြီး အားတက် သရော နှင့် "ပြောဖြစ်အောင် ပြောလိုက်နော်၊ လိုအပ်တာတွေ မှန်သမျှ ကျမ အားလုံး လုပ်ပေးမယ် ဆိုတာ သူ့ကို သိစေချင်လို့ပါ"

 

"တကယ်လို့ သူ့ကို ထောင်ထဲ ထည့်မထားဘူး ဆိုရင်ကော" ဟု ရီဂေါ က ဆမွိုင်လော့ဗ် ဖက် လှည်ပြီး မေးလိုက်သည်။

 

အမေ က သက်ပြင်း တချက် ချလိုက်ပြီး ဝမ်းနည်းသံဖြင့် "အဲ့တာ ဆိုလည်း ဘယ်တတ်နိုင်ပါ့မလဲ"

 

သူ့ စကားကြောင့် နှစ်ယောက်စလုံးက ခွက်ထိုး ခွက်လန် ရယ်လိုက်ကြသည်။ အမေလည်း သူ ပြောလိုက်သည်က ရယ်စရာ ဖြစ်သွားသည်ကို သိလိုက်ရ၍ ရှက်ရှက် နှင့် ရယ်လိုက်ပြန်သည်။ ပြီးနောက် မျက်လွှာကို ချရင်း "ကိုယ့် လူကို ပဲ စိတ်ပူပန်နေရတော့ အခြားလူတွေကို ရှင်းရှင်း မမြင်နိုင်ဘူး ဖြစ်သွားတယ်"

 

"လူတိုင်း ဒီလိုချည်းပါပဲ အဖွားရာ၊ ပါ‌ဗယ် အတွက်တော့ စိုးရိမ်စရာ မလိုပါဘူး၊ ထောင်က ထွက်လာရင် အရင်ကထက် တောင် ပိုပြီး တော်လာဦးမယ်၊ ထောင် ဆိုတာက ကျွန်တော်တို့ အတွက် နားနားနေနေ နဲ့ အပြင်မှာ ရှိနေရင် အချိန်မရလို့ လေ့လာစရာ ရှိတာတွေ လေ့လာရမယ့် နေရာမျိုး၊ ကျွန်တော် ထောင်ထဲ သုံးခါ တောင် ဝင်ဖူးတယ် အဖွားရေ၊ ရောက်သွားတဲ့ အခါတိုင်းလည်း သဘောကျ တယ် ဆိုတာ ဘယ်ရှိပါ့မလဲ၊ ဒါပေမယ့် ကျွန် တော် နှလုံးသား နဲ့ စိတ် အတွက်တော့ အကျိုးရှိအောင် လုပ်နိုင်ခဲ့တာချည်းပဲ" ဟု ရီဂေါ က ရှင်းပြသည်။

 

"မင်းကြည့်ရတာ အသက်ရှု ကျပ်နေသလို ဖြစ်နေပါလား" ဟု အမေက ကြင်ကြင်နုာနာ ဖြင့် မေးလိုက်သည်။

 

"အဲ့တာကလည်း ထူးထူးခြားခြား အကြောင်း‌ ‌တွေ ရှိခဲ့လို့ပေါ့ အဖွားရာ၊ အခု ပြဿနာ ပြေလည် သွားပြီနော်၊ ဟုတ်တယ် မဟုတ်လား၊ မနက်ဖန် ကျ ကျွန်တော်တို့ ပစ္စည်းတွေ လာပို့ပေးမယ်၊ ဒီအတိုင်းဆို နှစ်ပေါင်းများစွာ ကြာမြင့်လာတဲ့ အမှောင်ထု ကြီး ကို ဖြိုခွင်းမယ့် ဘီးကြီး နောက်တကြိမ် ပြန်လည်လာတော့မယ် ပေါ့၊ လွတ်လပ်စွာ ပြောဆိုခွင့် အဓွန့် ရှည်ပါစေ!၊ မိခင်တွေရဲ့ နှလုံးသားလည်း အဓွန့်ရှည်ပါစေ!၊ လောလောဆယ် တော့ နှုတ်ဆက်ပါတယ် အဖွားရေ"

 

ဆမွိုင်လော့ဗ်ကလည်း ဂွတ်ဘိုင်ဟု ပြောရင်း အမေ့လက်ကို ကိုင်ကာ အားရပါးရ လက်ဆွဲ နှုတ်ဆက်ပြန်သည်။ "ဒီလို ကိစ္စမျိုးတွေ ဆို ကျွန်တော် အမေကို တောင် အရိပ်အမြွက် မပြောရဲဘူး"

 

"အချိန်ကျရင် လူတိုင်း နားလည်လာကြ မှာ ပါကွယ်" ဟု အမေက စိတ်ကျေနပ်သွားအောင် ပြောပေးရှာသည်။

 

