ပါကစ္စတန် စစ်ထောက်လှမ်းရေး မှ မြန်မာပြည်တွင်း မတည်ငြိမ်မှုများ ဖန်တီးရန် လှုပ်ရှားနေဟု ဆို

by Hla Soewai - Aug 16 2020

နိုင်ငံရေး ပါတီများသည် ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲ ရလဒ်အပေါ် စစ်တပ်မှ မည်သို့မျှ ပြောဆိုနိုင်ခွင့် မရှိသည်ကို သိပါလျှက်နှင့် ၎င်းတို့ အနိုင်မရက မျှတမှု မရှိခြင်းကြောင့်သာ ဖြစ်ပြီး စစ်တပ်မှ ကာကွယ်ပေးရန် ကာချုပ် ဖြစ်သူအား ဝိုင်းဝန်း တောင်းဆိုနေကြမှုသည် အာဏာသိမ်းရန် သွယ်ဝိုက်ပြောဆိုနေကြခြင်းသာ ဖြစ်သည်ဟု ကာချုပ်နှင့် နိုင်ငံရေး ပါတီ ၃၄ ပါတီတွေ့ဆုံပွဲ သို့ တက်ရောက်ခဲ့သူ ယခင် အစိုးရ လက်ထက် လွှတ်တော် အမတ် ဖြစ်ခဲ့သူနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောကြောင်း ဧရာဝတီ သတင်းမှာ ဖေါ်ပြထားပါတယ်။

 

ထို့အတွက် ကာချုပ် မှလည်း မိမိ မလုပ်ရဲသည်မှာ ဘာမျှ မရှိကြောင်း၊ သည်းခံနေခြင်းသာ ဖြစ်ကြောင်း နိုင်ငံရေး ပါတီများလည်း စိတ်ရှည်ကြဖို့ တိုက်တွန်းခဲ့တယ်လို့ အစည်းအဝေးတက်ပြီး ပြန်လာသူ ပြည်သူ့ ရှေ့ဆောင် ပါတီ ခေါင်းဆောင်ကြီး ဖြစ်သူ ဒေါ်သက်သက်ခိုင် မှ ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

 

ယခုလို စစ်တပ်၏ ခေါင်းဆောင်ဖြစ်သူမှ ၎င်း၏ အလုပ်ကို မေ့လျော့ပြီး နိုင်ငံရေး ပါတီများနှင့် လက်ဝါးရိုက်နေချိန်တွင် နာမည်ဆိုး ဖြင့် ကျော်ကြားနေသည့် ပါကစ္စတန် စစ်ထောက်လှန်းရေး Inter-Service Intelligence (ISI) သည် နိုင်ငံတွင်းရှိ ရိုဟင်ဂျာ ဆိုသူ အယောက် ၄၀ ခန့်ကို အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်ရန် လေ့ကျင့်ပေးလျှက် ရှိနေသည်ဟု ဘဲလ်ဂျီယံ အခြေစိုက် တောင်အာရှ ဒီမိုကရက်တစ် ဖိုရမ်မှ သုတေသီ Siegfried O Wolf ရဲ့ သတိပေးချက်ကို ဂျာမန်သတင်းဌာန DW က ဖေါ်ပြလာပါတယ်။

 

ပါကစ္စတန်သည် ဒေသတွင်း မငြိမ်မသက် ဖြစ်ရန် ရည်ရွယ်ပြီး အာဖဂန်နစ္စတန်၊ အိန္ဒိယ နှင့် မြန်မာတို့ တွင် လှုပ်ရှားနိုင်ရေး ရည်ရွယ်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

 

၂၀၁၆ ခုနှစ် အတွင်း ISI မှ လေ့ကျင့်ပေးထားသော ဘင်္ဂလားဒေ့ရှ် အခြေစိုက် ဂျာမက် အာလ် မူဂျာဟီဒင် အဖွဲ့ သည် ဒက္ကားရှိ သံတမန် ရပ်ကွက်အနီး လ္ဘက်ရည်ဆိုင်ကို တိုက်ခိုက်ခဲ့မှုကြောင့် လူ ၂၂ ဦး သေဆုံးသွားခဲ့ပြီး ဖြစ်ပါတယ်။

