အခန်း (၁)
December 26, 1945
Fort Dix, New Jersey
Morning
ဘင်ဂျမင် ဖဲရင်းစ်သည် နောက်ဆုံးတွင် တပ်က ထွက်ခွင့် ရလာခဲ့သည်။ စစ်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီး ဟင်းနရစ်ချ် ဟင်မလား ကိုယ့်ကို ကိုယ် အဆုံးစီရင်သွားခဲ့သည် မှာ လည်း ခုနှစ်လ နီးပါး ရှိလာခဲ့ပြီ ဖြစ်သည်။
ဟားဗတ် တက္ကသိုလ် ကျောင်းဆင်း အသက် နှစ်ဆယ့် ငါးနှစ် အရွယ်ရှိ ဖဲရင်းစ်သည် တပ်က ထွက်ခွင့်ပေးသည့် စာရွက်ကို ကိုင်ရင်း နံနက်ခင်း၏ ဖျော့တော့သော အလင်းရောင် အောက်တွင် တပ်များ အခြေဖြုတ်ရာ စခန်း မှ ထွက်လာခဲ့သည်။ နယူးယောက်သို့ ပြန်ရန် စိတ်အား တက်ကြွလျက် ရှိနေသည်။
ဖဲရင်းစ် သည် အရပ် အားဖြင့် ငါးပေသာ ရှိသော်လည်း စစ်ပွဲကြီး တလျှောက်လုံး တက်ကြွစွာ စစ်မှု ထမ်းခဲ့သူ ဖြစ်သည်။ နော်မန်ဒီ ကမ်းတက် တိုက်ပွဲ ကြီး၊ ထိုမှ တဆင့် ပြင်သစ် နိုင်ငံ တလွှား ထိုးစစ်ကြီး၊ ဘယ်လ်ဂျီယံနှင့် လူဇင်ဘတ်နိုင်ငံ ကြားရှိ အာဒဲန်နက်စ် သစ်တောဒေသ တွင် ဖြစ်ပွားခဲ့သော အလွန်အရေးကြီးသည့် ဗာ့ဂျ် (Bulge) တိုက်ပွဲကြီးများ အားလည်း ကျော်ဖြတ်လာနိုင်ခဲ့သူ ဖြစ်သည်။
အမေရိကန် စစ်တပ်သည် ဥပဒေ ပညာရပ် ဖြင့် ဖဲရင်းစ် သည် ဟားဗတ် တက္ကသိုလ် ကျောင်းတိုက် ထွက် ဖြစ်ကြောင်း သိရှိသွားခဲ့ပြီး နောက် ၁၉၄၅ တွင် ဖဲရင်းစ် အား ၎င်း တာဝန် ထမ်းဆောင် နေသည့် အမြှောက် တပ်မှ ဗိုလ်ချုပ်ကြီး ဂျော့ခ်ျ ပက်တန် ၏ တတိယ တပ်မတော် ဌာနချုပ်သို့ ပြောင်းရွှေ့ ပေးခဲ့သည်။ အဆိုပါ ဌာနချုပ် တွင် စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ဌာန ကို အသစ် ဖွဲ့စည်းလိုက်ခြင်းကြောင့် ဖဲရင်းစ် အား စေလွှတ်လိုက်ခြင်း ဖြစ်သည်။
ဖဲရင်းစ်သည် ၎င်းမကြိုက်လျင် မကြိုက်သလို အထက် လူကြီးများကို အာခံတတ်သူ အဖြစ် သိထားကြသည်။ သို့သော် ၎င်း ၏ ကိုယ်ရေး မှတ်တမ်း ကို ဖတ်ပြသူ အရာရှိအား "ကျွန်တော် ကို အခါအားလျှော်စွာ အမိန့်နာခံတတ်ခြင်း မရှိ ဆိုတဲ့ အချက်ဟာ မှားနေတယ်၊ အခါအားလျှော်စွာ ဆိုတဲ့ နေရာမှာ အမြဲလို လို့ ပြန်ပြင်မှ မှန်လိမ့်မယ်၊ ကျွန်တော် အနေနဲ့ မစဉ်းမစား မိုက်မိုက်မဲမဲ ပေးလာတဲ့ အမိန့်တွေ၊ ဥပဒေ နဲ့ မညီတဲ့ အမိန့်မျိုး လို့ ထင်လာရင် မလိုက်နာခဲ့လို့ဘဲ" ဟု ပြောခဲ့သည်။
