ချေ ၏ ပြောက်ကျားစစ် လက်စွဲ(16)

by Hla Soewai - Dec 02 2025

ပြောက်ကျားစစ်ကို စတင်သူများ၊ သို့မဟုတ် ပြောက်ကျားစစ်ကို စီမံခန့်ခွဲသူများသည် နေ့စဉ်နှင့်အမျှ လယ်ထွန်ကြောင်းပေါ်တွင် နဖူးက ချွေး ခြေမ ကျသည်အထိ လုပ်ကိုင်ခဲ့ကြသူများ မဟုတ်ကြ။ ၎င်းတို့သည် လယ်သမားများအား လူမှုရေးအရ ပြောင်းလဲ ပေး ရန် လိုအပ်ကြောင်း နားလည်ကြသော်လည်း၊ ခါးသီးသော အတွေ့အကြုံ ကို ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ဖူးခြင်း မရှိသောကြောင့်ပင် ဖြစ်သည်။

 

ကျုးဘား အတွေ့အကြုံကို ကိုးကားပြီး ပြောရမည် ဆိုလျင် လက်နက်ကိုင် တိုက်ပွဲ၏ အခြေခံကျကျ အရေးပါမှု ကို လက်တွေ့ လုပ်ရပ်များ နှင့် လူထု အား သင်ကြားပေးသည့် ခေါင်းဆောင်များ နှင့် လက်နက်ကိုင် ပုန်ကန်မှု ကြောင့် ထွက်ပေါ်လာသော လက်တွေ့ ကျကျ လိုအပ်ချက်များကို ခေါင်းဆောင်များကို ပြန်လည် သင်ကြားပေးသည့် လူထု အကြား အပြန်အလှန် ထိတွေ့မှု အစစ်အမှန် ‌ပေါ်ထွက်လာခြင်းပင် ဖြစ်သည်။ ဤသို့ဖြင့် တော်လှန်ရေး သဘောသဘာဝ ပိုမို ပေါ်လွင်လာပြီး တနိုင်ငံလုံး အတိုင်းအတာ အထိ အကျုံးဝင်လာမည် ဖြစ်သည်။

 

(၂) လက်နက်ကိုင် ပြောက်ကျား တော်လှန်ရေး သမား

 

ပြောက်ကျား တိုက်ခိုက်ရေး သမား တဦး အဖြစ် ခံယူပြီး လှုပ်ရှား ဆောင်ရွက်ဖို့ ဆိုသည်က ယေဘုယျ အားဖြင့် လက်ရှိ ကြုံတွေ့နေရသော အနေအထား နှင့် လိုက်လျောညီ‌ ထွေ နေတတ် အောင် နှင့် ပေးအပ်လာသည့် တာဝန်များကို ကျေပြွန်စွာ ထမ်းရွက် နိုင်အောင် ကာယပိုင်းရော၊ စိတ်ပိုင်းဆိုင်ရာ သာမက ကိုယ်ကျင့် တရား ပိုင်းဆိုသည့် အရည်အသွေး များ ပြည့်စုံ နေဖို့ လိုအပ်နေသည်။

 

ထိုသို့ ပြည့်စုံနေသည့် ပြောက်ကျား တပ်ဖွဲ့ဝင်တဦး အဖို့ မည်သို့ ပြုမူ ရမည်နည်း ဟု မေးစရာ ဖြစ်လာသည်။ ပထမဆုံး အနေဖြင့် ပြောက်ကျား တပ်ဖွဲ့ ဝင်သည် ဒေသခံ ဖြစ်လျင် ပိုကောင်းသည်။ ထိုသို့ဆိုက ၎င်းအား ကူညီ မည့် မိတ်ဆွေ အများအပြား ရှိနေ၍ ဖြစ်သည်။ ပြောက်ကျားစစ် တွင် အရေးပါဆုံး ဖြစ်သည့် နယ်မြေ ကျွမ်းကျင်မှုလည်း ရှိထားပြီး ဖြစ်သည်။ ဒေသတွင်းရှိ ထူးထူးခြားခြား အကြောင်းခြင်းရာ များ အားလည်း သိထားပြီး ဖြစ်၍ အဆင်ပြေစွာ လှုပ်ရှား နိုင်မည်လည်း ဖြစ်သည်။ ထို့အပြင် မိမိလူမျိုးကို ကာကွယ်ခြင်းနှင့် မိမိတို့ မွေးဖွား ကြီးပြင်းရာ ဒေသကို ထိခိုက် နေသည့် လူမှုရေး စနစ်တစ်ခုကို ပြောင်းလဲရန် စိတ်အားထက်သန်မှု အထူး ရှိနေသည် ဆိုသည်က ပြောရန်ပင် မလိုတော့ပေ။

