သို့သော် လူ့အခွင့် အရေး ချိုးဖောက်နေမှု များ ကြောင့် တော့ မဟုတ်၊ တကမ္ဘာလုံး သူ့ထက်ငါ မရမက အလိုရှိ နေသည့် မြေရှား သတ္တုများ ကြောင့်ပင် ဖြစ်သည်။
ယခု အခါ တရုတ်သည် အဆိုပါ သတ္ထုများ ပိုင်ဆိုင်မှု တွင် ထိပ်ဆုံးမှ ရှိနေဆဲ ဖြစ်သည်။ အဓိက အား ဖြင့် ကချင်ပြည်နယ် အတွင်း ဘီဂျင်း၏ ခြေရာလက်ရာများက နက်ရှိုင်းစွာ ရှိနေသော ကြောင့်လည်း ဖြစ်သည်။
သို့သော် သတင်း အစီရင်ခံစာများအရ ထရမ့်၏ တတိယ မျက်လုံးသည် မြန်မာ၏ မြေရှားသတ္ထုများကို စိုက်ကြည့်နေပြီ ဟု ယူရေးရှား ရီဗြူးတွင် ရေးသားထားသည်။ အမေရိကန် တို့က မြန်မာ လမ်းကြောင်းသည် ၎င်းတို့ နိုင်ငံ လုံခြုံရေးကို အားဖြည့် ပေးနိုင်စရာ အဖြစ် ရှူမြင်လာကြသည်။
ထရမ့်၏ ကုန်သွယ်ရေး စစ်ပွဲ သည် ကမ္ဘာတဝှမ်း အာရုံစိုက်နေရသည့် သတင်းကြီး ဖြစ်လာနေသည်။ တရုတ် နှင့် အမေရိကန် တို့ ၏ ကုန်သွယ်ခွန် စစ်ပွဲသည် အပြန်အလှန် နားလည် နိုင်မှု ရသည် အထိ ဖြေရှင်း ရန် ဆိုကာ နိုဝင်ဘာလ အလယ်အထိ ရပ်ဆိုင်းထားရန် သဘောတူထားကြသည်။ သို့သော်လည်း အမေရိကန် တို့ မြန်မာ၏ မြေသား သတ္ထု များ ရှိရာသို့ ဝင်ရောက်လာမည် ဆိုက ပြိုင်ဆိုင်မှုများ ပို၍ ပြင်းထန်လာတော့မည် ဖြစ်သည်။
တရုတ်သည် ကမ္ဘာတွင် ဆူပါပါဝါ အဖြစ် ရပ်တည် နိုင်ရန် ရှေ့တွင် မားမားကြီး ရှိနေသည့် အမေရိကန်ကို ကျော်တက်နိုင်ရန် အပြင်းအထန် ယှဉ်ပြိုင်လျက် ရှိသည်။ ထိုသို့ အနေအထား တွင် မြန်မာသည် ၎င်းတို့ ယှဉ်ပြိုင်မှု၏ စစ်မျက်နှာ အသစ် ဖြစ်လာပုံရသည်။ လက်ရှိတွင် နှစ်နိုင်ငံစလုံး စီးပွားရေးအရ ပြိုင်ဆိုင်နေသည့် အတွက် ဝယ်ယူ သုံးစွဲ သူများ အတွက် ဈေးနှုန်း အသင့် အတင့်ဖြင့် ရရှိနိုင်နေသည်။
လက်ရှိတွင် မြေရှား သတ္ထု အများဆုံး ရရှိနေသည့် နိုင်ငံ ငါးနိုင်ငံ ရှိနေသည်။ မက်ထရစ် တန်ချိန် အားဖြင့် တရုတ်တွင် ၄၄၊ ဘရာဇီး တွင် ၂၁၊ အိန္ဒိယ တွင် ၆.၉၊ ဩစတေးလျှ တွင် ၅.၇၊ ရုရှားတွင် ၃.၈ ရှိနေသည်။ အမေရိကန်သည် ၂၀၂၄ တွင် ဒုတိယ အများ ဆုံး ထုတ်လုပ်သူ ဖြစ် သော်လည်း ၁.၈ တန်သာ ရှိနေသေးသည်။ တရုတ်သည် ထိုနှစ် အတွင်း မြေရှား သတ္ထု အောက်ဆိုဒ် ၂၇၀,၀၀၀ တန် ထုတ်လုပ်ခဲ့သည်။ ထိုပမာဏ သည် ကမ္ဘာစုစုပေါင်း ထုတ်လုပ်ခဲ့မှု၏ သုံးပုံ နှစ်ပုံ ကျော် ရှိနေသည်။
