အင်္ဂလိပ်-မြန်မာ စစ်ပွဲများ (၁၈၂၄-၁၈၈၆)(4)

by Hla Soewai - Dec 02 2025

ဆိုင်းမ် သည် မြန်မာတို့၏ တိုက်ခိုက်လာမည်ကို စိုးရိမ်ခြင်းထက်၊ ပြင်သစ်တို့က မြန်မာတွင် စစ်ရေးအရ အခြေချစခန်း ရယူပြီးနောက် အိန္ဒိယ၏ အရှေ့တောင်ဘက် နယ်စပ်များကို ခြိမ်းခြောက်လာမည်ကို ပို၍ စိုးရိမ်ခဲ့သည်။ အိန္ဓိယ အနောက်မြောက် ဒေသ ကို တိုက်ခိုက်ခံခဲ့ရသည်ကို ကြုံခဲ့ရသော ဗြိတိသျှ တို့ ၏ စိတ်ကို ခြောက်လှန့် ခံနေရသည်က အမှန်ပင် ဖြစ်သည်။

 

ဆိုင်းမ် မြန်မာ ပြည် ခရီးစဉ် အပြီး လေးနှစ် အကြာတွင် နပိုလီယန်သည် အရှေ့ပိုင်းရှိ အီဂျစ် နှင့် ဆီရီယား အထိ ချီတက် တိုက်ခိုက်လာခဲ့သည်။ ယင်းနှင့် အတူ အိန္ဒိယ ရှိ ဗြိတိသျှ အင်ပိုင်ယာကြီးကို အပြီးအပိုင် ဖြိုလှဲပစ်မည်ဟုလည်း ကြုံးဝါးလာခဲ့သည်။ အာရှ သို့ ခေါင်းပေါင်းကြီးပေါင်း ဆင်ကြီးစီး ပြီး လက်တွင်လည်း ကျွန်ုပ် လိုအပ်ချက် နှင့် လျှော်ညီအောင် ရေးသား ပြုစုထားသည့် ကိုရမ် ကို ကိုင်ကာ ချီတက်လာမည်ဟု ဆိုသည်။

 

သို့သော် ၁၇၉၈ တွင် ဖြစ်ပွားခဲ့သော နိုင်းမြစ် တိုက်ပွဲကြီးသည် နပိုလီယန်၏ အိမ်မက်များကို အဆုံးသတ်သွားစေခဲ့သည်။ ၁၈၀၇ တွင် နပိုလီယန် နှင့် ဇာဘုရင် ပထမ အလက်ဇန္ဒား သည် တီလ်ဆစ် မြို့နီမန် မြစ်ပြင် ထဲ ရှိ ဖောင်တခု ပေါ်၌ ထူးထူးခြားခြား တွေ့ဆုံခဲ့ပြီး ယခင် မဟာမိတ်ဖွဲ့ထားသည်များကို လုံးဝ မှောက်လှန် ပစ်နိုင်ခဲ့သည့် တီလ်ဆစ် စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့ကြသည်။

 

အင်္ဂလန် သည် အထိတ်တလန့် ဖြစ်သွားခဲ့သည်။ ထိုကော်စီကာသား လူကြမ်းကြီး၏ စစ်တပ်များသည် ယခုအခါ ရုရှားသို့ ဝင်ရောက်ပြီး ထိုမှတစ်ဆင့် ရှေးယခင် ကျူးကျော်သူများ ကဲ့သို့ ပါရှား နှင့် အာဖဂန်နစ္စတန် ၏ ဖုန်ထူသော လမ်းများအတိုင်း ဆင်းလာကာ ပန်ဂျပ် ဒေသ၏ မြေဩဇာကောင်းသော လွင်ပြင်များကို ဖြတ်ကျော်လျက် အိန္ဒိယသို့ ရုတ်တရက် ကျူးကျော်ဝင်ရောက်လာမည်ကို စိုးရိမ်ခဲ့ မှုများသည် လက်တွေ့ အကောင်အထည် ဖေါ် ဖို့လုံးဝ နီးစပ်လာခဲ့သည်။

 

