ဂျပန် ဝန်ကြီးချုပ် စကား နှင့် အညီ စစ်အင်အား တောင့်တင်းလာမည်လော

by Hla Soewai - Dec 02 2025

ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်က အသစ်စက်စက် ဂျပန် ဖျက်သင်္ဘော JS Chokai သည် အမေရိကန်၏ တိုမာဟော့ခ် ခရုစ် ဒုံးကျည်များ တပ်ဆင်ရန် ကယ်လီဖိုးနီယားသို့ ဆိုက်ကပ်လာခဲ့သည်။ အဆိုပါ ဒုံးကျည်များ ရာနှင့်ချီ ဝယ်ယူရန် စီစဉ်ထားမှု ၏ ပထမ အသုတ်လည်း ဖြစ်သည်။

 

တိုမာဟော့ခ် တာဝေးပစ် ဒုံးကျည်များသည် တရုတ်ပြည်မကြီး နှင့် မြောက်ကိုရီယား အတွင်းပိုင်းအထိ တိုက်ခိုက်နိုင်စွမ်း ရှိနေသည်။ ယင်းသည် ဖွဲ့စည်းပုံ အရ ရွှေပြည်ငြိမ်းချမ်း နိုင်ငံအဖြစ်မှ ခေတ်မီ စစ်အင်အားကြီး နိုင်ငံ အဖြစ် တက်လှမ်းလာသည့် မှတ်တိုင်တခုလည်း ဖြစ်ပေသည်။ ရန်သူ နယ်မြေ အတွင်း ပစ်မှတ်များကို တိုက်ခိုက် နိုင်စွမ်း မရှိစေရ ဟု ကာလကြာမြင့်စွာ တားမြစ်ထားမှု ကို ဆန့်ကျင်လိုက်ခြင်းလည်း ဖြစ်သည်။ 

 

စိတ်မာခက်ထန်သော ဝန်ကြီးချုပ် တာခါအိချိ ဆာနာအဲ သည်သာ သဘောရှိ လုပ်ကိုင်ခွင့် ရမည်ဆိုလျင် ဂျပန်၏ လုံခြုံရေးသည် အလျင်အမြန်ပင် အဆင့်သစ်သို့ ကူးပြောင်းလာမည် ဖြစ်သည်။ ဂျပန် အဖို့က တရုတ် နှင့် မြောက်ကိုရီယား တို့ မှ တိုး၍ ရန်လိုလာမှု များ နှင့် အမေရိကန် အပေါ် ယုံကြည်၍ မရ ဖြစ်လာမှု များကြောင့် စစ်အင်အား တည်ဆောက်လာရခြင်း လည်း ဖြစ်သည်။

 

ထိုသို့ စစ်အင်အား တည်ဆောက်လာမှု သည် တရုတ်တို့နှင့် ဆင်ကာကူ ကျွန်းစု အရေး သူပိုင်ကိုယ်ပိုင် အငြင်းပွားလာခဲ့သည့် လွန်ခဲ့သော ဆယ်စု နှစ်ကတည်းက စတင်လာခဲ့သည်။ ယခု အခါ တွင် မစ္စက် တာခါအိချီ၏ တိုင်ဝမ် ကို ထောက်ခံသွားမည်ဟု ပြောလာသည့် စကားကြောင့် တင်းမာမှု များ အသစ်တဖန် မြင့်တက်လာခဲ့ရသည်။ ဤသည်ကို ကြည့်မည်ဆိုက အာရှ အင်အားကြီး နှစ်နိုင်ငံ အကြား အခြေအနေများ လျင်မြန်စွာ ထိန်းမရ သိမ်းမရ ဖြစ်သွားနိုင်မှု နှင့် အတူ ဂျပန် အဖို့ လုံခြုံမှု မရှိသေးဟု ခံယူလာခဲ့သည်။ 

 

