စစ်အုပ်စု ၏ ‌အီလက်ထရောနစ် မဲပုံး" အပေါ် ကုလ သတိပေး

by Hla Soewai - Dec 02 2025

ဒီဇင်ဘာလ ကုန်ပိုင်း တွင် ပြုလုပ်မည့် စစ်အုပ်စု ၏ ရွေးကောက်ပွဲ သည် ဖိနှိပ်မှု များ နှင့် မတည်ငြိမ်မှု များသာ နက်ရှိုင်းစွာ ဖြစ်ပေါ်လာလိမ့်မည်ဟု ကုလ သမဂ္ဂ ၏ လူ့အခွင့် အရေး ဆိုင်ရာ အရာရှိများက ပြောဆိုလာကြသည်။

 

ဂျီနီဗာ ရှိ ကုလ လူ့အခွင့်အရေး ရုံး၏ ပြောခွင့်ရ ဂျရယ်မီ လောရင့်စ်က သတင်းထောက်များအား စစ်အုပ်စု၏ ရွေးကောက်ပွဲ သည် ခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများ နှင့် နိုင်ငံရေး အရ ပါဝင်လာမှု ကို အလွန်အကျွံ ဖိနှိပ်ထားသည့် အနေအထား တွင် ပြုလုပ်ခြင်း ဖြစ်သည်ဟု ကုလ ၏ သဘောထားကို ထုတ်ဖေါ် ပြောဆိုလိုက်သည်။

 

"အကျပ်အတည်းမှ တည်ငြိမ်မှုဆီသို့ ဦးတည်သော နိုင်ငံရေး အသွင်ကူးပြောင်းမှုနှင့် ဒီမိုကရေစီနှင့် အရပ်သား အုပ်ချုပ်ရေးကို ပြန်လည် ထူထောင်ရေးတို့အတွက် ဦးဆောင်နိုင်သည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်မည့်အစား၊ ဤလုပ်ငန်းစဉ်သည် တစ်နိုင်ငံလုံး၌ မလုံခြုံမှု၊ ကြောက်ရွံ့မှုနှင့် အမြင်ကွဲပြားမှု တို့ကို ပိုမို နက်ရှိုင်းစွာ အမြစ်တွယ်စေရန် သေချာပေါက် ဦးတည်နေသည် ထင်ရသည်။" ဟု ဆိုသည်။

 

ဘန်ကောက်ရှိ ကုလ သမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ရုံး၏ မြန်မာ အဖွဲ့ ခေါင်းဆောင် ဂျိမ်း ရိုဒ်ဟေဗာ ကလည်း "အရပ်သားပြည်သူများသည် မဲပေးရန်အတွက် စစ်တပ်၏ ဖိအားပေးမှုနှင့် မဲပေးခြင်းကို တားဆီးရန် လက်နက်ကိုင် အတိုက်အခံအဖွဲ့များ၏ ပြင်းထန်သော ကြိုးပမ်းမှုတို့အကြား ပိတ်မိနေသည့် အနေအထား တွင် စစ်အုပ်စု မှ ရွေးကောက်ပွဲများကို အတင်းအကျပ် ဆောင်ရွက်နေခြင်းဖြစ်သည်။" ဟု ပြောခဲ့သည်။

 

ထို့အပြင် ဉာဏ်ရည်တု (AI) နှင့် ဇီဝဆိုင်ရာ မှတ်တမ်း (biometric) ခြေရာခံခြင်းတို့ကို တိုးချဲ့အသုံးပြုလာနေချိန် တွင် အီလက်ထရွန်နစ်စနစ်ဖြင့်သာ မဲပေးရမည် ဆိုသည့် စနစ် သွတ်သွင်းလာမှု အပေါ် စိုးရိမ်ပူပန် စရာ ဖြစ်လာရကြောင်း ထုတ်ဖော်‌ ပြောဆိုခဲ့ပြီး၊ အီလက်ထရောနစ် စောင့်ကြည့် ထောက်လှန်းရေး နည်းပညာဖြင့် လူများ မဲပေးပုံ ကို စောင့်ကြည့်လာနိုင်၍ ၎င်းတို့၏ လုပ်ငန်းစဉ်အပေါ် ယုံကြည်မှုကို ပိုမို ထိခိုက်စေမည့် အန္တရာယ်ရှိကြောင်း သတိပေးခဲ့သည်။