ထိုအတွေ့အကြုံကြောင့် အိန္ဒိယ အရှေ့ဖက် နယ်ခြားအား မြန်မာ နှင့် ပြင်သစ် တို့ တိုက်ခိုက်မလာနိုင်အောင် စီမံလာခဲ့ကြသည်။ ရခိုင်၊ စစ်တကောင်း၊ အာသံ နှင့် ကချာ ဒေသများသည် လုံခြုံရေး အတွက် အဓိက ကျလာသည်။ အထူးသံတမန် အဖြစ် ဆိုင်းမ် နေရာ ကို ဆက်ခံလာသည့် ဗိုလ်ကြီး ကန်နင်းသည် ၁၈၁၀ တွင် မြန်မာ နှင့် ပတ်သက်၍ ယခင် ဆိုင်းမ်၏ အရိပ်အမြွက် ပြောခဲ့သည်များကို အခြေခံ၍ မြန်မာ နှင့် ပတ်သက်၍ ဗြိတိသျှ တို့ထားရှိရမည့် မူဝါဒ ကို အသေးစိတ် ချပြလာခဲ့သည်။ ၎င်းချပြလာသော မူဝါဒသည် ဝဲလက်စလေ၏ "ချစ်ကြည်စွာ ဆက်ဆံရေး" ဆိုသည် နှင့် တောင် နှင့် မြောက်လို ဖြစ်လာခဲ့သည်။

 

၁၈၁၀ တွင် ရခိုင်ပြည်အား ပြန်လည် နေရာချထားရေး အတွက် ကန်နင်းက သူ၏ အစီရင်ခံစာထဲတွင် ယခုလို ရေးသားလာခဲ့သည်။

 

"အင်အားအနည်းငယ်မျှဖြင့်ပင် ထိုဒေသကို အောင်နိုင်ရန် လုံလောက်ဖွယ်ရှိသည်။ ရခိုင်ပြည်ကို ပိုင်ဆိုင်ခြင်းသည် ဗြိတိသျှအစိုးရအတွက် အတော်အသင့် အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပြီး၊ ၎င်းသည် သဘာဝအားဖြင့်လည်း ဗြိတိသျှပိုင် ဖြစ်ရန် ဖန်တီးထားပုံရပါသည်။ အဘယ်ကြောင့်ဆိုသော် ရခိုင်သည် စစ်တကောင်း မှသည် ငှက်ကြီးဝကျွန်းဆွယ် Cape Negrais အထိ ကျယ်ပြန့်သော မြေပြန့်၏ ဆက်စပ်နယ်မြေဖြစ်ပြီး၊ အရှေ့ဘက်တွင် ရှေးယခင်က ဗမာအင်ပါယာ၏ နယ်နိမိတ်အဖြစ် သတ်မှတ်ခဲ့သော မြင့်မားသည့် တောင်တန်းကြီးဖြင့် ကာရံထားသောကြောင့် ဖြစ်ပါသည်။

 

ဤပြည်နယ်ကို ပိုင်ဆိုင်ခြင်းအားဖြင့် ကော်မိုရင် အငူ မှသည် ငှက်ကြီးဝကျွန်းဆွယ် အထိ ကမ်းရိုးတန်းတစ်လျှောက်လုံးကို ဗြိတိသျှအာဏာစက် အောက်သို့ ရောက်ရှိစေမည်ဖြစ်ပြီး၊ ပြင်သစ် စစ်သင်္ဘောများ ရမ်းဗြဲနှင့် ချေဒတ် (Chedate) ဒေသများသို့ သဘောကျ လာရောက်ခြင်းကို နောက်ဆုံးတွင် ပိတ်ပင်တားဆီးနိုင်မည်ဖြစ်သည်။

 

တစ်ချိန်တည်းမှာပင်၊ ဗြိတိသျှနယ်မြေကို ရခိုင်တောင်တန်းများမှ တဆင့် ထိုးဖောက်ဝင်ရောက်မရနိုင်သော တားဆီးထားခြင်းဖြင့် ဗမာတို့၏ နောင်လာမည့် တိုက်ခိုက်မှုများအားလုံးမှ လုံခြုံစေမည်ဖြစ်သည်။ ဥရောပရန်သူများက ဗမာနိုင်ငံကို ကျွန်ုပ်တို့အား ဆန့်ကျင်တိုက်ခိုက်ရန် အားပေး လှုံ့ဆော်နေသည့် ယခုလို အချိန်မျိုးတွင် ထိုအချက်ကို ထည့်သွင်းစဉ်းစားရန် အရေးပါသည့် အချက်အဖြစ် မှတ်ယူနိုင်ပါသည်။"