ဂျပန် တို့က မဖြစ်မနေ လုပ်မှ ဖြစ်တော့မည်ဟု တက်သုတ် ရိုက်လာမှု သည် ကွယ်လွန်သူ ဝန်ကြီးချုပ် အာဘေး ရှင်ဇို လက်ထက် ၂၀၁၂-၂၀ အတွင်း စတင်လာခဲ့ခြင်းလည်း ဖြစ်သည်။ အာဘေးသည် ကာကွယ်ရေး အသုံးစရိတ် ကို မြှင့်တင်လာခဲ့ပြီး ဂျပန် လက်နက်ကိုင် တပ်များ အား အင်အား အသုံးပြုခြင်းမှ တားမြစ်ထားသည့် ဥပဒေကို ပြေလျော့သွားအောင် လုပ်လာခဲ့သည်။

 

၎င်းနေရာ ဆက်ခံခဲ့သူ များထဲမှ တဦး ဖြစ်သည့် ကီရှီဒါ ဖူမိယိုသည် ၂၀၂၂ ဒီဇင်ဘာလ တွင် မဟာဗျူဟာ သုံးသပ်ချက် စာတမ်းကို ချပြလာခဲ့သည်။ ထိုစာတမ်းတွင် ဂျပန်သည် လုံခြုံရေး အတွက် မည်မျှ ရင်းနှီးမြုပ်နှံသင့်သည် ဆိုသည်နှင့် မည်သို့သော စစ်ရေး စွမ်းရည် ပိုင်ဆိုင်သင့်သည် တို့ကို သုံးသပ်ထားပြီး စစ်ပြီးခေတ် ပဋိညာဉ်စည်းမျဉ်း များကို ဖယ်ကျဉ်လာခဲ့သည်။

 

ထိုအချိန်မှစ၍ ဂျပန်သည် ခြိမ်း‌ခြောက်မှု များ နှင့် တိုး‌၍ ရင်ဆိုင်လာရသည်။ တရုတ်သည်လက်နက်ကိုင်တပ်အင်အား ကို တိုးချဲ့လာသည်။ ဆင်ကာကူ ကျွန်းစု တဝိုက်တွင်လည်း လှုပ်ရှားလာကြသည်။ မြောက်ကိုရီယားသည် ရုရှား နှင့် စစ်ရေး မဟာမိတ်ပြုထားမှု ကို ပြန်လည် အသက်သွင်းလာခဲ့ပြီး ၎င်းတို့၏ ဒုံးကျည်များ နှင့် နျူကလီယား လက်နက်များကို တိုးချဲ့ထုတ်လုပ်လာခဲ့သည်။

 

ဒေါ်နယ် ထရမ့်သည်လည်း ဂျပန်အား ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ရန် ဖိအားပေးလာခဲ့သည်။ ထို့အတွက် ဂျပန်သည် ပစိဖိတ် ဒေသတွင် ၎င်းတို့အား အကာအကွယ် ပေးပါမည် ဆိုသော အဓိက မဟာမိတ် ဖြစ်သူ အမေရိကန်၏ ကတိကဝတ်များ အပေါ် စိုးရိမ်စိတ်များ တိုးပွားလာခဲ့ရသည်။

 

တာခါအိချီသည် သူမ၏ အာဏာရ လစ်ဘရယ် ဒီမိုကရက်ပါတီ LDP ၏ ညွှန်ပေါင်း အစိုးရ အတွက် ပါတနာ အသစ် အဖြစ် ဂျပန် ဆန်းသစ် ပါတီ ကို စည်းရုံး နိုင်ခဲ့သည်။ ထိုပါတီသည် သူမ ကဲ့သို့ပင် လုံခြုံရေး အတွက် ပြုပြင်ပြောင်းလဲမှု များ လုပ်ရန် စိတ်အား ထက်သန်လျက် ရှိသည်။ တာခါအိချီသည် ပထမဦးစွာ ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်လာခဲ့သည်။

 

လွန်ခဲ့သည့် သုံးနှစ်က ၂၀၂၈ အရောက်တွင် ကာကွယ်ရေး အသုံးစရိတ်သည် GDP ၏ ၂% ရှိလာမည်ဟု ကြေညာထားခဲ့ပြီး ဖြစ်သည်။ ယင်းသည် ကာလကြာမြင့်စွာ ကျင့်သုံးလာသည့် GDP ၏ ၁% သာ ထားခဲ့သည့် စံနှုန်းကို ချိုးဖျက်လိုက်ခြင်းလည်း ဖြစ်သည်။ ဝန်ကြီးချုပ်သည် နွေဦးရာသီရောက်ချိန်၌ ၂ ရာခိုင်နှုန်း ကန့်သတ်ချက် ကို ကျော်လွန်နိုင်ရန်အတွက် အပိုဆောင်းဘတ်ဂျက်ကို အသုံးပြုရန် စီစဉ်နေသည်။ 