သူတို့ ထွက်သွားသည် နှင့် တံခါးကို သော့ခတ် ပိတ်လိုက်သည်။ ထို့နောက် အခန်း အလယ် တွင် ဒူးထောက် ထိုင်လိုက်ပြီး ဝတ်ပြူ ဆုတောင်း ပြန်သည်။ သားဖြစ်သူ သာမက သူ မိတ်ဆက်ပေး၍ သိလာခဲ့သူ အားလုံး ကို စိတ်ထဲ က မှန်းပြီး အာရုံပြု ဆုတောင်းခြင်း မျိုး ဖြစ်သည်။ စိတ်ထဲတွင်လည်း သူတို့အားလုံးသည် သူ အာရုံ ပြုရာ စင်ပေါ်ရှိ ဆင်းတု‌ တော် များ နှင့် သူမ အကြား ဖြတ်လျောက်သွားနေကြသလို ထင်မြင်လာမိသည်။ သူတို့ အားလုံး ရိုးရိုး ရှင်းရှင်း နှင့် တဦးနှင့် တဦး အံ့ဩဖွယ် နီးကပ်နေကြသော်လည်း ဘဝ တွေကမူ အထီးကျန် ဆန် နေကြသည်။

 

အမေသည် နောက်နေ့ မနက် စောစောမှာပင် မာယာ ကော်ဆူနိုဗာ ဆီ ထွက်လာခဲ့သည်။ မာယာ သည် ဈေးသည်ပီပီ အရင်လိုပင် လူက ပေကျံနေပြီး ပါးစပ်ကလည်း ဟောင်ဖွာ ဟောင်ဖွာ ပြောနေပြန်သည်။ သူမကို တော့ ဂရုဏာ သက်သည့် လေသံ ဖြင့် တရင်း တနှီး ဆီးကြို နှုတ်ဆက်လိုက်သည်။

 

မာယာက အမေ၏ ကျောကို ပွတ်သပ်ပေးရင်းက "ရှင် သောက ရောက်နေသလား၊ အဲ့လို ဖြစ်စရာ မလိုပါဘူးလေ၊ သူ့ကို လာခေါ်သွားကြတာပဲ ရှိတာ၊ ကံဆိုး မိုးမှောင် ကျတာမှ မဟုတ်တာဘဲ၊ အန္ဆရာယ်လည်း မဖြစ်နိုင်ဘူး၊ အမှန်တရားကို ထုတ်ပြောခဲ့တဲ့ လူတွေ ကို ဖမ်းခေါ်ပြီး သူခိုးတွေ ကို ချုပ်ထားတဲ့ မြေအောက် ခန်းထဲ ပစ်ထဲထားတာ။

 

ပါဗယ် ပြောတာ မှားကောင်း မှားနိုင်တယ် ဆိုပေမယ့်သူက အားလုံး အတွက် ရပ်တည်ပေးသွားခဲ့တာ၊ အကုန်လုံး သိတယ်၊ မစိုးရိမ်နဲ့၊ သူတို့ ပါးစပ်ကသာ ထုတ်မပြောရှိရမယ်၊ သူ့ကို မြင်တာ နဲ့ လူကောင်း တယောက်မှန်း သိကြမှာပဲ။

 

ကျမလည်း ရှင်ကို လာတွေ့မလို့၊ အချိန်က မရ ဖြစ်နေတယ်၊ အမြဲလို ချက်ရပြုတ်ရ၊ ဈေးထွက်ရနဲ့ မအားဘူး၊ ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံးကျ သူတောင်းစားလိုပဲ ဘဝ ကို အဆုံးသတ်ရလိမ့်မယ်။ ထင်တာပဲ၊ 

 

ကျွန်မရဲ့ လိုအပ်ချက်တွေက ကျွန်မကို ဒုက္ခပေးနေတာ၊ လုံးဝကို စိတ်ပျက်စရာပဲ။ ဒါတွေက ဒိန်ခဲတစ်တုံးကို ကြွက်တွေ ကိုက်ဖဲ့သလိုပဲ နည်းနည်းချင်း စားသုံးနေကြတာ။ ကျွန်မ ဆယ်ရူဘယ်လောက် ရအောင် မနည်းရုန်းကန် စုဆောင်းလိုက်ရုံရှိသေးတယ်၊ မကြာပါဘူး ကြမ်းပိုးတေလေ ‌တွေ ရောက်လာပြီး ကျွန်မရဲ့ ပိုက်ဆံအားလုံးကို ယူသွားပြန်ရော။ ဟုတ်ပါတယ်။ မိန်းမတစ်ယောက်အနေနဲ့ နေထိုင်ရတာ ခက်ခဲတယ်။ တကယ်ကို ဆိုးရွားတဲ့ အခြေအနေပဲ။ တစ်ယောက်တည်း နေရတာလည်း ခက်တယ်၊ တစ်ယောက်ယောက်နဲ့ နေရတာက ပိုတောင် ခက်ခဲနေပါသေးတယ်။"