ပူတင် အတွက် ဒီထက် ရှင်းတာ မရှိတော့

by Hla Soewai - Nov 24 2025

၂၀၂၆ ဇွန်လ ၁၀ ရက်နေ့ ရောက်လာသည်နှင့် ရုရှား-ယူကရိန်းစစ်ပွဲ သည် ပထမ ကမ္ဘာစစ် ထက် ရှည်ကြာသွားပြီဟု ပြော၍ ရတော့မည် ဖြစ်သည်။ ယူကရိန်း တွင် တိုက်ပွဲ များက ရှေ့မတိုး နောက်မဆုတ် ဖြစ်လာနေပြီး ရုရှား ‌ဗိုလ်ချုပ်ကြီးများက မအောင်မြင် နိုင်သည့် ထိုးစစ် တခုပြီး တခု လက်တည့် စမ်းရင်း လူများစွာ ၏ အသက်ကို စတေး ပစ်နေကြသည်။

 

ပထမ ကမ္ဘာစစ် ကကဲ့သို့ ယူကရိန်းသည် လက်နက်ချ မည် မဟုတ်သလို ရုရှားသည်လည်း မည်ကဲ့သို့ အနိုင်တိုက်ရမည်ကို မသိ ဖြစ်လာနေသည်။

 

အာဏာရှင် ဖြစ်စေကာမူ အောင်ပွဲ ရအောင် မတိုက်နိုင်သည့် ‌ခေါင်းဆောင်သည် အန္တရာယ်များ ကို တနေ့တခြား ရင်ဝယ်ပိုက်လာနေခြင်း နှင့် အတူတူ ပင် ဖြစ်သည်။ ပထမ ကမ္ဘာစစ် တွင် ရုရှား၏ ဒုတိယ မြောက် နီကိုလပ်စ် ဇာဘုရင် သည် တန်ဖိုးကြီးကြီး‌ ပေးဆပ်ခဲ့ရသည်။

 

ပူတင် သည် ရုရှား နိုင်ငံသားများ၏ အသက်ကို အဓိပ္ပါယ် မဲ့ စတေး ပစ်နေလေ ၎င်းရင်ဆိုင်ရမည့် အကျပ်အတည်းက ကြီးလာလေလေပင် ဖြစ်သည်။

 

၎င်းအတွက် ပြဿနာ၏ ဇစ်မြစ်သည်ကား ယူကရိန်းအား စစ်မြေပြင်တွင် မည်သို့မျှ အနိုင်ရနိုင်ခြင်း မရှိ ဖြစ်လာနေခြင်းပင်၊ ၂၀၂၅ နွေရာသီတွင် ဆင်နွှဲလာသော တတိယမြောက်နှင့် အကြီးမားဆုံး စစ်ဆင်ရေး သည် ခွက်ခွက်လန်အောင် အရေးနိမ့်သွားခဲ့သည်။ ၎င်းတို့၏ ဗျုဟာ သည်ကား အုပ်စုငယ် လေးများ ဖွဲ့ပြီး သတ်ကွင်းထဲသို့ ထိုးဖေါက် ခိုင်းခဲ့ခြင်းမျိုး ဖြစ်သည်။ အချို့က ထိုးဖေါက်သွား နိုင်ခဲ့သော်လည်း ကျန်လူများက နောက်က မလိုက်နိုင် ဖြစ်လာခဲ့သည်။ ၎င်းတို့ စုစည်း မိသွားသည့် အခါတွင်လည်း ပြုတ်ပြုတ်ပြုန်းအောင် ချေမှုန်းခံခဲ့ရသည်။

 

