ဂေါ်ကီ ၏ အမေ(38)

by Hla Soewai - Nov 24 2025

ဝင်လာသူက ဆမွိုင်လော့ဗ် ဖြစ်သည်။ သူနှင့် အတူ လူ တယောက် ပါလာသည်။ ထိုလူသည် သူ ဝတ်လာသော အပေါ် ကုတ်အင်္ကျီ ရှည်ကြီးကို ကော်လာ ထောင်‌၍ မျက်နှာကို ဖုံးထားသည်။ ဦးထုတ်ကိုလည်း မျက်ခုံးပေါ်ထိ ရောက်အောင် ဆွဲချထားသည်။

 

"အိပ်တာများ အနှောက်အယှက် ပေးသလို ဖြစ်နေပြီလား"ဟု ဆမွိုင်လော့ဗ် က နှုတ်ဆက်စကားပင် မဆိုတော့ပဲ ပြောလိုက်သည်။ သူ ပုံစံက မြင်‌ နေကျ မဟုတ်ဘဲ မျက်နှာက ခပ်မှိုင်မှိုင် နှင့် တစုံတရာ ကို စဉ်းစားနေဟန် ရှိသည်။

 

"ကျမ မအိပ်သေးပါဘူးရှင်" ဟု ပြောရင်း အမေ၏ မျက်လုံးများက တစုံတရာ များ ကြားရမလားဟု မျှော်လင့်ချက် ဖြင့် ကြည့်နေသည်။

 

ဆမွိုင်လော့ဗ် နှင့် ပါလာသူက ဦးထုတ်ကို ချွတ်လိုက်ပြီး အသက်ပြင်းပြင်း ရှုရှိုက်နေရင်းက နှုတ်ဆက်သည့် အနေနှင့် လက်ကို ကမ်းပေးလိုက်သည်။

 

"ကောင်းသော ညချမ်းလေးပါ အဖွား၊ ကျွန်တော့်ကို မမှတ်မိဘူးလား"

 

"အလို ရီဂေါ အီဗန်နိုဗစ်ခ်ျ ပါလား"

 

"ဟုတ်ပါ့ဗျာ၊ ရီဂေါ အီဗန်နိုဗစ်ခ်ျ အစစ်ပါပဲ" ဟု ဆိုကာ သူ၏ ဆံပင်ရှည်ကြီး နှင့် ခေါင်းကို ဦးညွှတ်လိုက်သည်။ မျက်နှာတွင် စေတနာပါသော အပြုံး ကြောင့် သူ၏ မီးခိုးရောင် မျက်လုံးငယ်လေးများတွင် ကြည်လင်ပြီး ချစ်ခင်နှစ်သက်ဟန်ရှိသော အကြည့်များရှိသည်။ လက်ဖက်ရည်နွေးအိုး ကဲ့သို့ ခန္ဓာကိုယ်ဝိုင်းစက်ကာ အရပ်ပု၍ လည်ပင်းတုတ်ပြီး လက်တိုသည်။ သူ၏ မျက်နှာသည် ပါးရိုးမြင့်မားကာ ပြောင်လက်တောက်ပနေသည်။ အသက်ရှူသံ ပြင်းပြင်း နှင့် ရင်ဘတ်မှ လည်း လေချွဲသံများ အသံတိုးတိုး ဖြင့် အဆက်မပြတ် ထွက်ပေါ်နေသည်။

 

"ကဲ..အထဲဝင်ပါ၊ ကျမ အင်္ကျီ ထပ် ဝတ်လိုက်ဦးမယ်"

 

"ကျွန်တော်တို့ ကိစ္စ ရှိလို့ ရောက်လာကြတာပါ" ဟု ဆမွိုင်လော့ဗ်က အမေ အား မျက်လုံး‌ ဒေါင့်ကပ် ကြည့်လိုက်ရင်းက လေးလေးပင်ပင် ပြောလာသည်။

 