 

LDP ၏ မူဝါဒ ရေးရာ အကြီးအကဲ ဖြစ်လာသူ ကိုဘာရာရှီ တာကာယူကီ က ၂% သည် မည်သို့မျှ မလုံလောက်၊ ကာကွယ်ရေး အသုံးစရိတ်သည် ဆက်ပြီး မြင့်မားလာမည်သာ ဖြစ်သည်ဟု ပြောလာခဲ့သည်။

 

ဂျပန်သည် အပိုဆောင်း ဘတ်ဂျက်ကို ကာကွယ်ရေး တပ်ဖွဲ့များ၏ စွမ်းဆောင်ရည် တိုးမြှင့်ရေး အပိုင်းတွင် တိုးချဲ့သုံးစွဲ သွားဖို့ ရှိနေသည်။ ပြည်တွင်းထုတ် တာဝေးပစ် ဒုံးကျည်များကို နိုင်ငံ၏ တောင်ဖက် စွန်း ရှိ ကျုရှူး ကျွန်းတွင် လာမည့် နွေဦး အရောက်တွင် ဖြန့်ကျက် ချထားမည် ဖြစ်သည်။ ဩဂုတ်လတွင် ဂျပန်သည် လေယာဉ်တက်ရန် ပြေးလမ်းအတိုသာ လိုအပ်သည့် အမေရိကန်၏ ထိပ်တန်းတိုက်လေယာဉ် တစ်စင်းဖြစ်သော F-35B ကို စတင်မိတ်ဆက် အသုံးပြုခဲ့သည်။

 

ရုရှားမှ ယူကရိန်း အား စတင်ကျုးကျော် ခဲ့ချိန်မှစ၍ ဂျပန်သည် နိုင်ငံ လုံခြုံရေး ကို ပို၍ အာရုံ စိုက်လာပြီး လက်နက်ခဲယမ်းများ သိုလှောင်လာခဲ့သည်။ ခေတ်သစ် စစ်ပွဲ ကို လျင်မြန်စွာ ပြောင်းလဲ ပေးနိုင်သည့် ဒရုန်းများ၊ ဆိုက်ဘာစစ်ဆင်ရေး များ နှင့် AI နည်းပညာများ နှင့် အမှီ လိုက်နိုင်ဖို့ လိုအပ်လာသည်။ ထရမ့်သည် ဂျပန်မှ ကာကွယ်ရေး အသုံးစရိတ်အား ၂% အထိ တိုးမြှင့်လာသည်ကို မလုံလောက်သေးဟု ယူဆနေဟန် ရှိသည်။

 

တာခါအိချီသည် သီးခြားရပ်တည်သွားနိုင်မည့် အမျိုးသား ထောက်လှန်းရေး အေဂျင်စီ တခုကို ဖွဲ့စည်းချင်နေပြီး နိုဝင်ဘာ ၁၄ ရက်တွင် LDP ကောင်စီ အသစ် နှင့် ဆွေးနွေးခဲ့သည်။

 

ဂျပန်သည် မျိုးဆက်သစ် တိုက်လေယာဉ် အမျိုးအစား များကို ဗြိတိန်၊ အီတလီ တို့နှင့် ပူးတွဲ ထုတ်လုပ်လျက် ရှိနေသည်။

 

နျူကလီယား ပိုင်းတွင် လုံခြုံစိတ်ချရမှု ရှိစေရန် တားမြစ်ချက်များကို ကျော်လွှားရဖို့ ရှိလာသည်။ ဟီရိုရှီမား နှင့် နာဂါစကီ အား အနုမြူ ဗုံးကြဲခံရပြီးကတည်းက နျူကလီယား စွမ်းအင်ကို စစ်ရေး အတွက် အသုံးချရန် ဂျပန်သည် စက်ဆုပ်လာခဲ့သည်။ ဥပဒေကလည်း ငြိမ်းချမ်းရေး အတွက်သာ ရည်ရွယ် အသုံးချရန် ကန့်သတ်ထားခဲ့သည်။