ကျဆုံးခဲ့ရမှုများက ယခု နှစ်တနှစ်တည်း အောက်တိုဘာလ အထိ ၉၈၄,၀၀၀ မှ ၁,၄၃၈,၀၀၀ ကြား ရှိပြီး ၆၀ ရာနှုန်းအထိ မြင့်တက်လာခဲ့သည်။ ယခုအခါ ကျဆုံးသူအရေအတွက်မှာ ၁၉၀,၀၀၀ မှ ၄၈၀,၀၀၀ ကြားတွင် ရှိနေသည်။ ယူကရိန်း တယောက် အတွက် ရုရှား စစ်သား ငါးဦးနှုန်း ဖြစ်လာနေသည်။ နွေရာသီ သာ ကုန်ဆုံး သွားသော်လည်း ပူတင် စစ်တပ်သည် မြို့ကြီး တမြို့ တလေမျှ သိမ်းယူ နိုင်ခဲ့ခြင်း မရှိ၊ ထိုအတိုင်းဆိုက ၎င်းတို့ ပိုင်ဆိုင် ပါသည်ဟု ကြွေးကြော်ထားသော ပြည်နယ် လေးခု လုံးကို သိမ်းယူ ဖို့က ငါးနှစ်ခန့် အချိန် ယူရဦးမည် ဖြစ်သည်။ ယခုနှုန်း အတိုင်း ဆက်၍ ကျဆုံး နေမည် ဆိုလျင် လေးသန်း နီးပါးအထိ ဖြစ်သွားပေလိမ့်မည်။

 

ထို့အတွက်ကြောင့်လည်း ပူတင်သည် ယူကရိန်း၏ မြို့ကြီးများနှင့် အခြေခံ အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်လာခြင်း ဖြစ်သည်။ ယူကရိန်း ဒေသ အတော်များများ လူနေ၍ မရအောင်နှင့် စိတ်ဓါတ်ရေးရာ ပြိုလဲသွားအောင် ရည်ရွယ်ခဲ့သည်။ ယခုလာမည့် ဆောင်းရာသီ အတွက် လည်း အကြီးအကျယ် ထိခိုက်ပျက်စီးစေရမည် ဟု စကားစ လာသည်။

 

ယူကရိန်းတို့ ကြုံတွေ့နေရသော ဆင်းရဲဒုက္ခကို အရေးမပါသယောင် သဘောမထားသင့်၊ သို့သော် အရပ်သားများကို တိုက်ခိုက်ခြင်းဖြင့် နိုင်ငံတစ်နိုင်ငံကို ပြိုလဲသွားစေသည့် အဖြစ်မှာ ရှားပါးလှသည်ဟု ဆိုရပေမည်။ ရုရှားတို့သည် ညှာတာရကောင်းမှန်း သိသူ များ မဟုတ်ဆိုသည်ကို လူများ က သိထားကြပြီး ဖြစ်သည်။ အရပ်သားများထံ ဒုံးကျည် တစင်းကျလာတိုင်း အကယ်၍ ပူတင်သာ အနိုင်ရသွားပါက မည်မျှအထိ ထိခိုက် ‌ဆုံးရှူံးရတော့မည် ဆိုသည်ကို သိလေလေ ပင် ဖြစ်သည်။

 

ယူကရိန်းသည် ရုရှား အတွင်းပိုင်းအထိ ထိုးဖေါက် တိုက်ခိုက် လာပါက အချို့လူများ စိတ် ပြောင်းလဲကောင်း ပြောင်းလဲလာနိုင်သည်။ စစ်တမ်းများအရ ရုရှား ၇၀ ရာနှုန်းသည် စစ်ပွဲကို ထောက်ခံနေဆဲ ဖြစ်သည်။ ထိုအထဲတွင် ငါးယောက်လျင် တယောက်နှုန်းသာ အခိုင်အမာ ယုံကြည် ထောက်ခံနေသူများ ဖြစ်နိုင်သည်။ ကျန်သူများကတော့ ဖြစ်ပျက်နေသည်များကို သိတ်ထွေထွေထူးထူး စဉ်းစား မနေသူများ ဖြစ်သည်။ ရေနံ နှင့် ပတ်သက်သည့် အခြေခံ အဆောက်အအုံ များ နှင့် လေဆိပ်များကို တိုက်ခိုက်မည် ဆိုက စီးပွားရေး နှေးကွေးသွားပြီး ခြိုးခြံ ချွေတာ ရဖို့ ဖြစ်လာနိုင်သည်။ ရုရှား တို့အားလည်း အမှန်ကို အမှန် အတိုင်း မြင်လာအောင် တည့်မတ်ပေးရာလည်း ရောက်မည်။

 

