စစ်အုပ်စု နှင့် ကရင် အမျိုးသား သမဂ္ဂ လက်အောက်ခံ တပ်များ အကြား တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားနေရာ မှ လက်နက်ကြီး များ ထိုင်း ဖက်ခြမ်းသို့ ကျရောက်လာသည်ဟု ထိုင်းစစ်ဖက် မှ အတည်ပြု ခဲ့သည်။
နိုဝင်ဘာ ၂၁ ရက်၊ ည ဆယ့်တစ်နာရီ ခန့်တွင် အမျိုးအမည် မသိရသော လက်နက်ကြီး ကျည် တတောင့် မဲဆောက် ခရိုင် အတွင်း ကျေးရွာတရွာ ရှိ ဟင်းသီး ဟင်းရွက် စိုက်ခင်းထဲ ကျရောက်လာသည်။ ထိခိုက် ဒဏ်ရာ ရမှု မရှိသော်လည်း အိမ် နှင့် ကား တစီး အနည်းငယ် ထိခိုက် ပျက်စီးသွားသည်ဟု သိရသည်။
ထိုင်းဖက်မှ အချုပ်အခြာအာဏာကို ကာကွယ်ရန်နှင့် ပြည်သူများ ဘေးကင်းလုံခြုံရေးကို စိတ်ချရစေရန်အတွက် နှစ်ဖက် ထိတွေ့မှု ဆိုင်ရာ စည်းမျဉ်းများ နှင့်အညီ ထိုင်းစစ်တပ်က ငါးမိနစ် အတွင်း ၁၂၀မမ ဖြင့် နှစ်ဖက် တိုက်ပွဲ များ ဖြစ်ပွား နေသည့် ကြားရှိ ကွင်းပြင် သို့ ချိန်ရွယ် ပြီး သတိပေးပစ်ခတ်ခဲ့သည်ဟု သိရသည်။
ထိုင်းစစ်ဖက်မှ အခြေအနေများကို မျက်ခြေမပြတ် ဆက်လက် စောင့်ကြည့်နေသည်ဟု စထရိတ်တိုင်းမ် သတင်းတွင် ပါရှိခဲ့သည်။
ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖက်တွင်လည်း စစ်အုပ်စု တပ်များ နှင့် ARSA တို့ ပူးပေါင်းပြီး အာရက္ခ တပ်တော်နှင့် တိုက်ပွဲ များ ဖြစ်ပွားနေ၍ နယ်စပ်တလျောက် မိုင်းပေါက်ကွဲမှုများ၊ လမ်းလွဲ ဝင်လာသော ကျည်များ၊ ပင်လယ်ပြင်တွင် ရေလုပ်သားများ အဖမ်းခံရခြင်းများ၊ ကြောက်လန့်တကြား ထွက်ပြေး လာနေသော ရိုဟင်ဂျာများ၊ ဒဏ်ရာရ၍ ဆေးဝါးကုသရန် ရောက်လာသော လက်နက်ကိုင်များ သည် နေ့စဉ် လို ဖြစ်ပွားနေသည်ဟု ဘင်္ဂလားဒေ့ရှ် ဖက်မှ တာဝန်ရှိသူများက ပြောကြောင်းလည်း သတင်းတွင် ပါရှိလာခဲ့သည်။
မြဝတီရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းများ နှင့် ပတ်သက်၍ ရိုက်တာ သတင်းဌာနမှ သတင်းအရင်း အမြစ် နှစ်ခု အား ကိုးကား ဖေါ်ပြရာတွင် စစ်အုပ်စု ဖက်မှ တာဝန်ရှိသူများက BGF နှင့် တွေ့ဆုံပြီး အဆိုပါ ဂိုဏ်းများကို မဖြစ်မနေ ဖြိုခွဲရန် ပြောခဲ့သည်ဟု ဆိုသည်။
အမေရိကန် အဖွဲ့ မှ မိမိတို့ ပိုင်နက် အတွင်း ဝင်ရောက်ပြီး စုံစမ်းစစ်ဆေးမှု များ ပြုလုပ်လာမည့် အရေး ကို အဖြစ်ခံ၍ မဖြစ်ဟု စစ်ဖက် အရာရှိများက BGF ကို ပြောခဲ့သည်။ "မိမိတို့ ပြဿနာ ကို မိမိတို့ ဖာသာ ဖြေရှင်းရမည်" ဟု လည်း ဆိုသည်။