ဖဲရင်းစ် တွင် ထိုကဲ့သို့ လွတ်လပ်သည့် စိတ်နေစိတ်ထား ကြောင့်လည်း အခြား မည်သူမျှ မလုပ်ဝံ့သော အလုပ် ကို လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ နယူးယောက် မြို့သား ဖဲရင်းစ်သည် ဂျာမဏီသည် ဟစ်တလာ လက်အောက်မှ လွတ်မြောက်လျှင် လွတ်မြောက်ချင်း ဂျစ်ကား ဘောနက်တွင် ဂျာမန်လို Immer Allein (Always Alone) ဟူသော စာ ကို ဆေးဖြင့် ရေးပြီး ဂျာမဏီရှိ နာဇီ အကျဉ်းစခန်း များကို ဝင်ထွက်သွားလာကာ သက်သေ အထောက်အထား များ စုဆောင်းလာခဲ့သည်။
ဘင်နီ ဖဲရင်းစ်သည် ရိုမေးနီယား ရှိ ထရန့်စ်ဗေနီယား ဒေသ တွင် မွေးဖွားခဲ့သူ ဖြစ်သည်။ အကယ်၍ မိဘ ဖြစ်သူများကသာ ဖဲရင်းစ် တနှစ်သား တွင် အမေရိကန် ပြည်ထောင်စု သို့ ရွှေ့ပြောင်းရန် မဆုံးဖြတ်ခဲ့က ယခုအချိန်တွင် သူသည်လည်း သေမင်းတမန် အကျဉ်း စခန်း တခုခု ထဲ ရောက်နေခြင်း၊ သို့မဟုတ်လည်း အသက်ပျောက်နေခြင်း တခုခု တော့ သေချာပေါက် ဖြစ်နေပေမည်။
ဘင်နီ ဖဲရင်းစ်သည် ကံကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။ ၎င်းတို့ ရောက်ပြီး မကြာမီမှာပင် အမေရိကန်သည် ဂျာမဏီ တွင် ဂျုးများအား အဆမတန် ဖိနှိပ်လာနေမှု များကို မသိချင်ယောင် ဆောင်လာခဲ့ပြီး ၁၉၃၃ မှ ၁၉၄၃ ကြား ဂျုး ၁၉၀,၀၀၀ ကိုသာ ဝင်ရောက်ခွင့် ပြုခဲ့သည်။ယင်းသည် အမေရိကန် တွင် ခိုလှုံခွင့် ရရန် ကြိုးစားနေသော သန်း ပေါင်းများစွာ ရှိနေသည့် ဂျုး စုစုပေါင်း၏ မပြောပလောက်သော အရည်အတွက်သာ ဖြစ်သည်။
ဖဲရင်းစ်သည် တက်ကြွပြီး စိတ်ကူးစိတ်သန်း ကောင်းသူ လည်း ဖြစ်၍ ဂျာမဏီ ရှိ အန္တရာယ် များနေဆဲ ဖြစ်သည့် ကျေးလက်ဒေသများ သို့ တကိုယ်တည်း ကားဖြင့် သွားလာကာ သူ့ကိုယ်သူလည်း အမေရိကန် ကောင်းဘွိုင် ဇာတ်ကားထဲက မျက်နှာဖုံးစွပ် တကိုယ်တော် Lone Ranger ဟု ခံယူလာသည်။