နယူးယောက်တိုင်း အဆိုအရ တရုတ်မှ ပြည်ပသို့ တင်ပို့ခဲ့မှု တွင် တီဘီယမ် နှင့် ဒစ်စပရိုစီယမ် သတ္တုများ အမြောက်အမြား ပါလာ၍ ကချင်မြေမှ တရုတ်ပြည်သို့ အမြောက်အမြား တင်ပို့ ခဲ့သည်မှာ ထင်ရှားလာသည်။ ကချင်ပြည်နယ် အပါအဝင် မြန်မာဖက်မှ ၂၀၂၄ အတွင်း တရုတ်သို့ ၃၄,၄၈၄ တန် တင်ပို့ခဲ့သည်။ ဤသို့ဖြင့် မြေရှားသတ္ထု နှင့် ပတ်သက်၍ မြန်မာ သည် လူသိများလာပြီး အမေရိကန် အဖို့ တရုတ် နှင့် ယှဉ်ပြိုင်စရာ အကွက်အကွင်း ဖြစ်လာနေသည်။
တရုတ်သည် မြန်မာရှိ ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများ တွင် သယံဇာတ အရင်းအမြစ်များ ထုတ်လုပ်နိုင်ရန် နှင့် နယ်ခြား ဒေသ လုံခြုံရန် အတွက် ခြိမ်းခြောက် အကျပ်ကိုင်သည့် သံတမန် နည်းလမ်းများ ဖြင့် လှုပ်ရှားလျက် ရှိနေသည်။ တရုတ်သည် စစ်အုပ်စု အား စစ်ရေး အကူအညီများ ပေးနေပြီး ကေအိုင်အေ အားလည်း ဖိအားပေးနေသည်၊ အပစ်အခတ် ရပ်စဲရေး အတွက်လည်း ဖြန်ဖြေပေးရန် ကမ်းလှမ်းလာသည်။
အမေရိကန် အစိုးရ အဆက်ဆက်သည် မြန်မာ ပြည်တွင် ဒီမိုကရေစီ ရရှိရေး အတွက်သာ စိတ်ဝင်စား နေခဲ့သည်။ ထိုမှတဆင့် မြန်မာ အား တရုတ်ဖက်သို့ လုံးဝဥသုံ ရောက်မသွားရေး ဟန့်တားရန် အတွက်လည်း ဖြစ်သည်။ လက်ရှိ ထရမ့် အစိုးရ သည် စစ်အုပ်စု နှင့် ကေအိုင်အေ နှစ်ဖက်စလုံး ထံမှ မြေရှားသတ္ထုများ ရရှိရေး နည်းလမ်းများ အဆိုပြုလာသည်ကို လက်ခံရရှိထားသည်ဟု ခိုင်လုံသော သတင်းရပ်ကွက် များက ဆိုသည်။
(လတ်တလော တွင် အမေရိကန်သည် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ နှင့် ပတ်သက်၍ ဝက်အူ ကျပ်လာပြီ ဖြစ်၍ ပူးပေါင်းဆောင်ရွက်လာစရာ အကြောင်း မရှိပေ။)
ထရမ့်သည် မြန်မာ မှ ရှားပါး သတ္ထုများ ရရှိလိုပါက အိန္ဒိယ နှင့် ပိုမို နီးကပ်စွာ ပူးပေါင်းရဖို့ ရှိနေသည်။အမေရိကန် အတွက် ကချင်ပြည်နယ်မှ ထုတ်ယူ နိုင်ရန် အနီးဆုံး နှင့် စိတ်အချရဆုံးသည် အိန္ဒိယ ရှိ အာသံပြည်နယ် ဖက်မှ ဖြစ်သည်။
ယခုအချိန်အထိ အမေရိကန်ဖက်မှ သဘောထားကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ထရမ့်သည် ရှားပါး မြေသား သတ္ထုများ အတွက် တရုတ်ကို မှီခိုနေတော့မည် မဟုတ်ဟု ပြောခဲ့ပြီး ဖြစ်သည်။
ထရမ့် အစိုးရ မည်သို့မည်ပုံ ဆက်လုပ်မည်ကိုသာ စောင့်ကြည့်ရဖို့ ရှိနေသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!