 

ပြောက်ကျား သည် ညတိုက်ခိုက်ရေးသမား တဦး ဖြစ်သည်၊ ထိုသို့ ဖြစ်ရန်လည်း သူ့တွင် အထူး အရည်အသွေး များ ရှိနေဖို့လိုအပ်သည်။ ပြောက်ကျားစစ်သည်သည် ဉာဏ်နီဉာဏ်နက် များရမည် ဖြစ်ပြီး၊ ရန်သူ မရိပ်မိစေဘဲ လွင်ပြင်များ သို့မဟုတ် တောင်များကို ဖြတ်၍ တိုက်ပွဲဝင်ရန် ချီတက်နိုင်ရမည်။ ထို့နောက် ရန်သူ အံ့အားသင့် အောင် အလစ်အငိုက် တိုက်ခိုက် နိုင်သည့်အခွင့်အရေးကို ယူနိုင်ရမည် ဖြစ်သည်။ ထိုအချက်သည် ဤစစ်ပွဲမျိုးတွင် အလွန်အရေးကြီးကြောင်း ထပ်မံ အလေးထား ပြောကြားလိုပါသည်။

 

ထိုသို့ လက်ဦးမှု ယူ တိုက်ခိုက်၍ ရန်သူ များ အထိတ်တလန့် ဖြစ်သွားသည့် အခါ တွင်တော့ ရေကုန်ရေခန်း တိုက်ခိုက်နိုင်ရမည် ဖြစ်သည်။ မိမိတို့ ဖက်တွင် အားနည်းချက် ဟူ၍ အဖြစ်မခံသင့်၊ ရန်သူဖက်မှ အားနည်းချက် တစွန်းတစ ပေါ်လာသည် မှန်သမျှ ကို အခွင့်အရေး အဖြစ် အသုံးချ နိုင်ရမည်။

 

မုန်တိုင်း ဝင်မွှေသလို တိုက်ခိုက်ပြီး မြင်သမျှ ကို ဖျက်ဆီး ပစ်နိုင်ရမည်၊ စစ်ရေးအခြေအနေအရ လိုအပ်မှသာ ချွင်းချက်ပေးရမည်၊ သို့မဟုတ်က မည်သည့် အလျှော့အတင်းမျှ မပေးဘဲ၊ စီရင်ဆုံးဖြတ်သင့်သူများကို စီရင်ပြီး ရန်သူ များအကြား ထိတ်လန့်မှုကို ဖန်တီးကြသည်။ သို့သော်လည်း၊ ၎င်းတို့သည် အကာအကွယ် မဲ့နေသော အကျဉ်းသားများကို ကြင်နာစွာ ဆက်ဆံပြီး သေဆုံးသူများကို လေးစားမှု ပြသရမည်။

 

ဒဏ်ရာ ရ‌နေသော ရန်သူတဦးသည် ယခင်က သေဒဏ် ထိုက်သည့် ပြစ်မှု မျိုး ကျုးလွန်ခဲ့ခြင်း မရှိဟု ဆိုက လေးစားသမှု နှင့် ဆေးဝါး ကုသ စောင့်ရှောက်ပေးရမည်။ ရန်သူ ၏ ဘေးမှ လုံခြုံ စိတ်ချရသော စစ်ဆင်ရေး အခြေစိုက် စခန်း မရှိဟု ဆိုက အကျဉ်းသားများကို ထိန်းသိမ်း မထားသင့်ပေ။ သို့မဟုတ်က အကျဉ်းသား များသည် ‌ဒေသခံ လူထု ကိုသာမက မိမိတို့ အဖွဲ့ကိုပင် အန္တရာယ် ပြုလာနိုင်သည်။ ၎င်းတို့ အနေဖြင့် မိမိတို့ တည်နေရာ ကို သတင်းပေးခြင်း သို့မဟုတ် ရန်သူများ နှင့် ပြန်လည် ပေါင်းစည်း သွားနိုင်ခြင်း တို့ကြောင့် ဖြစ်သည်။ အကျဉ်းသား သည် နာမည်ဆိုး ထွက်နေသည့် ရာဇဝတ်သား မဟုတ်လျင် ဆုံးမဩဝါဒ ပေးပြီး ပြန်လွှတ် ပေးသင့်သည်။