ထိုအမိန့်သည် ၎င်းတို့ဆရာသမား ဖြစ်သူ မင်းအောင်လှိုင် ထံ မှ ညွှန်ကြားချက် ဖြစ်သည်ဟု နိုဝင်ဘာ ၁၆ ရက်နေ့ တွေ့ဆုံရာတွင် အသိပေးခဲ့ခြင်း ဖြစ်သည်။ "အွန်လိုင်း ငွေလိမ်ဂိုဏ်းများ ကြောင့် နိုင်ငံတကာ တွင် တိုင်းပြည်၏ ဂုဏ်သိက္ခာ အကြီးအကျယ် ထိခိုက်ခဲ့သည်" ဟု ဘားအံတွင် စစ်ဖက် အရာရှိ များ နှင့် တွေ့ဆုံရာတွင် ပြောခဲ့သည်။
၎င်းစကား ကို ကြားရသူ အပေါင်း အဖို့ အခုမှ အိပ်ယာ က နိုးလာခြင်းပေလောဟု တွေးနေကြမည်လည်း ဖြစ်သည်။ ထိုစခန်းများ မှ လူများ တဖက် နိုင်ငံသို့ ထွက်ပြေးနေကြ၊ ထွက်ပြေးသူများကို သက်ဆိုင်ရာ နိုင်ငံများမှ လေယာဉ် နှင့် လွှတ်၍ ခေါ်ထုတ်ကြ နှင့် အုတ်အော်သောင်းနင်း ဖြစ်နေကြချိန်တွင် စစ်အုပ်စု ဖက်မှ ၎င်းတို့နှင့် မဆိုင်သည့် အလား တုပ်တုပ်မျှ မလှုပ်ပဲ အမေရိကန် မှ Strike Force ဖွဲ့လိုက်ပြီ ဆိုသော သတင်း ထွက်လာမှ မင်းအောင်လှိုင်သည် ကမျောသောပါး ဖြင့် ရောက်လာပြီး နှိမ်နှင်းရမည်ဟု ပြောလာခြင်းလည်း ဖြစ်သည်။
ရွေးကောက်ပွဲ မတိုင်မီ ပြတ်ပြတ်သားသား နှိမ်နှင်းရမည်ဟုလည်း ပြောကြောင်း အဆိုပါ သတင်းအရစ်အမြစ်များက ပြောသည်။
၎င်း၏ လုပ်ရပ်ကြောင့် အဆိုပါ ရာဇဝတ်ဂိုဏ်းများ နှင့် စစ်ဖက် ပါဝင်ပတ်သက်နေမှု အပေါ် နိုင်ငံတကာမှ သံသယ များ ကြီးထွားလာခြင်းလည်း ဖြစ်ပေသည်။
နိုဝင်ဘာ ၂၁ ရက်တွင်တော့ စစ်အုပ်စု ၏ မီဒီယာများ မှ BGF နှင့် ပူးပေါင်း စစ်ဆင် ရေး တွင်အဆောက်အဦး ပေါင်း ၁၈၀ ကို ဖြိုဖျက်ခဲ့ပြီး၊ နိုင်ငံခြားသား ၁,၀၀၀ ကျော်ကို ထိန်းသိမ်းခဲ့ ကြောင်း၊ ကွန်ပြူတာ အလုံးပေါင်း ၂,၆၅၃ လုံး၊ မိုဘိုင်း ဖုန်း ၂၁,၇၅၀ ကို သိမ်းဆည်းရမိသည်ဟု သတင်းထုတ်ပြန်လာခဲ့သည်။
နိုင်ငံ ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ နှိမ်နှင်းရေး ကမ္ဘာ လုံး ဆိုင်ရာ ပဏမ အစီအစဉ်၏ အကြီးတန်း ကျွမ်းကျင်သူ ဂျေဆင် တာဝါက အမေရိကန်၏ အေဂျင်စီပေါင်းစုံပါဝင်သော 'လိမ်လည်မှုစင်တာ ထိုးစစ်ဆင်အဖွဲ့' (Scam Centre Strike Force) ဖွဲ့စည်းလိုက်ပြီဟု ကြေညာခြင်းသည် အခြေအနေကို လုံးဝပြောင်းလဲပစ်မည့် အရာ (game-changer) ဖြစ် သွားခဲ့ သည်ဟု ပြောကြားခဲ့သည်။
ကမ္ဘာ အင်အားကြီး နှစ်နိုင်ငံစလုံးက တွန်းတွန်း တိုက်တိုက် လုပ်လာ၍ စစ်အုပ်စု နှင့် BGF တို့ အကျပ်ရိုက်သွား ခဲ့ရသည်ဟုလည်း ဆိုသည်။
ယခုအခါ နိုင်ငံတကာ အသိုက်အဝန်း မှ အွန်လိုင်း ငွေလိမ်ဂိုဏ်းများသည် ကမ္ဘာလုံခြုံရေး ကို ခြိမ်းခြောက်လာနေမှု အဖြစ် သဘောထားလာပြီး စုပေါင်း ဖြေရှင်းရန် ကြိုးပမ်းလာနေသည့် အဖြစ်ကို စစ်အုပ်စု မှ တနေ့တခြား ရှင်းလင်းစွာ သဘောပေါက်လာနေသည်ဟုလည်း ပြောခဲ့သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!