ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့၏ မှတ်ပုံတင်ခြင်းကို လက်မခံခဲ့မှု နှင့် စပ်လျှင်း၍

by Hla Soewai - Aug 15 2020

ကျင်းပရန် ရှိနေသည့် ၂၀၂၀ ရွေးကောက်ပွဲသည် အဖျက် အမှောင့် လုပ်ရပ်များ များပြားလွန်းလာနေသဖြင့် လုံးဝ အတိမ်းအစောင်း မခံနိုင်အောင်ဖြစ်လာနေပြီ ဖြစ်ပါတယ်။

 

ထို့အတွက် ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင် ယူအီးစီ မှ ပြည်တွင်းရွေးကောက်ပွဲလေ့လာသူများ၏ ကျင့်ဝတ်များ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် အညီ ပြည်တွင်းတွင် လူအင်အား ၂,၉၀၀ ခန့် ရှိသော ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့ People’s Alliance for credible Elections (PACE) အား အဖွဲ့အစည်း အဖြစ် မှတ်ပုံတင်ခြင်း ကို ထောက်ခံပေးရန် ငြင်းဆိုလိုက်တယ်လို့ အေအက်ဖ်ပီ သတင်းများက ဆိုပါတယ်။ အကြောင်းကတော့ ပြည်တွင်း အဖွဲ့အစည်းများ အနေနဲ့ မှတ်ပုံတင်ရန် မရှိမဖြစ်လိုအပ်ချက်တခုမှာ ပြည်ပအဖွဲ့အစည်းများထံ မှ ထောက်ပံ့ကြေးများ လက်ခံရရှိနေတဲ့ အဖွဲ့အစည်းအား ကော်မရှင်မှ လေ့လာစောင့်ကြည့်ရေး အဖွဲ့အဖြစ် တရားဝင် မှတ်ပုံတင်ခြင်းကို လက်မခံနိုင်တဲ့ အတွက် ဖြစ်ပါတယ်။

 

PACE ဒါရိုက်တာက ၎င်းတို့ အဖွဲ့ စောင့်ကြည့်ခြင်း မခံရက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လက်အောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် မည်သို့မျှ ပွင့်လင်း မြင်သာမှု ရှိတော့မည် မဟုတ်ဟု ပြောလာပါတယ်၊ ဒါ့အပြင် ပြည်ပမှ အကူအညီများ လက်ခံရယူခြင်းသည် တရားဝင်ကြောင်းလည်း ဆိုပါတယ်။

 

ထိုကိစ္စအပေါ် ချက်ခြင်း အခွင့်အရေး ယူ တုံ့ပြန်လာတာကတော့ ကြံခိုင်ရေး ပါတီ ပဲ ဖြစ်ပြီး၊ ရွေးကောက်ပွဲသည် ၎င်းတို့ အဖွဲ့ မှစောင့်ကြည့်ခြင်းမရှိက တရားမျှတမှု မရှိမှာ စိုးရိမ်တယ်လို့ ပြောလာပါတယ်။

 

ကျန်တဲ့ မြို့ပြ အဖွဲ့အစည်းတွေကလည်း ယခုလို ပယ်ဖျက်ခြင်းကို ရုပ်သိမ်းပေးဖို့ စာရေး တောင်းဆိုလာခဲ့ပါတယ်။ ထိုအထဲမှ တမ်ပါဒီယာ အင်စတီကျုမှ ခင်ဇော်ဝင်းက PACE မရှိက ရွေးကောက်ပွဲသည် မည်သို့မျှ ယုံကြည်စိတ်ချနိုင်စရာ မရှိတော့ဟု ဆိုလာပါတယ်။

 

ယူအီးစီ ကတော့ ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းများ နှင့် အညီ ပြည်ပက ငွေကြေး အထောက်အပံ့ရယူထားတဲ့ အဖွဲ့အစည်းများကို ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ အဖွဲ့ အဖြစ်မှ မှတ်ပုံတင်ရန် ထောက်ခံခြင်း မပြုနိုင်တဲ့ အတွက် ယခုလို ပြဿနာ ပေါ်လာရခြင်းလည်း ဖြစ်ပါတယ်။

 

ရွေးကောက်ပွဲ ကော်မရှင်ကတော့ ထိုကိစ္စအပေါ် တရားဝင် သဘောထား ထုတ်ပြန်ခဲ့ခြင်း မရှိသေးပါဘူး။

 

နိုင်ငံအများ အပြားရှိ ရွေးကောက်ပွဲ မှန်သမျှ ကို ကွင်းဆင်းလေ့လာ စောင့်ကြည့်နေတဲ့ ယခင် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာရဲ့ Carter Center ၊ အီးယူ ၏ EUEOMS အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများလည်း ဝင်ရောက်လာဖို့ ရှိနေပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ မှာ ယူအီးစီက အတည်ပြုပေးခဲ့တဲ့ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့မှ လူပေါင်း တထောင်ခန့် လာရောက် လေ့လာခဲ့ကြပါတယ်။ သို့သော် ကိုဗစ်-၁၉ ကြောင့် ယခင်ကလောက် လာနိုင်မည် မဟုတ်တဲ့ အတွက် လာရောက်နိုင်သည့် လူများ အတွက် တဦးချင်းစီ၏ ဓါတ်ပုံ နှင့် ထိုးမြဲလက်မှတ်များကို ကြိုတင် တင်သွင်းရန် လိုအပ်နေတဲ့ အခက်အခဲများကို ဖြေလျော့ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အများ ယုံကြည်လက်ခံသည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့များမှ ဥပဒေဆိုင်ရာ အကြံပြုချက်များ နှင့် စပ်လျှင်း၍ International Foundation for Electoral Systems (IFES) အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်လျှက် ရှိနေတယ်လို့လည်း သိရပါတယ်။