တကယ်တမ်း တွင် ဖဲရင်းစ်သည် Lone Ranger ထက်ပင် ပို၍ စွန့်စားရသော ကမ္ဘာတွင် ပထမဆုံး နာဇီ များကို လိုက်လံရှာဖွေရသည့် မုဆိုးကြီး ဖြစ်လာခဲ့သည်။
***************
ဖဲရင်းစ်က သေမင်းတမန် စခန်းများသို့ ရောက်ခဲ့မှု နှင့် ပတ်သက်ပြီး "မြင်ခဲ့ရသမျှသည် အခြေခံအားဖြင့် တူညီနေကြသည်။ စခန်းတစ်လျှောက် ပြန့်ကျဲ နေသည့်သေဆုံးသူများ၏ အလောင်းများ၊ အရေခွံများ၊ အရိုးပုံများ၊ မီးရှို့ရန် ထင်းပုံများလို စုပုံထားသည့် အလောင်းများ၊ အသက်ရှင်နေသော်လည်း ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက်၊ တိုက်ဖွိုက်၊ တီဘီ၊ အဆုတ်ရောင်နဲ့ အခြားရောဂါတွေ ခံစားနေရပြီး သန်းများ၊ ဂျပိုးများ ပြည့်နှက်နေသည့် နှစ်ထပ်ကုတင်များပေါ် မှ သနားစဖွယ် မျက်လုံးများနှင့် အကူအညီ တောင်းခံနေကြသူများ တွေ့ခဲ့ရသည်" ဟူ၍ ရေးသားခဲ့သည်။ အနည်းငယ်မျှလောက်သာ သူ့အား ကျေးဇူးတင်သည့် အနေဖြင့် အားယူ ပြုံးပြနိုင်ခဲ့ကြသည်ဟု ဆိုသည်။
"ကျွန်တော် စိတ်ထဲမှာ မြင်ခဲ့ရသမျှ ကို လက်ခံလို့ မရအောင် ဖြစ်နေခဲ့တယ်၊ အခုလို မယုံနိုင်စရာ အိမ်မက်ဆိုး တခုလို ခံစားခဲ့ရတာကြောင့်လည်း ကျွန်တော့် အလုပ်ကို ဆက်လုပ်နိုင်အောင် အကာအကွယ် တခု တည်ဆောက်ပေးသလို ဖြစ်လာခဲ့တယ်၊ တကယ်တော့ ငရဲ ဆိုတာ ဒါပဲ နေမှာပဲလို့ အရှင်လတ်လတ် မြင်ခွင့် ရခဲ့တာပါ" ဟု ဆိုသည်။
ဖဲရင်းစ်သည် လေ့ကျင့်ပေးထားသည် စုံစမ်းစစ်ဆေးရေး အရာရှိ မဟုတ်သော်လည်း ၎င်းလုပ်ရမည့် အလုပ် အတွက် ရဲစုံထောက်တယောက်ကဲ့သို့ မျက်စိရှင်ရှင် နားရှင်ရှင် ထားနိုင်မှ ဖြစ်မည်ကို သိထားသည်။ ဂျာမန် တို့၏ သေမင်းတမန် စခန်းထဲ ဝင်ရသည့် အခါတိုင်း ပထမဦးစွာ စခန်း ရုံးခန်းသို့ အရောက်သွားခဲ့ပြီး ဖိုင်တွဲ များကို လှန်လှော ရှာဖွေခဲ့သည်။
ဂျာမန်များသည် မှတ်တမ်းမှတ်ရာများကို စနစ်တကျ ထားရှိ တတ်သည့် အကျင့် ရှိကြသူများ ဖြစ်၍ အကျဉ်းသား တဦးစီ၏ သေဆုံးသည့် အချိန်၊ သေဆုံးရသည့် အကြောင်းရင်းများကို အသေးစိတ် ပြုစုထားကြသည်။ သေဆုံးရသည့် အကြောင်းရင်း အများစုသည် "ထွက်ပြေးရန် ကြိုးစားစဉ် ပစ်ခတ် သေဆုံး" ဟူ၍ ဖြစ်သည်။ အင်္ဂလိပ်လို ပြောလျင် "လူသတ်မှု" သာ ဖြစ်သည်ဟု ဖရန်းစ်က ဆိုသည်။