 

ယခုအခါ ကောက်ဘဇားရှိ ဒုက္ခသည် စခန်းများ သည် ၎င်းတို့ အတွက် လူသစ် စုဆောင်းရန် လွန်စွာ အလားအလာ ကောင်းတဲ့ နေရာ ဖြစ်လာရပါတယ်။ ပင်လယ်ကွေ့ နှင့် မလေးရှား နိုင်ငံများမှ အဆိုပါ လူလေးဆယ်အား လေ့ကျင့်ပေးရန် ဒေါ်လာ ၁၁၇,၀၀၀ ထောက်ပံ့ပေးနေကြောင်း DW သတင်းမှာ ဖေါ်ပြထားပြန်ပါတယ်၊ ထို့အတွက် အိန္ဒိယ ထောက်လှမ်းရေးမှ ဘင်္ဂလားဒေ့ရှ် အစိုးရအား အကြောင်းကြားထားပြီး ဖြစ်သည်ဟု ဆိုပါတယ်။

 

ယခင်က ကွယ်ပျောက်လုနီးပါး ဖြစ်နေတဲ့ အာဆာ အကြမ်းဖက် အဖွဲ့သည် ဒေသအတွင်း ဧပြီလ မှ စတင်ကာ ပြန်လည် တက်ကြွစွာ လှုပ်ရှားနေပြီ ဖြစ်တယ်လို့ မြန်မာ စစ်ဖက်အရာရှိတွေကလည်း ဝန်ခံခဲ့ပြီး ဖြစ်ပါတယ်။ အာဆာ အဖွဲ့သည် ပါကစ္စတန် တာလစ်ဘန် များ ထံမှ လေ့ကျင့်မှု များ ရနေကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ပြီး ယင်းသည် မှန်ကန်ကြောင်း ပါကစ္စတန် တာလစ်ဘန် အဖွဲ့က ဂျာမန် သတင်းဌာနကို အတည်ပြု ပေးခဲ့တယ်လို့ ဆိုပါတယ်။

 

ကောက်ဘဇား ကို လေ့လာ စောင့်ကြည့်နေတဲ့ သံတမန်များကတော့ အာဆာသည် ဂျာမက် အာလ် မူဂျာဟီဒင် အဖွဲ့ နှင့် တွဲကာ AK-47, M-21s, M-22s နှင့် M-16 ရိုင်ဖယ်များ ကိုင်ဆောင်ကာ လေ့ကျင့်လျှက် ရှိနေသည်များကို ဆိုရှယ် မီဒီယာများ တွင် တွေ့လာနေရကြောင်း ပြောလာခဲ့ကြပါတယ်။

 

၎င်းတို့ ကိုင်ဆောင်ထားသော လက်နက်အချို့သည် မြန်မာ နယ်ခြားရဲကင်း များကို ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့စဉ် သိမ်းယူရရှိသွားသော လက်နက်များ ဖြစ်ပုံရတယ်လို့ လည်း ဆိုပါတယ်။

 

သောကြာနေ့တွင် ကာချုပ်မှ မိမိသည် ဘာမဆို လုပ်ရဲကြောင်း ပြောဆိုလိုက်မှုသည် နိုင်ငံတွင်းရှိ မဲဆန္ဒရှင်များ နှင့် ၎င်း၏ လက်ချက်ဖြင့် တဖက်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်သွားရသော ဒုက္ခသည်များကို ထပ်မံ ခြိမ်းခြောက်လိုက်ခြင်းဟု ယူဆ၍ မရနိုင်တော့ပဲ ပါကစ္စတန် ထောက်လှမ်းရေးမှ လေ့ကျင့်ပေးနေသည် ဆိုသော အာဆာ အကြမ်းဖက် အဖွဲ့ကို ရည်ရွယ် ပြောဆိုလိုက်တယ်လို့လည်း ပြောနိုင်ပါတယ်။ သို့သော်လည်း အထက်ပါ သတင်းက ယခုမှပင် ထွက်ပေါ်လာခဲ့တာလည်း ဖြစ်နေပြန်ပါတယ်။

 

(သတင်း အချက်အလက် ကိုးကား - ANI News (India)