 

ပြောက်ကျား စစ်သည်များသည် အရေးကြုံလာလျင် မိမိအသက်ကို စွန့်လွှတ်ရန် ဝန်မလေးသူများ ဖြစ်သင့်သည်။ တချိန်တည်းမှာပင် သတိကြီးစွာ ထား၍ မလိုအပ်ဘဲ ရန်သူ ပစ်ကွင်းထဲ မရောက်အောင် နေရမည်လည်း ဖြစ်သည်။ မိမိတို့ဖက်မှ အရေးနိမ့်သွားခြင်း၊ ချေမှုန်းခံရခြင်းတို့ မဖြစ်အောင် ဖြစ်နိုင်သမျှ သတိဝိရိယ နှင့် နေသင့်သည်။

 

ထို့ကြောင့်၊ တိုက်ပွဲတိုင်းတွင် ရန်သူ့အင်အားဖြည့်တင်းမှုများ ရောက်ရှိလာနိုင်သည့် နေရာတိုင်းကို စဉ်ဆက်မပြတ် စောင့်ကြည့်ထိန်းသိမ်းထားရန်နှင့် အဝိုင်း ခံရခြင်းမှ ကာကွယ်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် အလွန်အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် အဝိုင်း ခံရခြင်း၏ အကျိုးဆက်များသည် အများအားဖြင့် အကြီးအကျယ် ဆိုးရွားခြင်းမရှိသော်လည်း၊ တိုက်ပွဲ၏ အလားအလာများအပေါ် ယုံကြည်မှု ဆုံးရှုံးစေခြင်းဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာကို ထိခိုက်ပျက်စီးစေသောကြောင့် ဖြစ်သည်။

 

မည်သို့ပင် ဆိုစေ ပြောက်ကျား တိုက်ခိုက်ရေး သမားတဦးသည် မိမိ၏ အန္တရာယ် နှင့် ဖြစ်လာနိုင်ခြေ များကို သေချာစွာ ဆန်းစစ် လေ့လာပြီး နောက် တွင်တော့ ရဲရင့်ပြတ်သားရမည်ဖြစ်ပြီး၊ အခြေအနေများအပေါ် အကောင်းမြင်သော သဘောထားကို အမြဲတမ်းလက်ခံရန် အသင့်ရှိရမည်။ ထို့ပြင် ဆိုးကျိုးများနှင့် ကောင်းကျိုးများကို ဆန်းစစ်ခြင်းဖြင့် အပေါင်းလက္ခဏာ ဆောင်နေပုံ မရသည့် အခါများတွင်ပင် အကောင်းဆုံးရလဒ် ဖြစ်လာနိုင်မည့် အကြောင်းရင်းများကို မြင်တတ်ရမည်။

 

တိုက်ပွဲ များ နှင့် ရန်သူဖက်က လှုပ်ရှားမှု များ အကြားတွင် မိမိ အသက်ရှင်သန် နိုင်ဖို့ အောက်ပါ အချက်များ လိုအပ်သည်။

 

၁။ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်နှင့် တစ်သားတည်းကျအောင် ပေါင်းစည်း နိုင်ရမည်။ ပတ်ဝန်းကျင်ကို မိမိတို့၏ မဟာမိတ် တစ်ခုအဖြစ် သတ်မှတ်ပြီး ဖြစ်နိုင်သမျှ အကျိုးအများဆုံး ယူတတ်ရမည်။

 

၂။ အခြေအနေကို လျင်မြန်စွာ နားလည်နိုင်စွမ်းနှင့် ထိုးထွင်းဉာဏ် ပေါ် မူတည်၍ နည်းဗျူဟာများကို ချက်ချင်း ပြောင်းလဲ နိုင်ရန် ဆောင်ရွက်နိုင်ရမည်။

 

ပြည်သူ့တပ်ဖွဲ့များ၏ ဤသို့ လိုက်လျောညီထွေရှိမှုစွမ်းရည်နှင့် တီထွင်ဉာဏ်များသည်ပင် စစ်လိုလားသူများ၏ အတွက်အချက် များကို ပျက်စီးစေပြီး ၎င်းတို့အား ရပ်တန့် သွားစေနိုင် သောအရာများပင် ဖြစ်သည်။