ဂျာမန် တို့ အသေးစိတ် ပြုစုထားသော ဖိုင်များ ကျေးဇူး ကြောင့် စခန်းသို့ ရထား ဘယ်အချိန်ဆိုက်သည်၊ မည်သည့် နိုင်ငံက ထွက်လာခဲ့သည်၊ အကျဉ်းသား ဘယ်နှစ်ယောက် ပါသည်က အစ သိလာခဲ့ရသည်။ ပထမ တော့ အလုပ် များလှသည်ဟု ထင်သော်လည်း တိုက်ခိုက်ရေး ဖက်တွင် သုံးနှစ်ခန့် နေလာခဲ့ရ၍ ကျေနပ်စရာ ဖြစ်လာခဲ့သည်။ သို့သော် အချိန်ကြာလာသည့် အခါတွင်တော့ ထိတ်လန့်စက်ဆုပ်ဖွယ်ရာ များ တွေ့လာရ၍ လူငယ်ရှေ့နေ တဦး ဖြစ်သည့် ဖရန်စ် အဖို့ အားအင်ကုန်ခန်းလုနီး ဖြစ်လာခဲ့ရသည်။
"နာဇီတို့၏ လူမျိုးပြုန်း အောင် သတ်ဖြတ် နေသည့်စခန်းများထံမှ စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးသူအဖြစ် ရရှိခဲ့သည့် အတွေ့အကြုံများကြောင့် မမေ့နိုင်လောက်အောင် စိတ်ဒဏ်ရာ ရရှိခဲ့သည်" ဟု ရေးသားခဲ့သည်။
ဩစတီယား ရှိ အေးဘန်းဆေး စခန်းသည် သူ့ကို အမြဲလို ခြောက်လှန့်အခံရဆုံး ဖြစ်လာသည်။ ထိုစခန်းသည် နာဇီ တို့ လက်မှ လွတ်မြောက်လာချိန်တွင် အကျဉ်းသားများက ထွက်ပြေးရန် ကြိုးစားနေသော SS အစောင့် ကို ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြသည်။ ၎င်းအား အညိုးတကြီး ဝိုင်းဝန်း ရိုက်နှက်နေကြသည်ကို ကြည့်ပြီး စခန်းမှုး ဖြစ်ရမည်ဟု တွက်ဆလိုက်သည်။ ရိုက်နှက်၍ အားရသွားသည့် အခါ လူအုပ်ကြီးက မီးသင်္ဂြိုလ်စက်ထဲသို့ ထည့်ရန် သုံးသည့် သတ္ထု လင်ပန်းလို အချပ်ကြီး ထဲ ထည့်၍ ကြိုးဖြင့် တုပ်နှောင်လိုက်ကြသည်။ အရှင်လတ်လတ် မီးမြိုက် နိုင်ဖို့ ၎င်း ကို ထည့်ထားသည့် လင်ပန်းချပ်ကြီးကို မီးတိုက် ထဲ ထုတ်လိုက်သွင်းလိုက် လုပ်နေကြသည်။
"ကျွန်တော်က ဘာမှ ဝင်ပြီး ဟန့်တား တာမျိုး မလုပ်ပဲ ရပ်ကြည့်နေခဲ့တယ်၊ ကျွန်တော် တာဝန်လည်း မဟုတ်ဘူး၊ တာဝန် ရှိတယ် ဆိုရင်တောင်မှ ပွင့်ပွင့်လင်းလင်း ပြောရရင် ဝင် တား မှာ မဟုတ်ဘူး" ဟု ဖရန်းစ်က ဆိုသည်။