 

ယခုအချိန်အထိ တော့ မြန်မာ ရွေးကောက်ပွဲ ရလဒ်သည် ယုံကြည်ရနိုင်စရာ ရှိမရှိ အဓိက နေရာမှနေ၍ ဆုံးဖြတ်ပေးကြမည့် ပြည်ပ လေ့လာစောင့်ကြည့်ရေး အဖွဲ့များကို ပိတ်ပင်ခြင်း မရှိတာ တွေ့ရပါတယ်။ အခြား လွတ်လပ်စွာ ရပ်တည်ပြီး လေ့လာစောင့်ကြည့်ကြမယ့် ပြည်တွင်း အဖွဲ့အစည်း များစွာလည်း ကျန်ရှိနေပါသေးတယ်။

 

မိမိသဘောအရ ဆိုမူ မလိုအပ်ဘဲနှင့် မြန်မာ ဒီမိုကရေစီ လမ်းကြောင်း အတွက် အနှောက်အယှက် ပေးလာနိုင်မည့် ဖြစ်စဉ်များ ကို ဖန်တီးခြင်း မပြုစေလိုပါ။

 

ယခုပင်လျှင် ကာကွယ်ရေး ဦးစီးချူပ်က ပြည်သူ့ ဒီမိုကရေစီ အာဏာ တံတိုင်းကြီး ကို ခေါင်း ဖြင့် တဒိုင်းဒိုင်း ဝင်ဆောင့်ကြမည့် အဖွဲ့အစည်းများအား ခေါ်ယူတွေ့ဆုံပြီး အားပေးစကားပင် ပြောလာနေပြီ ဖြစ်ပါတယ်။

 

ကာကွယ်ရေး ဦးစီးချုပ်၏ သမ္မတ ဖြစ်ရေး မျှော်မှန်းချက် များသည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ၏ မှန်ကန်သော ဦးဆောင်မှုတွင် တနေ့တခြား ကွယ်ပျောက်လာနေပြီလည်း ဖြစ်တဲ့ အတွက် ဖြစ်နိုင်လျှင် ယခုကတည်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား အာဏာမှ ဖယ်ရှားနိုင်ဖို့ ၊ win-win အနေအထား ဖြစ်လာအောင် နိုင်ငံရေး ပါတီအားလုံး ညွှန်ပေါင်း အဖွဲ့ကြီး တခု အနေဖြင့် ရပ်တည် သွားဖို့ ၊ တိုက်တွန်း လိုပုံလည်း ရပါတယ်။ ဤသို့ဖြင့် တပ်မတော်သည် ရွေးကောက်ပွဲတွင် သမာသမတ်ကျကျ ကြားနေမယ် ဆိုတဲ့ သဘောထားကို ဗြောင်ကျကျ စွန့်လွှတ်လိုက်ရတဲ့ အထိ ဖြစ်လာခဲ့ပါတယ်။ ပုံတွင် ကာကွယ်ရေး ဦးစီးချုပ် နဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့ နိုင်ငံရေး ပါတီ ၃၄ ပါတီ၏ အမည်များကို ပြည်သူများ လေ့လာနိုင်ရန် တင်ပြထားပါတယ်။

 

သတင်းကောင်းတရပ်အဖြစ် နောက်အပတ်ထဲတွင် ကျင်းပရန် ရှိနေတဲ့ စတုတ္ထ အကြိမ် ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ အကြို ညှိနှိုင်းဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ နှင့် အစိုးရ အကြား အပြစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ အချက် ခုနှစ်ချက်ကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၀ နောက်ပိုင်း ဆက်လက် အကောင်အထည် ဖေါ်သွားမည့် ပြည်ထောင်စုလုံးဆိုင်ရာ သဘောတူညီချက်တွင် ဖက်ဒရယ် အခြေခံ မူများ ထည့်သွင်းဖို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။

 

ဆွေးနွေးပွဲသို့ တက်ရောက်လာတဲ့ အမျိုးသား ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေး စင်တာ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်ရှိ အနေအထားအရ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် အချိန်ယူ တည်ဆောက်နေရသော်လည်း တဖက်တွင် အမျိုးသား ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေး ကို အကောင်အထည် ဖေါ်လျှက် ရှိကြောင်း ပြောဆိုသွားခဲ့ပါတယ်။

 

မည်သို့ပင် ဆိုစေ မြန်မာပြည်သူ တို့ နှစ်ပေါင်းများစွာ မျှော်မှန်းတောင့်တ ခဲ့တဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကြီး အဓွန့် ရှည် ရေးဆိုသော ပန်းတိုင် ရောက်ရှိရေး အတွက် ယခင်ကထက် ပိုပြီး အားသွန် ကြိုးပမ်းသွားရန် နိုင်ငံသား အားလုံးမှာ တာဝန် ရှိနေပြီ ဖြစ်ပါတယ်။