 

ဘိုးတော်ဘုရား အနေနှင့်က ဂုဏ်ရောင် ထွန်းပြောင်ခဲ့သော ခမည်းတော် အလောင်းဘုရား တည်ထောင်ခဲ့သော အင်ပိုင်ယာကြီးကို ချဲ့ထွင် နိုင်ရေး ကိုသာ စိတ်အား ထက်သန်နေ၍ ထိုပြည်နယ်များ ကို သိမ်းပိုက်ရန် လိုအပ်သည်ဟု ယူဆလာသည်။ သို့သော်လည်း နှစ် အနည်း ငယ် အကြာအထိ နယ်ခြား ပြဿနာ အား အနည်း နှင့် အများဆိုသလို အေးချမ်းစွာ ဖြေရှင်းလာခဲ့သည်။

 

၁၈၁၁ အရောက်တွင် ရခိုင်အမျိုးသား ချင်း ဗျန် သည် ဗြိတိသျှ ပိုင်နက်မှ တဆင့် ရခိုင်ဒုက္ခသည် ၁၅,၀၀၀ ခန့်ကို စုစည်းကာ နတ်ဖ် မြစ်ကို ဖြတ်ကျော်ဝင်ရောက်လာသည်။ ယခင်က ဖခင် ဖြစ်သူ ပိုင်သည့် နယ်မြေများသာမက ရခိုင် တနယ်လုံးကို သိမ်းယူရန် ရည်ရွယ်လာသည်။ ရခိုင်နေပြည်တော် ကို ဝိုင်းရံလိုက်ပြီး မြန်မာ တို့ လက်နက်ချမည် ဆိုက အသက် ချမ်းသာပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ သို့သော် ရန်ညှိုး ရန်စ များ ရှိနေပြီး ဖြစ်သော ရခိုင်တို့သည် ကတိပေးထားသည့် ကြားမှ မြို့တွင်းသို့ ဒလကြမ်း ဝင်ရောက်၍ မြန်မာတို့ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ခေါင်းပြတ်များကို ဝါးချွန် များ နှင့် ထိုးကာ မြို့တွင်း လှည့်လည် ပြသခဲ့ကြသည်။

 

ဘိုးတော် ဘုရား နှင့် အတိုင်ပင်ခံ မူးကြီးမတ်ကြီးများ အားလုံးက ချင်း ဗျန် နှင့် အဖွဲ့သည် ဗြိတိသျှ တို့ အကူအညီ နှင့် လေ့ကျင့်ပေးမှု မရှိဘဲ ထိုမျှအထိ ဖြစ်မလာနိုင်ဟု ယူဆနေကြသည်။ ကက်ပတိန် ကင်နင်းက သူပုန်သကန်များအား ဗြိတိသျှ ပိုင်နက် အတွင်း ခိုလှုံခွင့် ပေးမည် မဟုတ်ဟု ပြေရာပြေကြောင်း ကတိပေးလာခဲ့သည်။ သို့သော် မြန်မာ တို့က ၎င်း၏ စကား ကို နားမယောင်ဘဲ အလျင်အမြန်ပင် လက်တုန့်ပြန်လာခဲ့ကြသည်။

 

စစ်သည် အပြည့် တင်ဆောင်လာသော လျှင်မြန်စွာ သွားလာနိုင်သည့် စစ်လှေများ ပါဝင်‌သော ရေတပ်ဖွဲ့ နှစ်ဖွဲ့သည် ရခိုင် ကမ်းခြေသို့ ဆိုက်ကပ်လာခဲ့သည်။ ချက်ခြင်းလိုပင် သူပုန်များကို နှိမ်နှင်းခဲ့၍ ချင်း ဗျန် နှင့် ၎င်း၏ အဖွဲ့သည် တောင်တန်းများ ရှိရာသို့ ထွက်ပြေး သွားကြသည်။ ဗြိတိသျှ တို့က ၎င်းတို့အား ခိုလှုံခွင့် မပြုပါဟု ကတိကဝတ် ပေးထားခဲ့သော်လည်း ချင်း ဗျန် နှင့် အဖွဲ့သည် စစ်တကောင်းသို့ ပြန်ရောက်လာကြသည်။