ရီဂေါ အီဗန်နိုဗစ်ခ်ျ က အိမ်ထဲ ဝင်လာရင်းက "နီကိုလေး တော့ ဒီနေ့မနက်ပဲ လွတ်လာပြီ၊ အဖွား သူ့ကို သိတယ် မဟုတ်လား"

 

"ဘယ်လောက် ကြာကြာ များ အချုပ်ခံခဲ့ရသလဲ မသိဘူးနော်"

 

"ငါးလ နဲ့ ဆယ့်တရက်၊ ရုရှားလေးကိုလည်း တွေ့ခဲ့ရတယ် ဆိုပဲ၊ အမေကိုလည်း သတိရတယ် ပြောပေးပါတဲ့၊ ပါဗယ်ကလည်း အမေကို မစိုးရိမ်ဖို့ ပြောပါတဲ့၊ ကိုယ့်လမ်း ကိုယ် လျှောက်နေတဲ့ လူတယောက်အဖို့ ထောင်ဆိုတာ အာဏာပိုင် တွေ မွမ်းမံထိန်းသိမ်းထားတဲ့ ခရီးတထောက် နားခိုရာတဲ့၊ ကဲ..အဖွား ကျွန်တော်တို့ လာရင်းကိစ္စ ပြောကြရအောင်၊ မနေ့က လူ ဘယ်နှစ်ယောက် အဖမ်းခံခဲ့ရလဲ ဆို တာ သိလား"

 

"မသိဘူး၊ အခြား လူတွေကော အဖမ်းခံရတယ် ဟုတ်လား"

 

"ပါဗယ်က လေးဆယ့်ကိုးယောက်မြောက်၊ နောက်ထပ် ဆယ်ယောက်လောက် အဖမ်းခံရဖို့ ရှိနေတယ်လို့ ကျွန်တော်တို့ ယူဆထားတယ်၊ ဥပမာ သူ လို လူမျိုးပေါ့" ဟု ရီဂေါ အိုင်ဗင်နိုဗစ်ခ်ျ က လေသံ အေးအေး ဖြင့် ပြောသည်။

 

"ဟုတ်တယ်၊ ကျွန်တော်လည်း ပါမှာပဲ" ဟု ဆမွိုင်လော့ဗ်က မျက်နှာမသာမယာ နှင့် ဝင်ပြောသည်။

 

အမေသည် သား ဖြစ်သူ တယောက်တည်း မဟုတ်၍ တနည်းတော့ စိတ်သက်သာရာ ရသွားသည်။

 

"အဲ့လောက် လူတွေ အများကြီး ဖမ်းထားရင်တော့ ကြာကြာတော့ ထားမယ် မထင်ဘူး" ဟူ ခပ်ရဲရဲ ပြောလိုက်သည်။

 

"အဖွား ပြောတာ အမှန်ဘဲ" ဟု ရီဂေါ အီဗန်နိုဗစ်ခ်ျ က ထောက်ခံလိုက်သည်။ " အခု ရှုပ်ထွေး‌ နေတာကို ဇဝေဇဝါ ဖြစ်အောင် လုပ် ပစ်နိုင်မယ်ဆိုရင် သူတို့ကို လုံးဝ လူရူးလူအတွေလို ဖြစ်အောင် လုပ်နိုင်လိမ့်မယ်။ စာရွက်စာတမ်းတွေ စက်ရုံ ထဲ ခိုးသွင်းနေတာကို ရပ်လိုက်မယ် ဆိုရင် ရဲတွေက အခု ရပ်သွားပြီ ဆိုပြီး ထောင်ထဲက ပါဗယ် နဲ့ သူ့ ရဲဘော်တွေ လက်ချက် ဆိုပြီး ထိုး ချ လာကြလိမ့်မယ်"

 

"အလိုတော် အဲ့လို လုပ်လို့ရမတဲ့ လား" ဟု အမေက အလန့်တကြား ပြောလိုက်သည်။

 