 

မည်သည့် ဖွံ့ဖြိုးပြီး နိုင်ငံကြီး တနိုင်ငံ ကမျှ အဆိုပါ စနစ် ကို ယခုထိ အသုံးပြုကြခြင်း မရှိသေးပေ။ အသုံးပြူခဲ့သည့် နိုင်ငံများကလည်း အလွယ်တကူ ကလိမ်ကကျစ် လုပ်နိုင်၍ ဆက်၍ မသုံးကြတော့။ လေ့လာ၍ ရသလောက် ဘရာဇီး နှင့် အိန္ဒိယ သာ တွင်တွင် ကျယ်ကျယ် သုံးနေသေးသည်။

 

လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ လိုအပ်နေသူ များအားလည်း အတင်းအဓမ္မ နေရပ် ပြန်ခိုင်းပြီး ကြိုတင် မဲပေးခိုင်းနေသည် ဟု ဆိုသည်။

 

ကုလ လူ့အခွင့်အရေး ကောင်စီ ၏ အထူး သံတမန် တွမ် အင်ဒရူးကလည်း စစ်အုပ်စု မှ ၎င်းတို့ဖာသာ သတ်မှတ် ပြဋ္ဌာန်းချက်များ နှင့် လုပ်မည့် ရွေးကောက်ပွဲသည် အကွဲအပြဲများ နှင့် အကြမ်းဖက်မှုများသာ နက်ရှိုင်းလာဖို့ ရှိ၍ နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် ပြတ်ပြတ်သားသား ပယ်ချရမည် ဖြစ်သည်ဟု ပြောခဲ့သည်။

 

မြန်မာပြည်သူများ က ထွက်ပေါ်လာသော ရလဒ်ကို တရားမဝင်ဟု သတ်မှတ်ကြမည် ဖြစ်သော်လည်း ၎င်းတို့ အဓိက ရည်ရွယ်သည်က ပြည်ပအစိုးရများ၏ အသိအမှတ် ပြုခံရဖို့သာ ဖြစ်သည်ဟု ဆိုသည်။

 

၎င်းက အမေရိကန်၏ ယာယီစောင့်ရှောက်ထားမှု အဆင့်အတန်း အား ရုပ်သိမ်းခဲ့မှု အားလည်း ပြင်းထန်စွာ ဝေဖန် ရှုတ်ချခဲ့သည်။

 

ဥရောပ ပါလီမန် ကလည်း စစ်အုပ်စု၏ ရွေးကောက်ပွဲ အား တရားမဝင်ဟု ဆိုကာ ပယ်ချလိုက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်တို့ အား ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။ စစ်အုပ်စု အား နိုင်ငံရေး၊ စီးပွားရေး နှင့် စစ်ရေး အကူအညီ များ ပေးနေသော တရုတ် နှင့် ရုရှားအားလည်း ရှုတ်ချလိုက်ကြသည်။

 

CRPH နှင့် NUG အားလည်း မြန်မာ ပြည်သူများ၏ ဒီမိုကရေစီ ဆန္ဒကို တရားဝင် ကိုယ်စားပြုသည့် အဖွဲ့အစည်း များ အဖြစ် ဆက်လက် ထောက်ခံသွားမည်ဟု လည်း အချက် ၂၄ ချက်ပါ အဆိုအား လည်း တညီတညွတ် တည်း ချမှတ်လိုက်ကြသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!