 

ဘုရင်ခံချုပ် လော့ဒ် မင်တိုသည် ထိုအရေး နှင့် ပတ်သက်၍ ၁၈၁၂ ‌ဇန်နဝါရီ ၂၃ တွင် လန်ဒန် သို့ ယခုလို စာရေး အကြောင်းကြားလာခဲ့သည်။ "စစ်တကောင်း ခရိုင်အတွင်းသို့ ချင်း ဗျန်နှင့် အတူ လိုက်ပါလာသော ရခိုင် နွယ်ဖွားများအား ကျွန်ုပ် တို့ နယ်‌ မြေ အတွင်းခိုလှုံခွင့် ပေးဖို့ ဗြိတိသျှ စစ်တပ် ၏ တပ်မှုး အား တောင်းဆိုရန် မြို့အုပ်ကို ညွှန်ကြား ထားပါသည်။" 

 

လွန်စွာ ရှုပ်ထွေးစွာ ရေးသားထားသော်လည်း စာ၏ သက်ရောက်မှု အကျိုးဆက်က ရှင်းလင်းလှပေသည်။

 

ချင်း ဗျန် ၏ တပ်များ မှ အသက်ရှင် ကျန်ရစ်သူ အားလုံးကို ခိုလှုံခွင့် ပေးမည် ဖြစ်သည်။ မြန်မာတို့က ဗြိတိသျှ တို့ဖက်မှ ထိုသို့ ဆုံးဖြတ်မှု အား ၎င်းတို့၏ အကျိုးစီးပွားကို ခြိမ်းခြောက်မှု အဖြစ် ရှုမြင်လာသည်မှာလည်း သဘာဝ ကျပေသည်။ ယခုအခါ ရခိုင် ပြဿနာ မျိုးစေ့သည် ပူပြင်း လောင်မြိုက်လာသော နိုင်ငံရေး ရာသီဥတု တွင် အညှောင့်ထွက်လာနေပြီ ဖြစ်သည်။

 

နောက်ပိုင်းတွင် နှစ်ဖက်စလုံးမှ ရန်လိုသော အပြုအမူ များ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။ မြန်မာ တပ်များက နယ်ခြားကို ဖြတ်ကျော်၍ စစ်တကောင်းသို့ ထပ်မံ ဝင်ရောက်လာခဲ့သော်လည်း ဗြိတိသျှ တို့က စစ်သင်္ဘောကို ရန်ကုန်သို့ စေလွှတ်လိုက်၍ ရပ်တန့်သွားခဲ့သည်၊ ဗြိတိသျှတို့က ၎င်းတို့၏ သံတမန် ဖြစ်သူ ကက်ပတိန် မန်နင်း နှင့် ကုန်သည်ကြီးများ ကို ခေါ်ယူရန် ဟု အကြောင်းပြလာခဲ့သည်။

 

ချင်း ဗျန် သည် ၁၈၁၂ ဇွန်လ အတွင်း ရခိုင်သို့ ဝင်ရောက်တိုက်ခိုက်လာပြန်သည်။ သို့သော် မြန်မာ တပ်များ၏ ချေမှုန်းခံရ၍ စစ်တကောင်းသို့ ထွက်ပြေး ဝင်ရောက်သွားသည်။ ဘုရင်ခံချုပ်က ၎င်းအား ဖမ်းမိလျင် ဆုတော်ငွေ ချီးမြှင့်မည်ဟု ကြေညာခဲ့သော်လည်း မြန်မာတို့ဖက်က ယုံကြည်ခြင်း မရှိပေ။

 