ရီဂေါ အီဗန်နိုဗစ်ခ်ျ က "အဖွား သူတို့ လုပ်မှာက သိတ်ကို ရိုးရှင်း လွန်းတယ်၊ ရဲတွေ ကလည်း တခါတခါ အကျိုးနဲ့ အကြောင်း နဲ့ စဉ်းစားတတ်ကြတယ်၊ အဖွား စဉ်းစား ကြည့် လေ၊ ပါဗယ် အပြင်မှာ ရှိနေတုန်းက စာအုပ်တွေ စာရွက်စာတမ်း တွေ ထွက်လာတယ်၊ မရှိလည်း မရှိရော ဘာစာအုပ်၊ ဘာစာရွက်စာတမ်း မှ ထွက် မလာတော့ဘူး၊ အဲ့တော့ ဒါတွေကို ဖြန့်တဲ့လူက ပါဗယ်လို မတွက်မိဘဲ မနေဘူး၊ အဲ့လို တွက်မိလာရင်တော့ အားလုံးကို အရှင်လတ်လတတ် ဝါးစား ပစ်ကြတော့မယ်၊ စစ်ပုလိပ်ဆိုတဲ့ အကောင်တွေကလည်း လူတယောက်ကို လူ မပီသ အောင် လုပ်ဖို့ အင်မတန် မှ သဘောကျနေတဲ့ လူစားမျိုးတွေ" 

 

"ကျမ သဘောပေါက်ပြီ၊ သဘောပေါက်ပါပြီ"

 

"မကောင်းဆိုးဝါး တွေ လိုပဲ အားလုံး ကို လှောင်ပိတ်ထားတာ" ဟု ဆမွိုင်လော့က မီးဖိုထဲ မှ လှမ်းပြောလိုက်သည်။ "ကျွန်တော်တို့ လုပ်နေကျ အတိုင်း ဆက်လုပ်မှ ကို ဖြစ်မယ်၊ အရေးတော်ပုံ အတွက်တွင် မဟုတ်ဘူး၊ ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေကို ကယ်တင်နိုင်ဖို့ လုပ်ရတော့မယ်"

 

"လုပ်ပေးမယ့် လူ တယောက်မှ မရှိဘူး၊ ကျွန်တော်တို့ လက်ထဲမှာ ပထမ တန်းစား စာစောင်တွေ ရှိနေပြီ၊ ကျွန်တော်ကိုယ်တိုင်ပဲ အဲ့လို ဖြစ်အောင် စီမံခဲ့တာ၊ ပြဿနာက စက်ရုံထဲ ရောက်အောင် ဘယ်လို ပို့ကြမလဲ ဆိုတာပဲ" ရီဟု အီဗန်နိုဗစ်ခ်ျ က ခပ်ပြုံးပြုံး နှင့် ပြောလာသည်။

 

"ဆမွိုင်လော့ဗ်က "အခုဆို စက်ရုံ ဂိတ်ဝကနေ လူတိုင်းကို ရှာနေကြပြီ"

 

အမေသည် သူ့ထံမှ တခု ခု မျှော်လင့်နေမှန်း ရိပ်စားမိလိုက်သည်။ သားဖြစ်သူ အတွက် အကျိုး ရှိမည့် တစုံတရာ လုပ်၍ ရနိုင်သည့် အတွက် ကမန်းကတန်း ပဲ မေးလိုက်သည်။ 

 

"အဲ့တာဆို ကျမတို့ ဘာလုပ်ပေးနိုင်လဲ"

 

တံခါးဝ တွင် ရပ်နေသော ဆမွိုင်လော့ဗ်က "ဈေးရောင်းတဲ့ မာယာ ကောဆူနိုဗာ ကို သိတယ် မဟုတ်လား"

 

"သိတယ်လေ၊ အဲ့တော့.."

 

"သိရင် သူ့ကို ပြောကြည့်၊ ကျွန်တော်တို့ ပစ္စည်း‌ တွေ အထဲကို ခိုးသွင်း ပေးနိုင်လားလို့"

 

"ပိုက်ဆံတော့ ပေးရလိမ့်မယ်" ဟု ရီဂေါ က ဝင်ပြောလိုက်သည်။