ဒေါ်နယ် ထရမ့်မှ ၎င်းဖက်အလေးသာလာအောင် လုပ်လာနိုင်သည်ဟုလည်း ပူတင်က မျှော်လင့်နေသည်။ ယူကရိန်းအား ပေးနေ‌သော ထောက်လှန်းရေး နှင့် လေကြောင်းကာကွယ်ရေး စနစ်များ ရုတ်သိမ်းလိုက်မည် ‌ဆိုက ဖြစ်လာနိုင်သည်၊ ထိုသို့ လုပ်မည် ‌ဆိုက ယူကရိန်း တွင် bad peace မျိုးသာ ဖြစ်လာနိုင်သည်။ ထရမ့်သည် ယခုနှစ် အစောပိုင်းက ထိုသို့ လုပ်ရန် ကြိုးစားခဲ့ဖူးသည်။

 

ယခုအခါ ထိုဗျူဟာများက အလုပ် ဖြစ်လာဖွယ် မရှိ၊ ဥရောပ သည် ယူကရိန်း အတွက် အကုန်အကျ ခံနေပြီ ဖြစ်၍ MAGA သမားများ၏ အပြောဖြစ်သော အမေရိကန် သည် အမြတ်ထုတ်ခံနေရသည် ဆိုသော စကားကို ချေဖျက်နိုင်ခဲ့သည်။ ထရမ့်ဖက်ကလည်း ယူကရိန်းကို ဝက်ဝံစာကျွေးလိုက်မည် ဆိုက ၎င်းမျှော်မှန်းနေသော ငြိမ်းချမ်းရေး နိုဘယ် ဆု နှင့် ဝေးသွားနိုင်သည်ဟု ယူဆလာနိုင်သည်။ အောက်တိုဘာလတွင် ရုရှား၏ ရေနံ ကုမ္ပဏီ ကြီး နှစ်ခု ဖြစ်သည့် Lukoil နှင့် Roseneft တို့ကို ပိတ်ဆို့ဒဏ်ခတ်ခဲ့သည်။

 

နောက်ဆုံး ပူတင် ဖက်က မျှော်လင့်လာနိုင်သည်က ဥရောပ၏ စိတ်ဓါတ်များ ယိမ်းယိုင် ပြိုလဲသွားနိုင်သည် ဆိုသော အချက်ပင် ဖြစ်သည်။ ယူကရိန်းဖက်က ဆက်ပြီး တိုက်နိုင်ဖို့က ဖေဖေါ်ဝါရီ လ အထိသာ ငွေ အလုံအလောက် ရှိတော့သည်။ ဥရောပ တွင်လည်း ကရင်မလင် ကို ရန်လုပ်လိုစိတ် မရှိသည့် ပေါ်ပြူလစ် အစိုးရ များ ထွက်ပေါ်လာနေသည်။ ထိုသို့ အကွဲကွဲ အပြားပြား နှင့် အလုပ်ဖြစ်လာနိုင်မည် မဟုတ်သော ဥရောပသည် စစ်ပွဲရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် ယူကရိန်းကို ပြန်လည် ရှင်သန် လာစေရန် လိုအပ်သည့် ရေရှည်ထောက်ပံ့မှုပေးဖို့ ရုန်းကန်ရ ပေ လိမ့်မည်။

 

လက်ရှိ တွင် ဥရောပ လုံခြုံရေး အတွက် ယူကရိန်းသည် သေရေးရှင်ရေး တမျှ အရေးကြီးနေသည်။ ကိဗ် သာ လက်လွှတ်လိုက်ရမည် ဆိုလျင် ပူတင်သည် ဥရောပ တွင် အကြီးမားဆုံး စစ်တပ်ကြီး နှင့် ကြောက်မက်ဖွယ်ရာ လက်နက်များ ထုတ်လုပ်နိုင်သည့် စက်မှု လုပ်ငန်းများ ပိုင်ဆိုင်သွားပေလိမ့်မည်။

 