ဗြိတိသျှ တို့ဖက်က မတော်တဆ မှားယွင်း၍ မဟုတ်ဘဲ ယုတ်မာ ကောက်ကျစ်စွာ စီမံလာခြင်း ဖြစ်သည်။ ၎င်းတို့၏ နယ်မြေမှ ရန်လိုသော လုပ်ရပ်များကို စတင်ခွင့်ပြုခြင်းနှင့် တစ်ချိန်တည်းမှာပင် မြန်မာ၏ လက်တုံ့ပြန်မှုကို အထက်စီးမှ သဘောထား ဆက်ဆံလာ ခြင်းတို့ကြောင့် စစ်ပွဲသည် အလွယ်တကူ ဖြစ်ပွားလာနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

 

တကယ်တမ်းတွင် ထိုအချိန်ကတည်းက ဘုရင်ခံချုပ် လော့ဒ် မင်တိုသည် စစ်ပွဲ ဆင်နွှဲရန် စဉ်းစားနေပြီ ဖြစ်သည်။ ၁၈၁၂ မတ်လ ၄ ရက် နေ့စွဲဖြင့် လန်ဒန် ရှိ အရှေ့အိန္ဒိယ ကုမ္ပဏီ အုပ်ချုပ်ရေး ဘုတ် အဖွဲ့သို့ ရေးသားပေးပို့ ခဲ့သည့် စာထဲတွင် မြန်မာ တို့၏ မောက်မာ စော်ကားမှု များကို ၎င်းတို့ သည်းညည်း ခံခဲ့သည်မှာ တော်လောက်ပြီ ဖြစ်ကြောင်း၊ အင်းဝ နန်းတော်အား ဗြိတိသျှ တို့ ၏ အင်အားကြီးမားမှု ကို ပြသ၍ ဆုံးမ ချိန် ရောက်ပြီဟု ပါရှိခဲ့သည်။

 

သို့သော် အချိန်မကျ‌သေးဟု ဆိုကာ ဗြိတိသျှ အစိုးရ က ပယ်ချခဲ့သည်။ မြန်မာ တို့ဖက်မှ ပြဿနာ ကို ဖြေရှင်းရန် ကာလကတ္တားသို့ သံအဖွဲ့စေလွှတ်၍ ချင်းဗျန် ကို လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။ သို့သော် ဗြိတိသျှ တို့က ချက်ခြင်းပင် ငြင်းပယ်လိုက်၍ မြန်မာ သံအဖွဲ့သည် လက်ချည်းဗလာဖြင့် ပြန်လာခဲ့ရသည်။ ချင်း ဗျန် သည်လည်း ဗြိတိသျှ တို့ဖက်မှ ၎င်းအပေါ် ထားရှိသော သဘောထားကို ရိပ်စားမိသွားပြီ ဖြစ်သည်။

 

ချင်းဗျန် သည် အခွင့်ကောင်းယူကာ ရခိုင်ကို သိမ်းပိုက်ရာ၌ ၎င်းအား ထောက်ခံရန်၊ ထောက်ခံမည်ဆို ပါက ရခိုင်ပြည်တွင် ဗြိတိသျှ တို့၏ လက်အောက်ခံ မင်းတစ်ပါး အဖြစ် ခံယူမည်ဟု အဆိုပြုလာသည်။ သို့မဟုတ်ပါက ဗြိတိသျှ တို့အား ၎င်းတို့၏ ရန်သူ ဖြစ်သွားလိမ့်မည်ဟု ဆိုသည်။ သို့သော် ချင်းဗျန် သည် ၎င်း၏ ခြိမ်းခြောက်မှုကို အကောင်အထည်ဖော်ရန် နေမသွားခဲ့ရ ရှာပေ။

 

၁၈၁၄ တွင် ချင်းဗျန် သည် ရခိုင်ကို ထပ်မံ ဝင်ရောက် တိုက်ခိုက်ခဲ့ပြန်သည်။ ဒီတကြိမ်တွင်လည်း မြန်မာတို့၏ ချေမှုန်းခြင်းကို မရှုမလှ ခံခဲ့ရပြီး တပ်ပျက်ကာ တောင်တန်းများ ရှိရာ ထွက်ပြေးရင်း မကြာမီမှာပင် ကွယ်လွန်သွားခဲ့ရသည်။