 

သို့သော် မကြာမီက တောင်ကိုရီယားမှ နျူကလီယား စွမ်းအင် သုံး ရေငုပ်သင်္ဘောကို ပိုင်ဆိုင်ရန် အမေရိကန်နှင့် သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့သဖြင့် ဂျပန်ကလည်း အလားတူ‌ ရေငုပ်သင်္ဘောမျိုး ရရန် စိတ်ဝင်စားလာခဲ့သည်။ ၁၉၆၇ တွင် ထိုစဉ်က ဝန်ကြီးချုပ် ဖြစ်သူ ဆာတို အီဆာကူ မှ ဂျပန်သည် မည်သည့်အခါမျှ နျူကလီယား လက်နက်များကို ပိုင်ဆိုင်ခြင်း၊ ထုတ်လုပ်ခြင်း၊ လက်ခံထားရှိခြင်းများ ပြုလုပ်မည် မဟုတ်ဟု ကတိပြုထားခဲ့သည်။ ယခုအခါ တာခါအိချီ က ထိုကတိသုံးရပ်ကို ပြန်လည် သုံးသပ်ဖို့ လိုကောင်း လိုလာမည်ဟု အရိပ်အမြွက် ပြောလာခဲ့သည်။ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ဖို့ အတွက် အခွန်တိုးကောက်ဖို့ လိုမည်ဟုလည်း ပြောလာခဲ့သည်။

 

ဂျပန် အတွက် အကြီးအကျယ် လိုအပ်နေသည်ကား လူအင်အားပင် ဖြစ်သည်။ လက်နက်များ အလျင်အမြန် ထုတ်လုပ်နိုင်ရန် အခြား စက်မှု လုပ်ငန်းများမှ အလုပ်သမား များ ခေါ်ယူရဖို့ ရှိနေသည်။ ဆိုက်ဘာ တပ်ဖွဲ့များ ဖွဲ့စည်းရန် ပုဂ္ဂလိက ပိုင်း မှ ကျွမ်းကျင်သူများလည်း စုဆောင်းရမည် ဖြစ်သည်။

 

ယခုနှစ်တွင် ဂျပန် ကာကွယ်ရေး တပ်ဖွဲ့သည် တပ်သားအင်အား ၂၄၇,၀၀၀ ထားရှိရန် ရည်မှန်းချက်ထားသော်လည်း ပြည့်မီရန် ဆယ်ရာခိုင်နှုန်းခန့် လျော့နည်းနေဆဲ ဖြစ်သည်။ လူမလိုသည့် စနစ်များ နှင့် စွမ်းဆောင်မှု ပြည့်မှီစွာ ဖြင့် ကျစ်ကျစ်လစ်လစ် လုပ်နိုင်မည် ဆိုက လိုအပ်ချက်ကို ကာမိစေနိုင်သည်။ သို့သော် လုံလောက်ပြီ ဆိုသည့် အဆင့်တော့ ရောက်လာမည် မဟုတ်၊ နေထိုင်မှု အဆင့် အတန်း ပို၍ ကောင်းအောင် လုပ်ပေးခြင်းဖြင့် ဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့် နေကြသည်။

 

လက်နက် အသစ်အဆန်းများ တပ်ဆင်ပေးသလို စစ်သင်္ဘောများ တွင် ပို၍ မြန်ဆန်မည့် ဂြိုလ်တု အင်တာနက်များ ရရှိလာမည် ဆိုက ဖြစ်လာနိုင်စရာ ရှိနေသည်။ မကြာမီမှာပင် JS Chokai တွင် တိုမာဟော့ခ် သာမက Netflix ပါ ရလာတော့မည် ဖြစ်သည်။

 

(၂၀၂၅ နိုဝင်ဘာ ၂၀ ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ "How will Japan’s defences evolve under its hawkish new leader?" ဆောင်းပါးမှ ကောက်နှုတ် တင်ပြသည်။)