ဥ‌ ရော ပ သည် ရုရှား ပိုင်ဆိုင်မှု များ သိမ်းယူ မည့်အပြင် ယူကရိန်းအား နှစ်ရှည် ပံ့ပိုးပေးနိုင်မည့် ယုံကြည်ရလောက်သည့် လုပ်ငန်းစဉ်များကို ချမှတ်နေကြပြီ ဖြစ်သည်။ ထိုသို့ ဖြစ်လာလျင် ယူကရိန်း၏ စီးပွားရေးသည် ရုရှားထက် အပုံကြီး သာလွန်သွားတော့မည်ကို ပူတင်က ရိပ်စားမိနေသည်။

 

ရုရှား သမ္မတ က အချိန်သည် ၎င်းဖက်တွင် ရှိနေဆဲဟု ယုံကြည်ကောင်း ယုံကြည်နေနိုင်သည်၊ သို့မဟုတ်ကလည်း ၎င်း အနေဖြင့် ငြိမ်းချမ်းရေးကို ကမ်းလှမ်းထားပြီးသားဟု စိတ်ဖြေ နေနိုင်သည်။ သို့သော် ဗီယက်နမ်၊ အာဖဂန်နစ္စတန်၊ အီရတ် တို့တွင် ခေါင်းဆောင်များသည် တခုခု ဖြစ်လာလေမလား ဟူသော မျှော်လင်ချက်ကို ဆုတ်ကိုင်ထားကြလေ့ ရှိသည်။

 

၂၀၂၆ တွင်လည်း ပူတင်သည် ယူကရိန်းစစ်ပွဲ ကို ဆက်လက် ဆင်နွှဲနေဦးမည်သာ ဖြစ်သည်။ ၎င်း၏ ဗိုလ်ချုပ်များမှ စစ်ပွဲဆင်နွှဲမည့် နည်းလမ်းသစ်တစ်ခုကို ရှာဖွေနိုင်ရန်၊ တစ်ဖက်တွင် ယူကရိန်း၏ စစ်သားအင်အား ကုန်ခန်းသွားရန်၊ ဇယ်လင်စကီး အစိုးရ ပြုတ်ကျသွားရန်၊ သို့မဟုတ်ကလည်း ထရမ့် နှင့် ဥရောပ တို့ စိတ်မရှည် ဖြစ်လာမည် တို့ကို စောင့်ဆိုင်းနေမည် ဖြစ်သည်။

 

ထိုအရာများ တခုမှ ဖြစ်မလာခဲ့လျင်တော့ ပူတင် အဖို့ ကြောက်မက်ဖွယ် ကောင်းသော အကျိုးဆက် များ စုမိဆောင်းမိ ဖြစ်လာပေလိမ့်မည်။ ရုရှားသည် ၎င်း၏ စီးပွားရေး ကို အပေါင် ထား နေရသည်၊ ဖင်လန် နှင့် ဆွီဒင် တို့ကို လည်း နေတိုးသို့ ကမန်းကတန်း ဝင်အောင် လုပ်ခဲ့ပြီး ဖြစ်သည်။ ရုရှားကိုလည်း တရုတ်၏ လက်အောက်ခံ ဖြစ် အောင် လုပ်ခဲ့သည်။ လူငယ်မျိုး ဆက် တခုလုံး ကို ရှင်းပစ်ခဲ့ပြန်သည်။

 

ဘာအတွက် လုပ်ခဲ့တာလဲ၊ ရုရှားတို့၏ ပါးစပ်ဖျား သို့ ထိုကဲ့သို့ အမေး ရောက်လာပါက ကမ္ဘာကြီးသည် အန္တရာယ် အသစ် တမျိုး နှင့် ရင်ဆိုင်လာရတော့မည် ဖြစ်သည်။ ဤသည်က ပူတင်သည် ပြည်ပ တွင် အရှုံးကို လက်ခံပြီး ပြည်တွင်း တွင် အကြမ်းဖက် အုပ်ချုပ်လာနိုင်သည်၊ သို့မဟုတ်ကလည်း ပြည်တွင်းရော ပြည်ပတွင်ပါ အရှိန်မြှင့်ပြီး အကြမ်းဖက်လာနိုင်ပေသည်။

 

(၂၀၂၅ နိုဝင်ဘာ ၁၂ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ Vladimir Putin has no plan for winning in Ukraine ဆောင်းပါးကို ပြန်လည် တင်ပြသည်။)